ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၅ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးဌေးလွင်(ခ)ဦးဒီလုံး၊ နမ့်စန်မဲဆန္ဒနယ်မှ မေးမြန်းသော နမ့်စန်မြို့နယ် ဘောလုံး ကွင်းအနီးတွင် အားကစားရုံတည်ဆောက်ရန်နှင့် ကြက်ခြေနီရုံး တည်ဆောက်ရန် မြေနေရာအတွက် ဝန်ကြီးဌာနအချင်းချင်း ကူညီဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြေရရှိလျှင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်မှ မေးမြန်းသော တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လောလောဆယ် တွင် ကျော်ကိုင်းကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ဖွင့်လှစ်မပေး နိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးလူတယ်ဟုန်(ခ)ဦးအောင်ရွှေ၊ လောက်ကိုင်မဲဆန္ဒနယ်မှ မေးမြန်းသော လောက်ကိုင် မြို့နယ်ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆရာဝန်များ အပြည့်အဝ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီတစ်ပတ်အတွင်းမှာ EC လုပ်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးအောင်စိန်၊ ထားဝယ်မဲဆန္ဒနယ်မှ မေးမြန်းသော ထားဝယ်ပြည်သူ့ဆေးရုံကြီးကို လက်ရှိ ခုတင်(၂၀၀)အဆင့်မှ ခုတင်(၅၀၀)အဆင့်ရှိ ဆေးရုံကြီးအဖြစ် တိုးချဲ့ ခွင့်ပြုဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လောလောဆယ်တွင် ခုတင်(၅၀၀)အဆင့်ရှိ ဆေးရုံကြီးအဖြစ် တိုးချဲ့ခွင့်ပြုဖွင့်လှစ်ရန် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဖလမ်းမဲဆန္ဒနယ်မှ မေးမြန်းသော ဖလမ်းမြို့နယ်၊ ရမ်တလိုရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာန (Rural Health Center)အဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ အမျိုးသားကျန်းမာရေး စီမံကိန်းနှင့် ညှိနှိုင်းပြီး စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့နှင့် သော်လည်းကောင်း၊ ရသုံးမှန်းခြေ ဦးစီးများနှင့်လည်းကောင်း ပြည်ထောင်စုအစိုးရရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကိုတင်ပြပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(၆) ဦးမင်းသိန်း၊ ငါန်းဇွန်မဲဆန္ဒနယ်မှ မေးမြန်းသော ငါန်းဇွန်မြို့နယ်၊ သားကျင်အုပ်စု၊ သားကျင်ရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်နယ်ဆေးရုံဆောက်လုပ်ပေးရန် အစီအစဉ်မရှိပါကြောင်း နှင့် သားကျင် Rural Health Center ကို ပစ္စည်းအင်အား၊ လူအင်အားနှင့်အကုန်လုံး အားဖြည့်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၂)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
(၁) ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
(၂) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တင်သွင်းသည့် မြန်မာသမိုင်းအဖွဲ့ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြု ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
(ဂ) အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဒေါက်တာဒေါ်အေဇင်လတ်၊ ရွှေဘိုမဲဆန္ဒနယ်က တင်သွင်းသည့် ကျန်းမာသန်စွမ်းသော အနာဂတ်လူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ကျောင်းကျန်းမာရေး လုပ်ငန်းများကို နိုင်ငံတော်အဆင့် မူဝါဒချမှတ်ကာ သင့်လျော်သော ဘဏ္ဍာငွေကို နှစ်စဉ် ထည့်သွင်းသတ်မှတ်ပြီး နိုင်ငံတော်နှင့် ဆီလျော်ကိုက်ညီသော နည်းလမ်းကောင်းများကို အသုံးပြုလျက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ ဆက်စပ်နှီးနွယ်သည့် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း၍ ရေရှည်စီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၁၅)ဦးမှ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၉.၃.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
