ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ မေလ ၂၃ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၄၃၁) ဦးအနက် (၃၉၅) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်သူ့လွှတ်တော် ကော်မတီများတွင် ကော်မတီအဖွဲ့ဝင် အစားထိုးလဲလှယ် ဖွဲ့စည်းခြင်း ကို အတည်ပြုချက်ရယူခြင်း
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင်အဖွဲ့ဝင် ဗိုလ်မှူးကြီးနေဝင်း (အစား) ဗိုလ်မှူးချုပ်ရဲနိုင်မျိုးအား လည်းကောင်း၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီတွင်အဖွဲ့ဝင် ဗိုလ်မှူးချုပ်ရဲနိုင်မျိုး(အစား) ဗိုလ်မှူးချုပ် ကျော်စန်းလင်းအား လည်းကောင်း၊ ပညာရေးမြှင့်တင်မှုကော်မတီတွင် ဗိုလ်မှူးချုပ်စိုးမြင့် (အစား) ဗိုလ်မှူးချုပ်နေဝင်းအား လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးကြီးကြည်ရွှေ (အစား) ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေအား လည်းကောင်း၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင်အဖွဲ့ဝင် ဗိုလ်မှူးချုပ်တင်စိုး (အစား) ဗိုလ်မှူးချုပ်နိုင်ဝင်းအား လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်အဖွဲ့ဝင် ဗိုလ်မှူးချုပ် သန်းအောင်(အစား) ဗိုလ်မှူးကြီးခင်မောင်ထွန်းအား လည်းကောင်း အစားထိုးလဲလှယ် ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုသည်။
(ခ) ကြယ်ပွင့်ပြမေးခွန်း (၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးမျိုးဇော်ဦး၊ လယ်ဝေးမဲဆန္ဒနယ် မှ မေးမြန်းသော လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံရေလှောင်ကန်ကြီးကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော် က လက်ရှိအခြေအနေအရ ဆင်အုံကန်မှာ သဲနုန်းပို့ချမှု အတော် အသင့်ရှိပြီး မိုးစပါး၊ နွေစပါးစိုက်ပျိုးရေကို ချောင်းမငယ်ရေလှောင်တမံမှ လိုအပ်သည့် အချိန်တွင် လိုအပ်သည့်ပမာဏအတိုင်း ရေဖြည့်သွင်းပေးနိုင်ပြီး ဌာနအနေဖြင့် အခြားမဖြစ်မနေဆောင်ရွက်ရန် လိုအပ်နေသည့် လုပ်ငန်းများစွာကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆင်အုံကန်သဲနုန်းတူးဖော်ခြင်း လုပ်ငန်းအား လက်တလောအနေဖြင့် ဆောင်ရွက်ရန် လိုအပ်မှုမရှိသေးပါကြောင်း နှင့် နောင်ရေရှည် တည်တံ့ရေးအတွက် သဲနုန်းပို့ချမှုအားသိရှိနိုင်ရန် လိုအပ်သည့် စူးစမ်းလေ့လာ တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ကာ အချက်အလက်များ အပေါ်မူတည်၍ ယခုပွင့်လင်းရာသီမှစပြီး သုံးသပ်စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဒေါ်ရွှေပုံ၊ ပဲခူးမဲဆန္ဒနယ်မှ မေးမြန်းသော ကာလပေါက်ဈေးနှင့် မကိုက်ညီပဲ ပုဂ္ဂလိကသို့ BOT စနစ်ဖြင့် ငှားရမ်းထားသော နိုင်ငံတော်ပိုင် အဆောက်အဦနှင့် မြေနေရာများကြောင့် ပြည်သူ့ဘဏ္ဍာထိခိုက်နစ်နာနေရခြင်းအား မည်ကဲ့သို့ အရေးယူမည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က (၂) နှစ် တစ်ကြိမ် သုံးသပ်ချက်ဖြင့် ငှားရမ်းခနှုန်းထားကို တိုးမြှင့်သတ်မှတ်နိုင်ရေးကို စာချုပ်နှင့် အညီ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အငှားချထားခံရသူက မူလအငှားစာချုပ် တွင် မပါဝင်သည့် အခြားလုပ်ငန်း ပြောင်းလဲလုပ်ဆောင်ရန် တင်ပြလာမှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် စိစစ်သုံးသပ်ခြင်းနှင့် ဆက်စပ်ဌာနများက အကြံပြုချက်များကို ရယူခြင်းများဆောင်ရွက်ပြီး ပြောင်းလဲလုပ်ဆောင်ရန် တင်ပြလာသော လုပ်ငန်းအပေါ် မူတည်ပြီး အဖွဲ့စနစ်ဖြင့် စိစစ်သုံးသပ်ခြင်း လုပ်ငန်းများနှင့် ငှားရမ်းခ အခကြေးငွေကို ကာလပေါက်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပြီး နှုန်းထားပြောင်းလဲခြင်းကို လိုအပ်ပါက တည်ဆဲလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ အထက်အဖွဲ့အစည်းအဆင့်ဆင့်ကို တင်ပြပြီး စာချုပ်ပြင်ဆင် ချုပ်ဆိုခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၃) ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်မှ မေးမြန်းသော လယ်ယာမြေ၊ မိမိလက်ရှိ ပိုင်ဆိုင်မြေတွင် မွေးမြူရေးလုပ်ငန်း၊ အုတ်လုပ်ငန်းများကို တရားမဝင်လုပ်ကိုင် နေရမှုများအား တရားဝင်လုပ်ကိုင်နိုင်ရန်အတွက် လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်များကို သတ်မှတ်ကာလအတွင်း ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က လယ်ယာမြေပေါ်တွင် တရားမဝင်လုပ်ကိုင်လျက် ရှိသော လုပ်ငန်းများအနေဖြင့် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့်အညီ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားသွားရန် လိုအပ်ပါကြောင်းနှင့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာမှုများကိုလည်း ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အနေနှင့်လည်း လစဉ်အစည်းအဝေးများခေါ်ယူပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးစတီဖန်၊ ကျိုင်းတုံမဲဆန္ဒနယ်မှ မေးမြန်းသော ကျိုင်းတုံမြို့ ရေပေးဝေရေး လုပ်ငန်း အသစ်တစ်ခု ထပ်မံဆောင်ရွက်နေမှုတွင် လိုအပ်လျက်ရှိသော ရန်ပုံငွေကို ပြည်ထောင်စုရန်ပုံငွေမှ ကူညီဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်းသစ်တစ်ခုဖြစ်သော Intake Tank တည်ဆောက်ခြင်းနှင့် ကွီနန့်ကိုင်ချောင်း ရေထွက်မှ (၈)မိုင် ရေလှောင်ကန်သို့ 8'' GI ပိုက်လိုင်းသွယ်တန်းခြင်းတို့အတွက် စုစုပေါင်းခန့်မှန်း ကုန်ကျငွေ (၅၄၈၈.၁) သိန်း ကုန်ကျမှာဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း(၅၀၀)ကို ထောက်ပံ့ခဲ့ပြီးဖြစ်၍ 8'' GI ပိုက်များ ဝယ်ယူစုဆောင်း သွားမည်ဖြစ်ပြီး ကျန်ရှိသည့် လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျပ်(၄၉၈၈)သိန်း ကုန်ကျမည်ဖြစ်၍ ရှမ်းပြည်နယ်အစိုးရ သဘာဝဘေးကြိုတင် ကာကွယ်ရေး ရန်ပုံငွေမှ ယခုနှစ်တွင် ကျပ်သိန်း(၂၀၀၀) ထပ်မံခွဲဝေပေးထားပြီး ထပ်မံလိုအပ်ငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ မေးမြန်းသော သံဖြူဇရပ်မြို့နယ်အတွင်း ဆုတ်ယုတ်လာသော ပင်လယ်ငါးဖမ်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်ချက်များကို ပံ့ပိုးမြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ကျိုက္ခမီငါးဖမ်းစက် လှေများဆိုက်ကပ် ရာ ကျားဆိပ်ချောင်းကို ပြန်လည်တူးဖော်ပေးရန်နှင့် ဆိပ်ခံတံတား (Jetty) တည်ဆောက်ရေးတို့အတွက် ကွင်းဆင်းတိုင်းတာပြီး လိုအပ်သည့် အစီအမံများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် စက်လှေများ လွန်းတင်ရန် နေရာကို တရားဝင် ချမှတ်ပေးရန်အတွက် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး နည်းဥပဒေ ပုဒ်မ ၇၃ နှင့်အညီ မွန်ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန (ဒေသ-၈)ကို လျှောက်ထားရမှာဖြစ်ပြီး လျှောက်ထားမှုအပေါ်မှာ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးဇာနည်မင်း၊ ရွှေကူမဲဆန္ဒနယ်မှ မေးမြန်းသော ရွှေကူမြို့နယ်၊ စီသောင်ကျေးရွာ အနီးတွင် တည်ဆောက်လျက်ရှိသော ပေါင်းနက်ရေလှောင်ဆည်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အပြီးသတ်သော်လည်းကောင်း၊ ဘဏ္ဍာခွဲဝေမှုအပေါ် မူတည်၍ နှစ်အလိုက်စဉ်ဆက်မပြတ် အပြီးသတ်သော်လည်းကောင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပေါင်းနက်ရေလှောင် တမံစီမံကိန်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်သောရန်ပုံငွေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ တင်ပြတောင်းခံသွားရန် လျာထားဆောင်ရွက်ပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ စီမံကိန်းလုပ်ငန်းများကို ပြီးဆုံးသည်အထိ အကောင် အထည်ဖော်နိုင်ရန် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသော လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ဖို့ အတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုနှင့်အညီ မြေပြင်အခြေအနေမှာ လက်တွေ့ တည်ရှိနေသော အနေအထားပေါ် ပြန်လည် သုံးသပ်၍ နှစ်ကာလအလိုက် ပိုင်းခြားပြီး တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(ဂ) အဆို (၁) ခုတင်သွင်းခြင်း
တိုင်းပြည်စီးပွားတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ဘဝ မြင့်မားတိုးတက်စေရေး နှင့် စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံအဝန်း စိုက်ပျိုးရေး နည်းပညာပေးသင်တန်းများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ် က တင်သွင်းပြီး ဦးမြတ်လေးဦး၊ ထီးလင်းမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၄.၅.၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် အစီရင်ခံစာတင်သွင်းခြင်း
(၁) အမျိုးသားလွှတ်တော်ကပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်) ကို လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးပြီး ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာတင်သွင်းသည်။ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၅.၅.၂၀၁၈ ရက် (သောကြာနေ့) ညနေ(၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
(င) ဥပဒေကြမ်း (၁)ခု တင်သွင်းခြင်းနှင့် ထောက်ခံခြင်း
ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းပြီး ဦးအောင်ကျော်ဇံ၊ ပေါက်တော မဲဆန္ဒနယ်က ထောက်ခံဆွေးနွေးခဲ့ပြီး ဥပဒေကြမ်းအား မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြတ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိမ်းတို့က လာရောက်ဆွေးနွေးခဲ့သည်။ လွှတ်တော်တွင် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူဦးရေ များသည့်အတွက် လက်ခံဆွေးနွေးရန် မရှိကြောင်း ကြေညာသည်။
(စ) ဥပဒေကြမ်းတစ်ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းသည့် တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၃။ အစည်းအဝေးကို နေ့လယ်(၁၃)နာရီ (၃၅) မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပမည့်ရက်ကို ၂၅.၅.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
