ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၂ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဦးမင်းသိန်း၊ ရေဦးမဲဆန္ဒနယ်မှ မေးမြန်းသော မြို့ပြများစနစ်တကျရေရှည် ဖွံ့ဖြိုးတိုးတက်စေရန်၊ နေထိုင်မှု အဆင့်မြင့်မားစေရန်နှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရန် တို့အတွက် ရေဦးမြို့ မြို့ပြစီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး (၅)နှစ်စီမံကိန်းတွင် လျာထားပြီးဖြစ်ပါ ကြောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ပြန်လည်ထည့်သွင်းလျာထားပေးပြီး မြို့ပြစီမံကိန်းရေးဆွဲရေးအဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၂) ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်မှ မေးမြန်းသော မြေပုံ-ကသာ-ကပိုင် လမ်းပေါ်ရှိမြေပုံ မြို့နယ်နှင့်မင်းပြားမြို့နယ်အတွင်း သီးခြားစီတည်ရှိသောလမ်းဖြတ်နှစ်ခုအား ဆက်သွယ် ပေးမည့် ပြွန်ရှည်ချောင်း ချောင်းကူးတံတားအား ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈ ဧပြီလ (၁)ရက်မှ စက်တင်ဘာလ (၃၀)ရက်အထိ (၆)လ Budget တွင် ရန်ပုံငွေလျာထား တင်ပြတောင်းခံထားပြီး ရရှိပါက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ မေးမြန်းသော ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲဇလီ-ဥယျာဉ် ကျစ် ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေတင်ပြတောင်းခံကာ ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်ခင်သန်းနု၊ မင်းတုန်းမဲဆန္ဒနယ်မှ မေးမြန်းသော မင်းတုန်း-ဘူးတောင်း-ပုသိမ်-မုံရွာလမ်းအား ထပ်ပိုးလွှာခင်းခြင်းနှင့်လမ်းအကျယ်ချဲ့ပေးခြင်းတို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်ပြီး နှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ွပန်လည်ဖြေကြားခဲ့သည်။
(၅) ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ်မှ မေးမြန်းသော တွံတေး-မအူပင်လမ်းမကြီး၊ လှိုင်သာယာ -တွံတေးလမ်းမကြီးဆီသို့ မော်တော်ယာဉ်များဖြင့် တစ်ဆက်တည်းသွားလာနိုင်သည့် ဇီးဖြူကုန်းချောင်းကူးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုပါ လမ်းသည် ကျေးလက်လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နောက်ပိုင်းကာလများတွင် ဘဏ္ဍာငွေတင်ပြတောင်းခံပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်မှ မေးမြန်းသော လွိုင်လင်မြို့မှ တောင်ကြီးမြို့သို့ သွားသည့် ပြည်ထောင်စုကားလမ်းအပိုင်း B.O.T စနစ်ဖြင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ခေါက်နွဲ့တောင်အတက်အဆင်း ကားလမ်းပိုင်းပြုပြင်တည်ဆောက်မှု လမ်းအူကြောင်းအသစ်ရှာဖွေတည်ဆောက်ခြင်း အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအထောက်အပံ့များ ရရှိမည်ဆိုပါက ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးသွားလာနိုင်မည့် ဥမင်လိုဏ်ခေါင်းအတွက် အချိန်အတိုဆုံးပြီးစီးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးအေးမင်းအောင်(ခ)ဦးမင်းမင်း၊ ပေါင်းတည်မဲဆန္ဒနယ်မှ မေးမြန်းသော ပေါင်းတည် မြို့နယ် မှတ်တိုင်-ပေါက်တော ကတ္တရာလမ်းမှာ သတ်မှတ်အာမခံနှစ်မပြည့်မီ အလွန် ဆိုးဝါးစွာ ပျက်စီးနေပါသဖြင့် မည်သည့်ဌာနမှ တာဝန်ယူပြုပြင်ပေးမည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ်မှစတင်ပြီးတော့ ရန်ပုံငွေများတင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုတင်သွင်းခြင်း
ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် တင်ဒါများအား ခေါ်ယူဆောင်ရွက်ရာတွင် လုပ်ငန်းနှင့်သက်ဆိုင်သောပစ္စည်းများ၏ သယ်ယူပို့ ဆောင်ခစရိတ်များနှင့် နည်းပညာအရ ဝန်ကြီးဌာနမှ လုပ်ဆောင်ရန်မလိုသော လုပ်ငန်းတစ်ခုလုံးအပြီး ဆောင်ရွက်ရသည့်လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကန်ထရိုက်ရတင်ဒါ အောင်မြင်သူတစ်ဦးကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေခြင်း၊ ညွှန်ကြားချက်များ၊ လုပ်ငန်း လမ်းညွှန်ချက်များနှင့်ကွဲလွဲစွာ ဆောင်ရွက်နေခြင်းတို့ကို အမြန်ဆုံးလိုက်နာဆောင်ရွက်ရန် နှင့်တင်ဒါပေးရာတွင် ဒေသနှင့်ကိုက်ညီသော ပြီးပြည့်စုံသည့်လုပ်ငန်းပုံစံ (Drawing)များ နှင့်တွက်ချက်မှု (Estimate)များကို သက်ဆိုင်ရာဝန်ကြီးဌာနမှသာ တာဝန်ယူဆောင်ရွက် ပေးပြီး ဈေးနှုန်း(Rate)များကို တင်ဒါဆွဲမည့်ကုမ္ပဏီများကို ထည့်သွင်းရေးဆွဲစေခြင်းဖြင့် မျှတစွာယှဉ်ပြိုင်မှုကို ဖော်ဆောင်ပေးရန်အဆိုကို ဒေါ်နန်းခမ်းအေး၊ နမ္မတူမဲဆန္ဒနယ်က တင်သွင်းပြီး ဒေါ်နန်းခင်စော၊ ကွန်ဟိန်းမဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအားဆက်လက် ဆွေးနွေးရန် လွှတ်တော်ကအတည်ပြုသဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေဖြင့် ၃၀.၁.၂၀၁၈ ရက် ( အင်္ဂါနေ့ ) ညနေ (၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်း ရန်ဖြစ်ပါသည်။
(ဂ) ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ၉၄ ချက်ကို သဘောတူညီခဲ့ပြီး ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၄၉ ချက်ကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း လွှတ်တော်သို့ တင်ပြအဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူမရှိအတည်ပြုသည်။
၃။ အစည်းအဝေးကို နံနက်(၁၁)နာရီ (၂၀)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပမည့်ရက်ကို ၃၀.၁.၂၀၁၈ ရက်(အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
