ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၅.၂.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅  ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၇ )ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)   ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း

 

(၁)    ဦးသန်းထွန်း၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ မေးမြန်းသော ကျောင်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မြို့နယ်မှူးရုံးအပါအဝင် ရဲစခန်းများ၊ ရဲကင်းများ ဆောက် လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ) ငွေလုံးငွေရင်း (မူလ) အသုံးစရိတ် ရန်ပုံငွေတွင်ထည့်သွင်း တောင်းခံသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂)    ဦးဘိုကြီး၊ ချောက်မဲဆန္ဒနယ်မှ မေးမြန်းသော မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားရုံးများသို့ တရားစွဲဆိုတင်ပို့သည့် အမှုများတွင် အထက်အဆင့်ဆင့်က ကြပ်မတ်ပေးရန်နှင့် ခေတ်နှင့် လျော်ညီသည့် သမ္မန်စာဆင့်ဆိုနည်းကို သုတေသနပြုရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက တာဝန်ရှိသူအဆင့်ဆင့်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ စီမံခန့်ခွဲသည့် ဥပဒေဖြစ်ပါသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပါ သမ္မန်စာချအပ်သည့် နည်းလမ်းများကို ခေတ်နှင့်လျော်ညီအောင် သုတေသနပြု၍ ရာဇဝတ် ကျင့်ထုံးဥပဒေပြင်ဆင် ပြဋ္ဌာန်းခြင်းကိုဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်းနှင့် သက်ဆိုင်ရာ ဌာနများက ဆောင်ရွက်မည်ဆိုပါက ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

(၃)    ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုး၊ ဗိုလ်တထောင်မဲဆန္ဒနယ်မှ မေးမြန်းသော ဗဟန်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် အမျိုးအစား(၇)မျိုး ခွဲခြား၍ တိုကင်စနစ်ဖြင့် ဆောင်ရွက်ပေးရန်၊ လာရောက်ဆောင်ရွက်သူများအား မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယား မှန်ကန်ပါက ရုံးတွင်းဝင်ရောက် ဆောင်ရွက် ရာတွင် နေရာအခက်အခဲမရှိ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရုံးပေါင်း ၂၀ အထိ တိုးမြှင့်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပြီး Green Channel နှင့် Home Service အစီအစဉ်တို့ဖြင့် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိခြင်း၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်) တွင် ကောင်တာ ၁၅ ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ခြင်း၊ မိုးလုံလေလုံ အဆောက်အဦတိုးချဲ့ ဆောက်လုပ်ခြင်းနှင့် သာမန်နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများကို ငွေကြေးလိမ်လည် မှုများ မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဒေါ်စန်းစန်းအိ၊ မိုးညှင်းမဲဆန္ဒနယ်မှမေးမြန်းသော မိုးညှင်းမြို့နယ်တွင် လိုအပ် လျက်ရှိသော မက်သဒုန်းတိုက်ကျွေးရေးဌာနကို တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် ပြန်လည် ထူထောင်ရေး စခန်းဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ထူထောင်ရေး စခန်းဖွင့်လှစ်ထားရှိပြီး နောက်ဆက်တွဲ စောင့်ရှောက်ရန် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းများကို ဖွင့်လှစ်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မိုးညှင်းမြို့နယ်၌ ပြန်လည် ထူထောင်ရေး စခန်းဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဒေါက်တာဦးမြင့်သိန်း၊ ညောင်လေးပင်မဲဆန္ဒနယ်မှ မေးမြန်းသော ညောင်လေးပင် မြို့နယ်တွင် မီးသတ်တပ်ဖွဲ့စခန်း(ခွဲ)တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက မြို့မဈေးရပ်ကွက် စက်မှုလယ်ယာ ဝင်းအတွင်း ယာယီနယ်မြေမီးသတ်စခန်းအား ဖွင့်လှစ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် နယ်မြေမီးသတ်စခန်းတစ်ခု ဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာရရှိရေးနှင့် ဖွဲ့စည်းပုံခွင့်ပြုမိန့် ရရှိရေးတို့ကို ဆက်လက်ဆောင် ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(ခ)    အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာတင်သွင်းခြင်း

          အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော သိပ္ပံ၊ နည်းပညာ နှင့်ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းကိုလွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေး လိုသော ကိုယ်စားလှယ်များက ၁၉.၂.၂၀၁၈ ရက် (တနင်္လာနေ့) ညနေ (၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

၃။      အစည်းအဝေးကို နံနက် (၁၁) နာရီ (၀၇) မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၉.၂.၂၀၁၈ ရက် (တနင်္လာနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။