ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် (၃၈၆)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးအောင်လှိုင်ဝင်း၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ မေးမြန်းသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးခြင်း နှင့်အခွန်အကောက်များ အမြောက်အမြား ရရှိနိုင်ရန်အတွက် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ ရှိသည့် ရေပေါ်ကျွန်းများပေါ်တွင် နိုင်ငံခြားသားများသာ ဝင်ရောက်ကစားခွင့်ရှိသည့် Casino လုပ်ငန်း များကို တရားဝင်ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောတူခွင့်ပြုချက်များ၊ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်ရှိလောင်းကစားဥပဒေကို လိုအပ်သလို ပြင်ဆင်ဖြေလျှော့ ပေးခြင်းများ ဆောင်ရွက်ပေးပြီးလျှင် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ လိုအပ်သောခွင့်ပြုမိန့်များ တောင်းခံပြီး ဆောင်ရွက်ခွင့်ပြုပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်မှ မေးမြန်းသော မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ကုန်းမတ်လန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း-ကုန်းမတ်လန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စာသင်ကျောင်းဆောင်သစ်(၁) ဆောင် ခွင့်ပြုချမှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ပေ ၆၀ x ပေ ၃၀ တစ်ထပ်ဆောင်အသစ်ဆောက်လုပ်ရန် ဘဏ္ဍာငွေလျာထား ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ မေးမြန်းသော အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်စသော မြို့များရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ရန်အတွက် စက်မှုနည်းပညာအထက်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆောင်နေကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်လုပ်ငန်းများ ဦးစားပေးဆောင်ရွက် နေချိန်ဖြစ်သည့်အတွက် အစိုးရနည်းပညာ အထက်တန်းကျောင်းတစ်ကျောင်း ထပ်မံဖွင့်လှစ်ပေးရန် လတ်တလောအားဖြင့် ဦစားပေးဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါက်တာဦးအောင်ခင်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ မေးမြန်းသော မြန်မာနိုင်ငံ၌ အလုပ်လက်မဲ့ ပြဿနာလျော့နည်းပြီး လုပ်ငန်းခွင်အသုံးဝင်မည့် အသက်မွေးဝမ်းကျောင်းပညာကို အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးရေးသည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားပြီး ဖြစ်သည့် အပြင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများလည်းဖြစ်ပါကြောင်းနှင့် နောင်ကို လည်း တိုးချဲ့ဆောင်ရွက်မည့်လုပ်ငန်းများဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်မှ မေးမြန်းသော လွိုင်လင်မြို့နယ် အ.လ.က(ခွဲ) မြို့မ မိုင်းပွန်အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာအလယ်တန်း ပညာရေးများ သင်ယူခွင့်ရရှိရန် အခွင့်အလမ်းများလည်း ရရှိပြီးဖြစ်ပါသဖြင့် အလယ်တန်းကျောင်း အဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် ဦးစားပေးအစီအစဉ်ဖြင့် သတ်မှတ်ထားခြင်းမရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ မေးမြန်းသော ခေါင်လန်ဖူးမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မြင့်မားလာစေရန်နှင့် ဒေသခံကျောင်းသူ ကျောင်းသားများ ကျောင်းခေါ်ချိန် အပြည့် သင်ကြားနိုင်ရန်အတွက် အရည်အချင်းရှိ ဆရာ၊ ဆရာမများ ဖွဲ့စည်းပုံပြည့် စာသင်နှစ်အမီ စေလွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တစ်နှစ်လျှင် ခွင့်ပြုချက် ဆရာအင်အားတစ်သောင်းကျော်ဖြင့် (၃)နှစ်ဆက်တိုက် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် ရရှိသည့်ဆရာအင်အားအလိုက် ပြည့်စုံလုံလောက် သော ဆရာများ ဖြည့်ဆည်းပေးနိုင်ရေးကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီက တင်သွင်းသည့် သစ်တော ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၈၂ ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ချက်အဆို(၁)ခုအား တင်သွင်းဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း လွှတ်တော်က အတည်ပြုသည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီ( ၁၇ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၄.၂.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
