ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၄၀၂ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးစိုင်းသီဟကျော်၊ မိုင်းရယ်မဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းရယ်မြို့နယ်ရှိ အခြေခံ ပညာကျောင်း(၁၉)ကျောင်းတွင် ပညာသင်နှစ် နှစ်ဝက်ခန့်(၆)လတာ ကျောင်းအုပ်များ လစ်လပ်နေခြင်းကို ပညာရေးဝန်ကြီးဌာနမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ရာထူးတိုး/အပြောင်းအရွေ့များ ဆောင်ရွက်ချိန်တွင် ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်ပညာရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဆန္ဒပြုလျှောက်ထား လာမှုအပေါ် စိစစ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၂) ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ မေးမြန်းသော ကျောင်းသားဦးရေ(၆၅)ဦး အောက် နည်းပါးသော မူလတန်းကျောင်းများမှ ကျောင်းဆရာ၊ ဆရာမဝန်ထမ်းများကို ခွင့်ယူ၍ လစ်လပ်နေသော မူလတန်းကျောင်းများသို့ ဝန်ထမ်းအင်အား ယာယီ ဖြည့်တင်းမှု ပြုလုပ်ရန် လုပ်ပိုင်ခွင့်ကို မြို့နယ်အဆင့် ပညာရေးမှူးများသို့ လုပ်ပိုင်ခွင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျောင်းသားအင်အားအရ ဆရာပိုနေသော အခြေခံပညာကျောင်း များမှ ဆရာ၊ဆရာမများကို မဖြစ်မနေ ဆရာလိုအပ်နေသော အခြေခံပညာကျောင်းများသို့ ယာယီသွားရောက် ကူညီသင်ကြားပေးရန်အတွက် သက်ဆိုင်ရာ မြို့နယ်ပညာ ရေးမှူးရုံးများသို့ ဆက်လက်ညွှန်ကြားစီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၃) ဦးဝမ်းလှ၊ နန်းယွန်းမဲဆန္ဒနယ်မှ မေးမြန်းသော နန်းယွန်းမြို့နယ်တွင် ဆရာ၊ ဆရာမများ မရှိသဖြင့် သင်ကြားရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်သည့် ကျေးလက်အခြေခံပညာ ကျောင်းများ၌ ဆရာ၊ ဆရာမများလုံလောက်စွာ ခန့်ထား၍ ပညာသင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆရာ၊ ဆရာမများ၏ အပြောင်းအရွေ့များကို ကျောင်းမဖွင့်မီအပြီး ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများကို လေ့ကျင့်ပြီးမှ ခန့်ထားပေးရန် စီစဉ်သည့်အတွက် နေ့စားလပေးဆရာ၊ ဆရာမများကို ထပ်မံခန့်ထားခြင်းမပြုတော့ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ မေးမြန်းသော လက်ရေးတိုပညာမှာ လက်ရှိတိုးတက် လာသော ကွန်ပျူတာခေတ်၊ မီဒီယာခေတ်တွင် ပျောက်ကွယ်နေပြီဖြစ်ကြောင်း တွေ့ရ၍ လက်ရေးတိုပညာ ပျောက်ကွယ်မသွားစေရေး တာဝန်ရှိသူများမှ ပြန်လည်ဖော်ထုတ် သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေနှင့် အညီ ကွန်ပျူတာ၊ အင်တာနက်များကို အသုံးပြုပြီး GPMS, EDMS စနစ်များကို ချိန်ဆက်အသုံးပြုခြင်းအားဖြင့် လိုအပ်သလို စာရွက်စာတမ်း၊ အမျိုးအစား၊ ထိန်းသိမ်း ထားရှိမည့်ကာလ၊ လုံခြုံမှုနှင့် စီမံပိုင်ခွင့်အဆင့်များ ခွဲခြားသတ်မှတ်ပြီး သိမ်းဆည်း နိုင်သည့်အကျိုးကျေးဇူးများ ရရှိစေသည့်အတွက် လက်ရေးတိုပညာရပ်ကို ဘာသာရပ် တစ်ခုအဖြစ် ဖော်ထုတ်သင်ကြားရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးတင်လှ၊ ဓနုဖြူမဲဆန္ဒနယ်မှ မေးမြန်းသော နေပြည်တော်တွင် အဆင့်မြင့်တက္ကသိုလ် တစ်ခုကို နိုင်ငံ၏ လိုအပ်ချက်၊ မြို့တော်အင်္ဂါ၏ လိုအပ်ချက်နှင့် ပညာရေးဝန်ကြီး ဌာန၏ လိုအပ်ချက်အားလျော်စွာ ဖွင့်လှစ်တည်ထောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နေပြည်တော်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မြေနေရာရရှိပါက လိုအပ်သော ဘဏ္ဍာငွေကို တွက်ချက်တင်ပြပြီး ခွင့်ပြုချက်ရသည့်အချိန်မှစ၍ တက္ကသိုလ်ထူထောင် ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးအောင်စိန်၊ ထားဝယ်မဲဆန္ဒနယ်မှ မေးမြန်းသော ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာ အခြေခံပညာမူလတန်းကျောင်းကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း အဆင့်တိုးမြှင့်ပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုတင်သွင်းခြင်း
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက်လည်းကောင်း၊ ဒေသခံဌာနေတိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသော လူမှုဘဝကို ထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက် များကို ရေတိုရေရှည်စီမံကိန်းများ ပွင့်လင်းမြင်သာစွာချမှတ်၍ ထိရောက်သော အကောင် အထည်ဖော်ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရာအား တိုက်တွန်းကြောင်း အဆိုကို ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင်မဲဆန္ဒနယ်က တင်သွင်းပြီး ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုသဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေဖြင့် ၈.၂.၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်ပါသည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီ( ၀၅ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၈.၂.၂၀၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာ ရီ တွင် လျာထားပါသည်။
