ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၀)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည်မဲဆန္ဒနယ်မှ မေးမြန်းသော စက်မှုလယ်ယာ စနစ်ဖြင့် တောင်သူဦးကြီးများ အဆင်ပြေချောမွေ့စွာ လယ်ယာလုပ်ငန်းများ လုပ်ကိုင် နိုင်ရန် စက်မှုလယ်ယာဦးစီးဌာနတွင် ခေတ်မီလယ်ယာသုံးစက်ကိရိယာများ တိုးချဲ့ ဖြည့်တင်းရန် အစီအစဉ်အား သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာသုံး စက်ကိရိယာအသစ်များကို ဦးစားပေးဖြည့်တင်းသွားရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်မှ မေးမြန်းသော ကလေးမြို့နယ်၊ ရာဇဂြိုလ်ဘက်စုံရေလှောင်တမံအား ပြန်လည်ပြုပြင်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၈ ခုနှစ် မိုးစပါးရာသီမှာ ရေအားလျှပ်စစ်ထုတ်လုပ်ရင်းနှင့် ထုတ်လွှတ်လိုက်သည့် ရေများဖြင့်စိစစ်ပြီး ဆည်ရေသောက်ဧရိယာများအတိုင်း စိုက်ပျိုးရေအပြည့်အဝ ပေးဝေ စိုက်ပျိုးသွားနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၃) ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်မှ မေးမြန်းသော တောင်သူဦးကြီးများ စပါး၊ ပဲမျိုးစုံနှင့် နှမ်းစသည့် သီးနှံများကို အရည်အသွေးပြည့်ဝပြီး အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ထားမှု ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာ မျိုးစေ့ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးသည့် မြို့နယ်ဦးစီးမှူးရုံးများ၊ ခြံဦးစီးမှူးရုံးများမှာ ဝယ်ယူရရှိနိုင်ကြောင်းနှင့် မျိုးစေ့ ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်မှ မေးမြန်းသော လေရှီးမြို့နယ်ရှိ မိုဝိုင်းလွတ်မြို့၊ ဆွမ္မရာမြို့နှင့်ရန်နွေးကျေးရွာတို့တွင် သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၈-၂၀၁၉ (အောက်တိုဘာလမှ စက်တင်ဘာလ)ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှာ ထည့်သွင်း လျာထားတောင်းခံနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်း ထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ မေးမြန်းသော မွေးမြူရေးလုပ်ငန်းရှင်များ၊ တောင်သူဦးကြီးများအား အသိပညာပေးရန်နှင့် မွေးမြူထားသော ကျွဲ၊ နွား၊ အိမ်မွေး တိရစ္ဆာန်များအား ထိရောက်စွာ ကုသပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပညာပေးအဖွဲ့များကနေ ပြည်သူများကို အသိပညာပေး စီမံဆောင်ရွက် လျက်ရှိသည့်အတွက်ကြောင့် အခါမလပ် မိမိတို့၏ရုံးချုပ်ကို ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ်မှ မေးမြန်းသော မြန်မာနိုင်ငံ၏ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မူဝါဒများ ချမှတ်ခြင်း၊ ဥပဒေ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးခြင်းတို့ အပါအဝင် လိုအပ်သော အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြု ချက်ရယူပြီးမကြာမီ အဆိုပါလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်သည့် အခြေအနေဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၂)ခု လက်ခံရရှိကြောင်းအသိပေးခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းသည်။ အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၃.၂.၂၀၁၈ ရက် ( သောကြာနေ့ ) ညနေ (၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(၂) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တောရိုင်း တိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသော ကိုယ်စားလှယ်များက ၂၃.၂.၂၀၁၈ ရက် (သောကြာနေ့) ညနေ (၄) နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီ( ၁၀ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၃.၂.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
