ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၃ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးသန်းအောင်၊ ငပုတောမဲဆန္ဒနယ်မှ မေးမြန်းသော ငပုတောမြို့နယ်ရှိ ပုသိမ်-သလပ်ခွာ မော်တင်စွန်းလမ်းသို့ ဆက်သွယ်ထားသော ငရုတ်ကောင်း-ငရုတ်ကောင်း (တောင်)လမ်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အဆင့်တိုးမြှင့်ဖောက်လုပ်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ထည့်သွင်းလျာထား တောင်းခံထားပါကြောင်းနှင့် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်မှ မေးမြန်းသော မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု ကတ္တရာလမ်းမကြီးနှင့် ဆက်သွယ်ထားသော ဟိုနမ့်-ထီဟန်း ခြွီးရွာချင်းဆက်လမ်း၊ ဟိုနမ့်-ပြင်သာယာ-ပုန်းအောင်-ထီပျဉ် ရွာချင်းဆက်လမ်း၊ စဉ့်ဝင်ကျေးရွာအုပ်စုရှိ ရွာသစ်-နောင်ခမ်း ရွာချင်းဆက်လမ်းတို့ကို (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် မည်သည့်လမ်းအဆင့်ထိ တိုးမြှင့်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ် မူတည်ပြီး လမ်းလုပ်ငန်းများကို အဆင့်မြှင့်အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးပါထန်း၊ မတူပီမဲဆန္ဒနယ်မှ မေးမြန်းသော မတူပီမြို့နယ်၊ အမ်ဆွေး-မားဒူ-ဝေလူးမှ ကန်ပက်လက်မြို့နယ် မကြားအိမ်နူးကျေးရွာကိုဖြတ်၍ မတူမြို့နှင့်ကန်ပက်လက်မြို့ မြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်လင်းက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများတင်ပြတောင်းခံ၍ လမ်းပိုင်းအလိုက် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးသန်းညွန့်၊ ဖြူးမဲဆန္ဒနယ်မှ မေးမြန်းသော ဖြူးမြို့နှင့် စစ်တောင်းမြစ်ကမ်းပါးရှိ ဘန်းလောင်ရွာသို့ ဆက်သွယ်ထားသည့် လမ်းမကြီး ကတ္တရာခင်းခြင်း လုပ်ငန်းအား ဆက်လက်ခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ကတ္တရာလမ်းအဖြစ် နှစ်အလိုက် အပိုင်းလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဦးနိုင်နိုင်ဝင်း၊ တမူးမဲဆန္ဒနယ်မှ မေးမြန်းသော တမူးမြို့နှင့် ဟုမ္မလင်းမြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော ပြည်ထောင်စုလမ်းမကြီးအား ရာသီမရွေးသွား လာနိုင်ရန် နန့်အယားချောင်းကူးတံတားအား မည်သို့စီမံဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးအုန်းလွင်၊ ညောင်တုန်းမဲဆန္ဒနယ်မှ မေးမြန်းသော ညောင်တုန်းမြို့နယ် အပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ လမ်းနယ်နိမိတ်များကို မူလလမ်း နှင့်သတ်မှတ်ချက် ပေ ၃၀၀ မှ ပေ ၁၅၀ လျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာသော မြေလွတ်မြေလပ်များအား မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လျော်ကြေးပေးချေ၍ သိမ်းဆည်းခဲ့ခြင်းဖြစ်ပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံနိုင် ရေးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လျော်ကြေး ပေးချေခဲ့ခြင်းမရှိခဲ့ပါက မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုတင်သွင်းခြင်း
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော နိုင်ငံတော်အတိုင် ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံ ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန် ချက်ပါအချက်နှင့်ပတ်သက်၍ ရန်ကုန်သို့ပြောင်းရွှေ့ နေထိုင်ခွင့်ပြုခဲ့သည်ဆိုသည့် ကျောက်ဖြူ၊ ပေါက်တောနှင့်ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း(၃)ခုမှ အိမ်ထောင်စု (၅၅)စုကို ရန်ကုန်သို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်က တင်သွင်းပြီး ဒေါက်တာမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၆.၃.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၇.၃.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီခွဲတွင် လျာထားပါသည်။
