ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၂၈)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး( ၂၈ )ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၅ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ခင်စန်းလှိုင်၊ ပုလဲမဲဆန္ဒနယ်မှ မေးမြန်းသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် လိုအပ်နေသော အဆင့်မီဖြည့်စွက်ထောက်ပံ့ အင်္ဂါရပ် များ( Road Furniture and facilities )ဖြည့်ဆည်းကာ စည်းကမ်းအားနည်း ချက်များလည်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အပြည်ပြည်ဆိုင်ရာ Standard ဖြစ်သော Fast, Comfortable နှင့် Safety များပါဝင်သော Fully Access Control လမ်းမကြီးအဖြစ် အဆိုပါ လမ်းပိုင်းအား အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးတင်နု(ခ)ဦးတင်နုအောင်၊ မာန်အောင်မဲဆန္ဒနယ်မှ မေးမြန်းသော မာန်အောင် ကျွန်းပတ်လမ်းပေါ်ရှိ ကျန်ရှိနေသည့် ကျောက်ချောလမ်း(၂၃)မိုင်ကို ကတ္တရာလမ်း အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျောက်ချောလမ်း (၂၃)မိုင်အနက် (၁၁)မိုင်ကို (၁၂)ပေအကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံထားပြီးဖြစ်ကြောင်းနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် (၁၂)မိုင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးစိုင်းထွန်းအောင်၊ ကျောက်မဲ မဲဆန္ဒနယ်မှ မေးမြန်းသော ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာမှ ပုံဝိုးကျေးရွာထိ(၂၄/၄)မိုင် ရှည်သောလမ်းအား ကျောက်ချော လမ်းမှ ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေတွင်လည်းကောင်း ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ရရှိမှုပေါ်မူတည်၍ ကတ္တရာလမ်းအဖြစ် နှစ်အလိုက်၊ အပိုင်းလိုက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါက်တာဦးမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်မှ မေးမြန်းသော နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီများကို လက်ခံရေးကိစ္စအား ပွင့်လင်းမြင်သာရေး အတွက် ပြည်သူများအား အသေးစိတ်ရှင်းပြပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က အစိုးရ၏ ကောင်းမွန်သော လက်ခံရေး အစီအစဉ်များကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ ပိုမို သိရှိနားလည်စေရန်အတွက် နေ့စဉ် မြန်မာ၊ အင်္ဂလိပ် သတင်းစာများမှာ ရခိုင်ပြည်နယ်သတင်းအဖြစ် သီးသန့်စာမျက်နှာတွင် ဖော်ပြလျက်ရှိသကဲ့သို့ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားတို့ကလည်း တီဗွီအစီအစဉ်၊ FM အစီအစဉ်တို့ဖြင့် ထုတ်လွှင့် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်မှ မေးမြန်းသော စေတုတ္တရာမြို့သည် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပါက မြို့သူမြို့သားများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရန် မုန်တိုင်း Shelter တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မြို့သူမြို့သားများ၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရန်အတွက် ဘေးအန္တရာယ်ခိုလှုံရာ Community Shelter တစ်လုံး ဆောက်လုပ်ပေးနိုင်ပါကြောင်းနှင့် အဆိုပါ အဆောက်အအုံအတွက် မြေနေရာရရှိရေး အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး မြေနေရာသတ်မှတ်ပြီးပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် အမြန် အကောင်အထည်ဖော် ဆောက်လုပ်ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(၆) ဦးဝင်းမင်း၊ လှိုင်သာယာမဲဆန္ဒနယ်မှ မေးမြန်းသော ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် လှိုင်သာယာ စက်မှုဇုန် နေ့ကလေးထိန်းကျောင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စနစ်တကျ လွှဲပြောင်းလက်ခံသွားပြီး လိုအပ်သည့်ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကိုလည်း တစ်ပါတည်း ဆက်လက်ပြီးတော့မှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(ခ) နည်းဥပဒေ(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၂ နည်းဥပဒေခွဲ(ဂ)နှင့် (ဃ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါသည်။
(ဂ) အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်က တင်သွင်းသည့် ၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေး ကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက်ပါ အချက်နှင့်ပတ်သက်၍ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့သည်ဆိုသည့် ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲ မြို့နယ်များရှိ ဒုက္ခသည်စခန်း(၃)ခုမှ အိမ်ထောင်စု(၅၅)စုကို ရန်ကုန်သို့ ပြောင်းရွှေ့ ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၁၈)ဦးမှ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ လွှတ်တော်က မှတ်တမ်း တင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို မွန်းလွဲ ၂ နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(၂၉)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၆.၃.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
