ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၄ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဖလမ်းမဲဆန္ဒနယ်မှ မေးမြန်းသော ဖလမ်းမြို့ ရာပြည့် ဘောလုံးကွင်းတွင် မီတာ(၄၀၀)ပြေးလမ်း(၅)ခုရှိသော စံချိန်မီဘောလုံးကွင်း တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဘောလုံးကွင်းပြေးလမ်းကို ၆ လ ဘတ်ဂျက် (ဧပြီလ မှ အောက်တိုဘာ လ)ထဲတွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောင်ဘဏ္ဍာရေးနှစ်များတွင် ဦးစားပေးအစီအစဉ်ဖြင့် ပြည်ထောင်စုဘတ်ဂျက်တွင် ထည့်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ မေးမြန်းသော မြန်မာနိုင်ငံအတွင်း ခရိုင်အဆင့် ဆေးရုံကြီးများတွင် စိတ်ကျန်းမားရေးဆရာဝန်ကြီးများ တိုးချဲ့ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စိတ်ကျန်းမာရေးဆရာဝန်ကြီးများ နှစ်စဉ်မွေးထုတ်ပေးလျက် ရှိပါကြောင်းနှင့် မကြာခင် သုံးနှစ်ကနေ ခုနစ်နှစ်အတွင်းတွင် အားလုံးပြည့်စုံမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဦးစိုင်းမောင်ပွင့်၊ တန့်ယန်းမဲဆန္ဒနယ်မှ မေးမြန်းသော တန့်ယန်းမြို့ ပြည်သူ့ အားကစားကွင်းအား ဘက်စုံပြန်လည်မွမ်းမံပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားနိုင်ရေး တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးမျိုးညွန့်၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ မေးမြန်းသော ဟုမ္မလင်းမြို့နယ်၊ နန်တော တိုက်နယ်ဆေးရုံအား စံကိုက်တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အဆောက်အဦသစ် ထပ်မံဆောက်လုပ်ရန် မြေနေရာမရှိတော့ကြောင်းနှင့် လောလော ဆယ်တွင် ဆေးပစ္စည်း၊ ဓာတ်ခွဲပစ္စည်းနှင့်ဓာတ်မှန်များ လိုအပ်ချက်ရှိလျှင် ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးသန်းအောင်၊ ငပုတောမဲဆန္ဒနယ်မှ မေးမြန်းသော ငပုတောမြို့နယ်၊ မကျီးပင် တိုက်နယ်ဆေးရုံအပါအဝင် တိုက်နယ်ဆေးရုံများတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ် ပေးရန် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေအဆိုပြုတောင်းခံပေးမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ်မှ မေးမြန်းသော ရသေ့တောင်မြို့နယ်၊ လောင်းချောင်းကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုက်နယ်ဆေးရုံတစ်ခု တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုတင်ပြပြီး သက်ဆိုင်ရာ စီမံကိန်းနှင့်ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုတင်သွင်းခြင်း
နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန် ဒေသ ဆရာဝန်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် mobile medical team ဖွဲ့ပြီး ကျေးရွာများသို့ အလှည့် ကျကွင်းဆင်း၍ Rural Community Health မြှင့်တင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို ဒေါက်တာဦးအောင်ခင်၊ ပြင်ဦးလွင်မဲဆန္ဒနယ်က တင်သွင်းပြီး ဦးလှထွန်းအောင်၊ မလှိုင်မဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည် ပြုသဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေဖြင့် ၂.၂.၂၀၁၈ ရက်( သောကြာနေ့ ) ညနေ(၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်ပါသည်။
(ဂ) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော ဥပဒေကြမ်းကို လက်ခံရရှိ ကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးတင်ပြခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပြန်လည် ပေးပို့ လာသော စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂.၂.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
