ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၃.၂.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃  ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၇၈ )ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

         

(က)    ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

                  

(၁)     ဦးမြင့်ဦး၊ သနပ်ပင်ဆန္ဒနယ်မှ ပထမမေခွန်းအနေဖြင့် မေးမြန်းသော ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စည်ပင်သာယာရေးအဖွဲ့များမှ နှစ်အဆက်ဆက်စုဆောင်း ထားရှိထားသည့် အစုရှယ်ယာနှင့်အရင်းအနှီးများအား ပြန်လည်တွက်ချက်၍ ထုတ် ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအရ ထိုသို့ဆောင်ရွက်ရန် ဖြစ်နိုင် ဖွယ်မရှိကြောင်း ဖြေကြားခဲ့ပြီး ဒုတိယမေးခွန်းအနေဖြင့် မေးမြန်းသော စည်ပင် သာယာရေးအဖွဲ့ပိုင်ငွေကြေးသည် ဥပဒေအရ နိုင်ငံတော်ပိုင် ငွေကြေးဖြစ်သည့် အတွက် ပုဂ္ဂလိကဘဏ် သို့မဟုတ် အများနှင့်မသက်ဆိုင်သော ဘဏ်အဖြစ် ပြောင်းလဲ ဆောင်ရွက်ခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီ၊ မညီ ပြန်လည်စိစစ်ပေး နိုင်ခြင်း ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း၍ ဆက်လက်ဖြေကြားရာတွင် အများပိုင်ဘဏ် ကနေ အများပိုင်ဘဏ် မဟုတ်တာကို ပြောင်းလဲတာမဟုတ်ပါ၊ အများပိုင်မဟုတ် သောဘဏ်မှ အများပိုင်ဖြစ်သောဘဏ်ကို ပြောင်းလဲစဉ်မှာ ဒီလုပ်ငန်းစဉ်ကို ဆက်မ ဆောင်ရွက်ဘဲ Withdraw  လုပ်ခဲ့တာဖြစ်ပြီး ရှယ်ယာရှင်များ၏ ဆုံးဖြတ်ချက် သာလျှင် အဓိကဖြစ်ပါသည်။ ရှယ်ယာရှင်များက နောက်တစ်နည်းဆုံးဖြတ်ရင် လည်း နောင်တစ်ချိန်မှာပြန်ပြီး လုပ်လို့ရပါသည်ဆိုသည့်အကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

                  

(၂)     ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်မှ မေးမြန်းသော လွှတ်တော်သို့ ပြည်သူ့ကိုယ်စားလှယ် များ ရွေးကောက်တင်မြှောက်ရာတွင် ဥပဒေပြဋ္ဌာန်းချက်ပါ မဲဆန္ဒ ပေးပိုင်ခွင့် ရှိသူတိုင်း မဲစာရင်း၌ပါရှိပြီး မဲစာရင်းကောက်ယူခြင်းများကို မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာချိန်တွင် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဝင်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ မီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည် ဆိုပါက ပိုမိုပြည့်စုံသော မဲဆန္ဒရှင်စာရင်းရရှိနိုင်မည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲဆန္ဒရှင်စာရင်းထဲတွင် ပါရှိပြီး မဲပေးပိုင်ခွင့် ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                  

(၃)     ဦးမင်းသိန်း၊ ငါန်းဇွန်မဲဆန္ဒနယ်မှ မေးမြန်းသော ငါန်းဇွန်မြို့နယ်၊ အ.ထ.ကမြို့သာ တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေးခဲ့ပါ သော်လည်း ကျောင်းသားအင်အားအရ ထပ်မံလိုအပ်နေသော ကျောင်းဆောင်နှင့် သိပ္ပံခန်း၊ စာကြည့်တိုက်တို့ပါ ချမှတ်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထားချက်စားရင်းတွင် အုတ်ညှပ် နှစ်ထပ် စာသင် ဆောင်ကို လျာထားပြီးတော့မှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

                  

(၄)     ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်မှ မေးမြန်းသော လွိုင်လင်မြို့နယ်၊ မိုင်းပွန် အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မိုင်းပွန် စာစစ်ဌာနတစ်ခု ဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနအသစ်အဖြစ် ဖွင့်လှစ်ခွင့်ပြုနိုင်ရန်အတွက် ခွင့်ပြု ပေးထားပြီး ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                  

(၅)     ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ မေးမြန်းသော အစိုးရသစ်လက်ထက် အတွင်း မြေလတ်ပိုင်းဒေသတွင် ပညာရေးတက္ကသိုလ် တစ်ခုဖွင့်လှစ်ပေးရန်  အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လောလောဆယ်ကာလမှာတော့ မြေလတ်ပိုင်းဒေသမှာ ပညာရေးတက္ကသိုလ်တစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ဖို့အတွက် အစီအစဉ်မရှိသေး ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။      

                  

(၆)     ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ မေးမြန်းသော စာသင်ကျောင်းဟောင်းများအား ကျောင်းသူ၊ ကျောင်းသား အင်အား၊ စာသင်ခုံများ၊ ပရိဘောဂများ ဟောင်းနွမ်း ပျက်စီးမှု အနေအထားပေါ်မူတည်၍ ကျောင်းသုံး ပရိဘောများနှင့် သင်ထောက်ကူ ပစ္စည်းများ စိစစ်ခွင့်ပြုချထားပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ မိဘများ၊ အုပ်ထိန်းသူများ၊ ပြည်သူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်ပူပေါင်းပြီးတော့မှ စနစ်တကျထိထိရောက်ရောက် ဖြည့်တင်းဆောင်ရွက်နိုင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။        

         

(ခ)     အဆို(၁)ခုတင်သွင်းခြင်း

                   ကျန်းမာသန်စွမ်းသော အနာဂတ်လူငယ်များဖြစ်ထွန်း ပေါ်ပေါက်လာစေရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကို နိုင်ငံတော်အဆင့် မူဝါဒချမှတ်ကာ သင့်လျော်သော ဘဏ္ဍာငွေကို နှစ်စဉ်ထည့်သွင်းသတ်မှတ်ပြီး နိုင်ငံတော်နှင့် ဆီလျော်ကိုက်ညီသော နည်းလမ်းကောင်းများကို အသုံးပြုလျက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ ဆက်စပ်နှီးနွယ်သည့် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း၍ ရေရှည်စီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်သွန်းကြောင်း အဆိုကို ဒေါက်တာဒေါ်အေဇင်လတ်၊ ရွှေဘိုမဲဆန္ဒနယ်က တင်သွင်းပြီး ဦးမြင့်လွင်၊ တွံတေး မဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၆.၂.၂၀၁၈ ရက် (တနင်္လာနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

(ဂ)     ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်းအသိပေးခြင်း

          အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသော ကိုယ်စားလှယ်များက ၂၇.၂.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

         

၃။       အစည်းအဝေးကို နံနက်( ၁၁ )နာရီ( ၃၀)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၇.၂.၂၀၁၈ ရက် (အင်္ဂါနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။