ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၁.၅.၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ မေလ၂၁ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ  ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်   (၄၃၁) ဦးအနက် (၃၈၉) ဦးတက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ သက်တမ်းတိုးမြှင့်ခြင်း ကို လွှတ်တော်သို့ အသိပေးတင်ပြခြင်း

          ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီ၏ သက်တမ်းကို ၁၉-၅-၂၀၁၈ ရက်နေ့မှစ၍ နောက်ထပ်တစ်နှစ်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာပါသည်။

(ခ)            ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ မေးမြန်းသော ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အမည်စာရင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြန်လည်ပေးပို့လာသည့် အမည်စာရင်းတွင် အဖွဲ့ဝင်(၂)ဦး အမည် စာရင်းလွဲမှားနေသဖြင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် က သက်ဆိုင်ရာမြို့နယ်ကတင်ပြသည့်စာရင်းကို မပြင်ဆင်ရလို့ ဥပဒေပြဋ္ဌာန်းချက် မရှိပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီသာ ဖွဲ့စည်းခဲ့ခြင်းဖြစ် သည့်အတွက် ယင်းဖွဲ့စည်းမှုသည် လွဲမှားခြင်းတစ်စုံတစ်ရာ မရှိပါကြောင်းနှင့် ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၂)    ဦးယန်ကျင်းကန်၊ ကွမ်းလုံမဲဆန္ဒနယ်မှ မေးမြန်းသော ကွမ်းလုံမြို့နယ် နမ့်ကျွမ်း၊ ဝေါချုံးဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မည်သည့်သတ်မှတ်ချက်စံနှုန်းများဖြင့် လျာထားဆောင်ရွက်နေသည်နှင့် ၎င်းဒေသရှိ ကျေးရွာချင်းဆက်လမ်းများအား နှစ်အလိုက် မည်သို့လျာထားဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို လျာထားခွင့်ပြုရာတွင် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်၊ သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ဒေသဦးစီးအဖွဲ့ တို့၏ တင်ပြချက်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထု၏ တင်ပြချက်၊ ဒေသ၏နယ်မြေအကျယ်အဝန်း၊ လူဦးရေသိပ်သည်းဆ၊ ဆင်းရဲ နွမ်းပါးမှုရာခိုင်နှုန်း၊ ဝေးလံခေါင်းပါးမှုအနေအထား၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းမှုတို့အပေါ်မှာ မူတည်၍နှစ်အလိုက်ရန်ပုံငွေလျာထားပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၃)    ဦးအောင်ကျော်ဦး၊ မိုင်းတုံမဲဆန္ဒနယ်မှ မေးမြန်းသော တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အကြား ကားလမ်းမကြီးတွင်ဆိုးရွားစွာ ပျက်စီးလျက်ရှိသော လမ်းပိုင်းများအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က အဆိုပါလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး  ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ညှိနှိုင်းထားပြီး တာချီလိတ်-မိုင်းဆတ်(၆၀/၄) မိုင် အား ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် ထိန်းသိမ်းဆောင်ရွက်နိုင် ရေးအတွက် ၁၇-၅-၂၀၁၈ ရက်နေ့မှာ ကျင်းပပြုလုပ်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေး(၁/၂၀၁၈)မှာ ထည့်သွင်း ဆွေးနွေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

        (၄)    ဦးဝမ်းလှ၊ နန်းယွန်းမဲဆန္ဒနယ်မှ မေးမြန်းသော နန်းယွန်းမြို့နယ်၊ ပန်ဆောင် မြို့ပေါ် ပြည်သူလူထုများ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိနိုင်ရန် ဆောင်ရွက်ပေးမည့် အစီအမံများနှင့်စပ်လျဉ်းပြီး သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ (၁၂) လ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေလျာထားချက်မှာ အဆိုပြုထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့က စိစစ်ထောက်ခံတင်ပြလာမည်ဆိုလျှင်လည်း နောက်နှစ်တွေမှာ ရန်ပုံငွေ ဆက်လက် အဆိုပြုထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

   (၅) ဦးဇုံးတိန့်၊ ချီဖွေမဲဆန္ဒနယ်မှ မေးမြန်းသော ဆင်းရဲနွမ်းပါးမှု မြင့်မားနေသည့် မြို့နယ်ဒေသများတွင် ဘက်စုံလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာစေရန် ငြိမ်းချမ်းရေးအသွင်သဏ္ဌာန်ဖော်ဆောင်သည့်ဒေသအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ မှ သီးသန့်အထူးရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နောင်အနာဂတ်တွင်လည်း ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကို နှစ်အလိုက် စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသဖြင့် သီးသန့်အထူးရန်ပုံငွေအနေဖြင့် ဆောင်ရွက်ပေးသွား ရန်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

        (၆)    ဦးစိုင်းကျော်မိုး၊ မိုင်းပန်မဲဆန္ဒနယ်မှ  မေးမြန်းသော နယ်စပ်ရေးရာဝန်ကြီးဌာနမှ မိုင်းပန်-နောင်လေ-မိုက်ပုတ်(ပန်ပိ) လမ်း(၃၆)မိုင်မှကျန်မြေသားလမ်း (၂၁)မိုင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စိစစ် ထောက်ခံတင်ပြလာမည်ဆိုလျှင် ဘဏ္ဍာရေးနှစ်အလိုက်၊ ဦးစားပေးအလိုက်အဆိုပြု ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှာ လျာထားဆောင်ရွက်ပေးပါမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

              (ဂ)    အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က တင်သွင်းသည့် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ပြီးသည့် မူလဥပဒေများကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် အကောင်အထည်ဖော်ကျင့်သုံးကြရမည့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများမှ တစ်ဆင့်ခံဥပဒေဖြစ်သည့် နည်းဥပဒေများကို အချိန်နှင့် တစ်ပြေးညီ ရေးဆွဲထုတ်ပြန် ကျင့်သုံးပေးပါရန် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့  တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၈)ဦးမှ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

          ၃။       အစည်းအဝေးကို နံနက်(၁၁)နာရီ (၅၀)မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၂၃.၅.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့)နံနက် ၁၀ နာရီတွင် လျာထားပါသည်။