ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၀ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးညွန့်အောင်၊ မုံရွာမဲဆန္ဒနယ်မှ မေးမြန်းသော မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ ရှေးဟောင်း မြန်မာစာပေရေးရာဌာနကို ကျောင်းသား၊ ကျောင်းသူတို့၏အကျိုး၊ နိုင်ငံတော်၏အကျိုး အတွက် ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၎င်းအဆောက်အဦအား နိုင်ငံတော်နှင့် ကျောင်းသားကျောင်းသူများအတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန်အတွက် ပညာရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ညှိနှိုင်းပြီး ဆက်လက်စီမံ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးကျော်ရွှေ၊ ရမ်းဗြဲမဲဆန္ဒနယ်မှ မေးမြန်းသော အခြေခံပညာကျောင်းအုပ်ကြီးများနှင့် သင်ကြားရေးဝန်ထမ်းဆရာ၊ ဆရာမများအား စာမေးပွဲကာလတွင် ပင်စင်အတွက် ကြိုတင်ပြင်ဆင်ခွင့်မပြုဘဲ စာမေးပွဲကာလပြီးဆုံးမှ ခံစားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ပါသဖြင့် စာမေးပွဲကာလ ပြီးဆုံးမှ ခံစားခွင့်ပြုရန်စီစဉ်ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးရဲထွန်းဝင်း၊ ပေါက်မဲဆန္ဒနယ်မှ မေးမြန်းသော ပေါက်မြို့နယ် အခြေခံပညာကျောင်း များတွင် လစ်လပ်နေသော သင်ကြားရေးဆရာ၊ ဆရာမဝန်ထမ်းများနှင့်စီမံရေးဝန်ထမ်း များအား အလျင်အမြန်ခန့် ထားပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်များအတွက် လျှောက်ထားရာ လိုအပ်ချက်ထက် သုံးပုံတစ်ပုံသာ နှစ်ချင်းခန့်ထားနိုင်မှာဖြစ်သည့်အတွက် ခန့်ထားပြီးချိန်တွင် ကိုယ်စားလှယ်တော်ကြီး တင်ပြ သည့် ကျောင်းများ၏ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(၄) ဦးဝင်းသိန်းဇော်၊ ဆားလင်းကြီးမဲဆန္ဒနယ်မှ မေးမြန်းသော ဆားလင်းကြီးမြို့နယ်ရှိ သမ္မတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက် တန်းကျောင်းအဖြစ်သို့လည်းကောင်း၊ သနပ်မျှောင်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်း အဖြစ်သို့လည်းကောင်း အဆင့် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သနပ်မျှောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အား လာမည့်ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးဖို့ ထည့်သွင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် သမ္မတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် သတ်မှတ်မူနှင့်ကိုက်ညီမှုမရှိပါသဖြင့် ဦးစားပေးအဆင့်တွင်မပါရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမဲဆန္ဒနယ်မှ မေးမြန်းသော ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာအထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလာမည့် ပညာသင်နှစ်တွင် ကျောင်း အဆင့်တိုးမြှင့်ခြင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၆) ဦးစတီဖန်၊ ကျိုင်းတုံမဲဆန္ဒနယ်မှ မေးမြန်းသော ကျိုင်းတုံမြို့နယ်၊ ပန်လင်စံကျော်ရွာရှိ အ.ထ.က ကျောင်းခွဲတွင် လစ်လပ်လျက်ရှိသော ကျောင်းအုပ်ဆရာကြီး၊ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ကျောင်းဆရာ၊ ဆရာမများ အမြန်ဆုံးခန့်ထားပေးနိုင်ခြင်း ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နှစ်ချင်းအလိုက် သုံးနှစ်ဆက်ပြီး ခန့်ထားဖို့စီမံဆောင်ရွက် လျက်ရှိ ပါကြောင်းနှင့်လာမည့် ပညာသင်နှစ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(ခ) အဆို(၁)ခုကိုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်မှ တင်သွင်းသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျင်မြန်ချော မွေ့လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး လုပ်သားအင်အားအခြေပြုသော ကုန်ထုတ်လုပ်ငန်းများ (Labour Intensive Industry)ပိုမိုဖွံ့ဖြိုးတိုးတက်ကျယ်ပြန့်လာစေရန်အတွက် ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများပေါ်လာအောင် ကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၁၃)ဦးမှ ဆွေးနွေးပြီး အဆိုအား မှတ်တမ်းတင်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နံနက်( ၁၂ )နာရီ ( ၁၂ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပမည့်ရက်ကို ၁.၂.၂၀၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
