ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၉.၃.၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၇၉ )ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ မေးမြန်းသော ထူးချွန်ထက်မြက်ပြီး အောင်မြင်သော ဘွဲ့ရကျောင်းသား၊ ကျောင်းသူများကို နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဦးဝင်းသိမ်းက တက္ကသိုလ်အချင်းချင်း ချိတ်ဆက်၍ ဆောင်ရွက်သည့် ပညာသင်ဆု အစီအစဉ်များသို့ သက်ဆိုင်ရာ တက္ကသိုလ်များ၏ ကမ်းလှမ်းစာပါ သတ်မှတ်ချက် များနှင့် ကိုက်ညီသည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ဘာသာရပ် နှင့် အင်္ဂလိပ်စာဘာသာရပ်များအား ရေးဖြေနှင့်နှုတ်ဖြေ စစ်ဆေး၍ အမည်စာရင်း အဆိုပြုလျှောက်ထားစေပြီး သက်ဆိုင်ရာ တက္ကသိုလ်မှ လက်ခံစာရရှိပါက လုပ်ထုံး လုပ်နည်းနှင့်အညီ စေလွှတ်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂)    ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ မေးမြန်းသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၅၆ ရပ်ကွက်နှင့် ၇၀ ရပ်ကွက်ကြား မြေနေရာတွင် မီးသတ်စခန်းခွဲ (၁)ခု၊ စက်မှုဇုန်(၁)၊ (၂)၊ (၃)အတွင်းရှိ သင့်လျော်သော မြေနေရာတွင် မီးသတ် စခန်းခွဲ(၁)ခု ခွင့်ပြုချထားပေးရန်နှင့် မြို့နယ်မီးသတ်စခန်းအတွင်းရှိ ဟောင်းနွမ်း နေသော ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန်  အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အမှတ်(၅၆)ရပ်ကွက်နှင့် အမှတ်(၇၀)ရပ်ကွက်ကြားတွင် နယ်မြေမီးသတ်စခန်း အတွက် ခွင့်ပြုမိန့်ရရှိပြီးဖြစ်၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဇုန် (၁)၊ (၂)၊ (၃) အတွင်း နယ်မြေမီးသတ်စခန်းထပ်မံဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် မြို့နယ်မီးသတ်စခန်းအတွင်းရှိ ဟောင်းနွမ်းနေသော ဝန်ထမ်းအိမ်ရာများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ တင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

 

(၃)    ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ်မှ မေးမြန်းသော ရသေ့တောင်မြို့နယ်ရှိ ရဲနယ်မြေ(၅)ခုအနက် မေယူမြစ်အနောက်ဘက်ခြမ်းတွင်ရှိသော စေတီပြင်နယ်မြေ နှင့်လောင်ချောင်းနယ်မြေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ယူစေပြီး မေယူမြစ် အရှေ့ဘက်ခြမ်းတွင် မြို့မရဲစခန်းအပိုင်နယ်မြေနှင့် တစ်ဆက်တစ်စပ်တည်းရှိသော မြို့မနယ်မြေ၊ ကူတောင်နယ်ခြားစောင့်နယ်မြေ၊ ကျောက်တန်းနယ်ခြားစောင့် နယ်မြေ တို့ကို မြို့နယ်ရဲတပ်ဖွဲ့အား တာဝန်ယူဆောင်ရွက်စေရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက          မေယူမြစ်၏ အရှေ့ဘက်ကမ်းတွင် မှုခင်းများဖြစ်ပေါ်လာပါက မြစ်၏အနောက်ဘက် အခြမ်းသို့ သွားရန်မလိုဘဲ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်နိုင်ရေးအတွက် ကျောက်တန်းရဲကင်းစခန်းကို ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်နိုင်သော နယ်မြေရဲစခန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်များတွင် အခြေအနေ အရပ်ရပ်အရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အမှတ်(၁) နယ်ခြား စောင့်ရဲကွပ်ကဲမှုအဖွဲ့မှသာ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ရဲစခန်းမှ ပြောင်းလဲ တာဝန်ယူဆောင်ရွက်စေရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်မှ မေးမြန်းသော မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် မွေးမြူရေးလုပ်ကိုင်သူများအတွက် မွေးမြူရေးမြေနေရာကို    တရားဝင် ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မွေးမြူသူများအတွက် မွေးမြူရေးမြေနေရာများကို တရားဝင်ခွင့်ပြုပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

 

(၅)    ဦးစတီဖန်၊ ကျိုင်းတုံမဲဆန္ဒနယ်မှ မေးမြန်းသော ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာ အုပ်စု၊ ပန်ဝိုင်ရွာတည်ရှိရာမြေကို နှစ်ခြင်းခရစ်ယာန်သာသနာနယ်မြေအဖြစ်   သတ်မှတ် ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဒေါ်နန်းခမ်းအေး၊ နမ္မတူမဲဆန္ဒနယ်မှ မေးမြန်းသော နမ္မတူမြို့နယ်၊ နမ့်မျှော်ကျေးရွာ အုပ်စု၊ မန်မိုင်လွိုင်ငင်းကျေးရွာ၌ ကျေးလက်ရေရရှိရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ချမှတ်ဆောင်ရွက်ခဲ့သော (၇၉၀၀)ပေ ရေပိုက်၊ ရေကန်နှင့်     ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်းသည် ဘဏ္ဍာရေးနှစ် ကျော်လွန်သည်အထိ လုပ်ငန်းပြီးစီးမှုမရှိသည့်အတွက် မည်သို့ဆက်လက်ဆောင်ရွက်ထားသည်ကို သိလို ခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း လုပ်ငန်းပြီးစီးမှုမရှိ ခဲ့သည့်အတွက် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး တာဝန်ရှိသူများကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါကြောင်းနှင့် နောက်ဆက်တွဲ မေးခွန်းပါတာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းများကို နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်း နှင့်မည်သို့ထပ်မံအရေးယူဆောင်ရွက်ပေးမည်နှင့်စပ်လျဉ်း၍ ရုံးချုပ်အဆင့်မှ အထူး အဖွဲ့ဖွဲ့ပြီး ပြန်လည်ကွင်းဆင်းစစ်ဆေးကာ စစ်ဆေးချက်ရရှိမှုပေါ်မူတည်၍ တာဝန် ရှိသူများကို တာဝန်ရှိသည့်အလျောက် ထပ်မံအရေးယူဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(ခ)    ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီက အစီရင်ခံစာတင်ပြပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁၂.၃.၂၀၁၈ ရက် (တနင်္လာနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

(ဂ)    ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်းအသိပေးခြင်း၊ ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း

(၁)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပေဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာနှင့်အတူ လွှတ်တော်သို့ တင်သွင်းသည်။ အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁၃.၃.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

(၂)     အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁၃.၃.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

၃။       အစည်းအဝေးကို နံနက်( ၁၁ )နာရီ( ၃၀ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၃.၃.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာ ရီ တွင် လျာထားပါသည်။