မှတ်တမ်း - ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂.၂.၂၀၁၈) မှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂.၂.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂  ရက်)

 

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၁ )ဦး တက်ရောက်သည်။

 

၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

(က)    ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

 

(၁) ဦးခင်မောင်လတ်၊ မြန်အောင်မဲဆန္ဒနယ်မှ မေးမြန်းသော မြန်အောင်မြို့နယ်အတွင်းရှိ ဧရာဝတီရေကာတာ၏ တာမိုင်(၂၆.၃)ဖာလုံတွင် ဧရာဝတီမြစ်အတွင်းသို့ မိုးရေချောင်းရေ များ ထုတ်နုတ်ပေးနိုင်သော ရေတံခါးများကို တပ်ဆင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ကွင်းဘက်မှာရှိတဲ့ ချောင်း၊ မြောင်းများ ရေနုတ်အားကောင်းအောင် တူးဖော်ပြုပြင်ပေးသင့်မှု အနေအထားကြောင့် အဓိကရေထွက်ပေါက်ဖြစ်သည့် မမြချောင်း အောက်ပိုင်းတိမ်ကောနေမှုများကို တူးဖော်ပေးမှုဖြင့် စီမံဆောင်ရွက်ပေး လျက်ရှိပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ   ွပန်လည်ဖြေကြားခဲ့သည်။

 

(၂) ဒေါ်သန္တာ၊ အိမ်မဲမဲဆန္ဒနယ်မှ မေးမြန်းသော ကျေးရွာအဆင့် မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီများကို ပြည်သူလူထုမှတိုင်ကြားမှုနှင့်ပတ်သက်၍ မည်သို့ စစ်ဆေး ဖြေရှင်းပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြဋ္ဌာန်းထားသည့် စည်းမျဉ်း စည်းကမ်းချက်နှင့်အညီ အလွဲသုံးစားလုပ်သည့် မရိုးမဖြောင့်လုပ်သည့် ကျေးရွာ ကော်မတီဝင်နှင့်ကော်မတီဥက္ကဋ္ဌစသည်တို့ကို ကျေးရွာကော်မတီဝင်တွေက တရားစွဲဆို ဆောင်ရွက်သွားနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်မှ မေးမြန်းသော ပွင့်လင်းမြင်သာမှုလည်းမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်လည်းမညီသော မြို့ကွက်သစ်အိမ်ရာ စီမံကိန်းကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိလျှင် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့က တားမြစ်ရမည်ဖြစ်ပါကြောင်း   ပြန်လည်ဖြေကြားခဲ့သည်။

 

(၄) ဒေါ်မိကွန်ချမ်း၊ ပေါင်မဲဆန္ဒနယ်မှ မေးမြန်းသော ပေါင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် တောင်သူများ၏ စိုက်ပျိုးမြေများ ရေဖူလုံစွာ ရရှိရေးအတွက် ကတိုက်ဆည်မှ ရေလုံ လောက်စွာ ဖြန့်ဝေပေးနိုင်မည့် နည်းလမ်းသစ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဖက်ဖက်မှ ချင့်ချိန်ပြီး အတတ်နိုင်ဆုံး စိစစ်လျာထားစိုက်ဧက ၁၆၉၇၃ ဧကကို ကတိုက်ရေလှောင်တမံ၏ ရေသိုလှောင်ထားရှိမှုနှင့် အောက်ဘက်မှာရှိသည့် ရင်းငြိမ်ရေထိန်းတံခါးမှ ရေသိုလှောင် ထိန်းသိမ်းနိုင်မှုနှင့်တွဲဖက်ပြီး ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ထားပါကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့သည်။

 

(၅) ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်မှ မေးမြန်းသော မြစ်သားမြို့ရှိ ဂိုဒေါင်ပျက်များ၊ ခြုံနွယ်များဖြင့် ရှုပ်ထွေးနေသော စိုက်ပျိုးရေးဌာနပိုင်မြေနေရာအား ရုံးမြေနေရာမရှိသော အစိုးရဌာန(၅)ဌာန ရုံးဖွင့်လှစ်နိုင်ရေးအတွက် စွန့်လွှတ်လွှဲပြောင်း ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့်စိစစ်ပြီး လုပ်ထုံးလုပ်နည်း များနှင့်အညီ စွန့်လွှတ်လွှဲပြောင်းရေးကို ဆောင်ရွက်ပေးသွားနိုင်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၆) ဦးတင်လှ၊ ဓနုဖြူမဲဆန္ဒနယ်မှ မေးမြန်းသော တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းတို့တွင် အများပြည်သူ စိတ်ပါဝင်စားပြီး လုပ်ကိုင်လိုစိတ်ရှိလာစေရန် တာဝန် ရှိသူ အဆင့်ဆင့်က ကျေးလက်ဒေသအထိ အနီးကပ်ကြီးကြပ် အသိပညာပေးရေးနှင့် လိုအပ်သော ကူညီပံ့ပိုးမှုပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လိုအပ်သော နည်းပညာရပ်များ၊ သင်တန်းများနှင့် အသိပေးမှု လုပ်ငန်းများကို  ကျေးလက်ဒေသများသို့အရောက် ကူညီပံ့ပိုးဆောင်ရွက် ပေးလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၇) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်မှ မေးမြန်းသော မောက်မယ်မြို့နယ်ရှိ အဓိကရေအရင်းအမြစ်ဖြစ်သော နမ့်ယွန်းချောင်း၏ ရေငုပ်ကွယ်ပျောက်ဧရိယာအား ရှောင်ကွင်းတူးမြောင်း ဖောက်လုပ်ပေးရန်၊ ရေစီးရေလာ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မိမိတို့ဝန်ကြီးဌာနမှ ကျွမ်းကျင်သူများဖြင့် အဆိုပါ တောင်သူလုပ် ရေလွှဲဆည်များနှင့်ရေယူအဆောက်အအုံတွေ တည်ဆောက်မှု ဆိုင်ရာ နည်းပညာရပ်များကို ပံံ့ပိုးပြီး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့သည်။

 

(ခ)    အဆို(၁)ခုတင်သွင်းခြင်း

စက်မှုလယ်ယာစနစ်အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင်မြင်ရန်အတွက် ဧကကွက်များ ဖော်ထုတ် ခြင်းလုပ်ငန်းကို အမြန်ဆုံး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည်မဲဆန္ဒနယ်က တင်သွင်းပြီး ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအားဆက်လက်ဆွေးနွေးရန် လွှတ်တော်ကအတည်ပြုသဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေဖြင့် ၅.၂.၂၀၁၈ ရက်(တနင်္လာနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်ပါသည်။

 

(ဂ) ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းသည့် အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal Act)ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုသည်။

 

၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီ( ၃၀ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၅.၂.၂၀၁၈ ရက် (တနင်္လာနေ့) နံနက် ၁၀ နာ ရီ တွင် လျာထားပါသည်။