ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ( ၃၂ )ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၂)ရက်မြောက်နေ့ကို၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၂)ဦးအနက် ( ၄၀၈ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးအေးဝင်း၊ အင်္ဂပူမဲဆန္ဒနယ်မှ မေးမြန်းသော အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသတွင် နယ်မြေမီးသတ်စခန်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကွင်းကောက်နယ်မြေမီးသတ်စခန်းဆောက်လုပ်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံထားရှိပြီး ခွင့်ပြုမိန့်ရရှိပါက မီးသတ်အဆောက်အဦတစ်လုံး ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦအတွက် လတ်တလောဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်မှ မေးမြန်းသော ကျေးရွာများတွင် နေထိုင်သော ပြည်သူ များ၏ ခြံမြေများကို ဂရန်မြေများအဖြစ် ဖော်ထုတ်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက လက်ရှိအခြေအနေများအရ ကျေးရွာအားလုံးအတွက် ဆောင်ရွက်ပေးရန် မရှိသေးပါကြောင်းနှင့် ကျေးရွာခြံမြေကွက်များကို တစ်ဦးချင်းမြေငှားဂရန် လျှောက် ထားတင်ပြလာမည်ဆိုပါက လိုအပ်သောအထောက်အထား ပြည့်စုံမှန်ကန်မှုအပေါ် မူတည်ပြီး ကိုက်ညီမှုရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျေးရွာဂရန်မြေများကို ထုတ်ပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါ်သန္တာ၊ အိမ်မဲ မဲဆန္ဒနယ်မှ မေးမြန်းသော နိုင်ငံတကာအဆင့်မီ သတင်းမီဒီယာ သမားများ ပေါ်ထွန်းလာစေရေးအတွက် သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ထူးချွန်ထက်မြက်ပြီး နိုင်ငံ တကာအဆင့်မီ သတင်းသမားကောင်းများ မျိုးဆက်မပြတ် ပေါ်ထွန်းလာရေးအတွက် ရေရှည်၊ ရေတို စီမံကိန်းများချမှတ်ကာ သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယမေးခွန်းဖြစ်သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းသမားအသိအမှတ်ပြုကတ် ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သတင်းမီဒီယာအဖွဲ့အစည်းများနှင့် သတင်းမီဒီယာတိုက် များ၏ တာဝန်သာဖြစ်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ယင်းအဖွဲ့အစည်း များနှင့် မီဒီယာတိုက်များ၏ လုပ်ကိုင်ဆောင်ရွက်ချက်များ ကျင့်ဝတ်နှင့် ညီ/မညီကိုသာ ကြီးကြပ်ရန် တာဝန်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်မာမာခိုင်၊ သထုံမဲဆန္ဒနယ်မှ မေးမြန်းသော နိုင်ငံတော်က ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များထံ ရောင်းချခဲ့သော ရုပ်ရှင်ရုံနေရာများ၌ အနည်းဆုံးရုပ်ရှင်ရုံတစ်ရုံ ပြန်လည်တည်ဆောက်ပေးရန် သဘောတူညီမှုဖြင့် ရောင်းချခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုသေးသည့် ရုပ်ရှင်ရုံ(၄၁)ရုံနှင့် ပတ်သက်၍ လည်ကောင်း၊ Digital စနစ်ဖြင့် ပြောင်းလဲအသုံးပြု ပြသခြင်းမရှိသေးသော ရုပ်ရှင်ရုံ (၇၀)ရုံနှင့် ပတ်သက်၍လည်းကောင်း မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဝန်ကြီးဌာနအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ ယင်းတို့၏ လိုအပ်ချက်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော် ပိုင် ရုပ်ရှင်ရုံ ၂၇ ရုံရှိသည့်အနက် Red Theatre အဖြစ် စီစဉ်ဆောင်ရွက်နေသည့် ရုပ်ရှင်ရုံ တစ်ရုံမှအပ ပုဂ္ဂလိကသို့ နှစ်ရှည်ငှားထားသည့် ရုပ်ရှင်ရုံ ၂၆ ရုံ ရှိသည့် အနက် Digital စနစ်ကို ပြောင်းလဲပြီးဖြစ်သည့် ရုပ်ရှင်ရုံ ၂၂ ရုံ ရှိပြီး ကျန်ရှိသည့် ၄ ရုံကိုလည်း Digital စနစ်သို့ ပြောင်းလဲနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်မှ မေးမြန်းသော အများပြည်သူ သတင်း အချက်အလက် ရယူပိုင်ခွင့်နှင့်စပ်လျဉ်း၍ မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိုင်ငံသားအားလုံး သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို စနစ်တကျ ရရှိနိုင်ရန်အတွက် သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေ (Right to Information Law) ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ်မှ မေးမြန်းသော ပုဂ္ဂလိကသတင်းစာများ အားကောင်း မောင်းသန် ရှင်သန်ရပ်တည်သွားနိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှု အစီအမံ များ ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြည်သူများ သိသင့်သိထိုက်သည်များကို သိရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့်သာ ထုတ်ဝေဖြန့်ချိလျက်ရှိပြီး ပြင်ပပုဂ္ဂလိက သတင်းစာများနှင့် ပြိုင်ဆိုင်မှုမပြုဘဲ သီးခြားပုံစံတစ်မျိုးဖြင့်သာ ရပ်တည်လျက် ပုဂ္ဂလိကသတင်းစာများ ရှင်သန်ရပ်တည်ရေးအတွက် လမ်းဖွင့်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(ခ) နည်းဥပဒေ(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြခြင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနက ပေးပို့သော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ များနှင့် စပ်လျဉ်း၍ ဦးဘိုဘိုဦး၊ စမ်းချောင်းမဲဆန္ဒနယ်က ပြင်ဆင်ချက်အဆို တင်သွင်း ထားပြီး ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂.၄.၂၀၁၈ ရက်(တနင်္လာနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) ဥပဒေကြမ်း(၂)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်းနှင့် ဥပဒေကြမ်း(၂)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပေါက်ကွဲစေ တတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အပေါ် ဆွေးနွေးရန် အဆို တင်သွင်းလိုသော ကိုယ်စားလှယ်များက ၂.၄.၂၀၁၈ ရက်(တနင်္လာနေ့) ညနေ(၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(၂) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော အမျိုးဇာတ်ပျက် ယွင်းခြင်းမှ ဖယ်ရှားသည့်အက်ဥပဒေ(The Caste Disabilities Removal Act)ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်လုံးက သဘော တူခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၂ နည်းဥပဒေခွဲ (ဂ) နှင့် (ဃ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
(၃) ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာပါသည်။
(၄) ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းသည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများ အတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီ ( ၂၀ )မိနစ်တွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၂)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာပါသည်။
