ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၉၈ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါ်နီရွှေလျန်း၊ ထန်တလန်မဲဆန္ဒနယ်မှ မေးမြန်းသော နိုင်ငံတော်မှ ဝန်ထမ်းများ ခန့်ထားရန် လျှောက်လွှာခေါ်ယူရာတွင် ရှားပါးဒေသများ၌ နေထိုင်သူများအတွက် အသက်လျှော့ပေါ့ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက နိုင်ငံံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဃ)အရ ဝန်ထမ်းသည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည် ဟု ဝန်ထမ်းအဖြစ် စတင်ခန့်ထားနိုင်သည့်အသက်ကို သတ်မှတ်ပြဋ္ဌာန်းခြင်းမှတစ်ပါး နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများတွင် အခြားအသက်ကန့်သတ်ချက်များကို သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပါ၍ အသက်လျှော့ပေါ့သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၂) ဒေါက်တာဦးအောင်ခင်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ မေးမြန်းသော မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသောအကျိုးဆက်များဖြစ်နေခြင်းကို လျော့နည်းစေရန် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ ပြဋ္ဌာန်းရန်အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက လောလောဆယ်မှာတော့ လေထုညစ်ညမ်းမှုထိန်းချုပ်ရေး ဥပဒေပြဋ္ဌာန်းရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါ်နန်းခမ်းအေး၊ နမ္မတူမဲဆန္ဒနယ်မှ မေးမြန်းသော နမ္မတူမြို့နယ်ရှိ နမ္မတူရပ်ကွက်ကို သတ္တုတွင်းနယ်မြေဟု အငြင်းပွားမှုများရှိနေပါသဖြင့် မြေအကျယ်အဝန်း ဧရိယာဧက အတိအကျပါရှိသော တရားဝင်အသိအမှတ်ပြု ထုတ်ပြန်ထားသည့်မြေပုံနှင့်တိကျသော ပြန်တမ်း အမိန့်ကြေညာစာ အပါအဝင် ပိုင်ဆိုင်မှုအထောက်အထားများ ရှိ/မရှိမေးခွန်း နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခင်သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် မြေအကျယ် အဝန်းဧရိယာ၊ ဧကအတိအကျပါရှိသော မြေပုံအထောက်အထားများရှိသော်လည်း ပြန်တမ်း၊ အမိန့်ကြေညာစာများ မတွေ့ရှိရပါ။ လိုအပ်သောဌာနဆိုင်ရာရုံး၊ အဆောက် အအုံများ၊ ဝန်ထမ်းအိမ်ရာများကို သက်ဆိုင်ရာဌာနက ဖော်ထုတ်ချမှတ်မည်ဆိုပါက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရန် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးတိုးသောင်၊ မိုးမိတ်မဲဆန္ဒနယ်မှ မေးမြန်းသော မိုးမိတ်၊ မဘိမ်းသစ်ထုတ်လုပ်ရေး ဒေသမှ ထုတ်လုပ်မည့် သစ်မာတန်(၂၀၀၀)နှင့်ရွှေလီ၊ မဘိမ်းသစ်ထုတ်လုပ်ရေး ဒေသမှ ထုတ်လုပ်မည့် သစ်မာတန်(၁၀၀၀)အား အငှားကားတိုက်ရာတွင် ဒေသခံ ပြည်သူများ လုပ်ကိုင်ခွင့် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနမှ ထုတ်လုပ် မည့်သစ်များအား "မူ" အရ အဖြစ်နိုင်ဆုံးဌာနအင်အားနှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး ဌာန အင်အားဖြင့်မလုံလောက်၍ အငှားကားများ မဖြစ်မနေငှားရမ်းသုံးစွဲသွားရမည် ဆိုပါက ဒေသခံလုပ်ငန်းရှင်များကိုသာ ဦးစားပေးငှားရမ်းသုံးစွဲမှာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ မေးမြန်းသော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းများအား စနစ်တကျအားပေး ကူညီဆောင်ရွက်သွားရန် နှင့်ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေများအား ပြန်လည် စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက CF လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပြီး အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်နှင့် အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသည့် CF လုပ်ငန်းတားမြစ်ချက်များ၊ ဥပဒေစည်းကမ်း ချက်များကို ဖောက်ဖျက်သည့် CF များကိုစိစစ်ပြီး ပယ်ဖျက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးညွန့်အောင်၊ မုံရွာမဲဆန္ဒနယ်မှ မေးမြန်းသော မုံရွာမြို့နယ်၊ လယ်ဇင်အုပ်စု၊ ဆားကျင်း အင်း(သို့)ဆင်သောက်ကန်အင်းအား သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်ရရှိရန် အတွက် ပြန်လည်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်းတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများဆိုင်ရာဥပဒေကြမ်း ကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုဆွေးနွေး လိုသော ကိုယ်စားလှယ်များက ၂၉.၁.၂၀၁၈ ရက်(တနင်္လာနေ့) ညနေ(၄)နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) အဆို(၁)ခုကို ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဒေါက်တာဦးအေးမင်း၊ ခရမ်းမဲဆန္ဒနယ်က တင်သွင်းသည့် နိုင်ငံ့ဝန်ထမ်းများအတွင်း သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီပြီး ထူးချွန်စွာတာဝန်ထမ်းဆောင်သူများမှ သင့်လျော် သော ဝန်ထမ်းအရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်များ၊ အပန်းဖြေလေ့လာရေး ခရီးများ၊ နိုင်ငံရပ်ခြားပညာတော်သင်ခရီးစဉ်များနှင့်အခြားသောဂုဏ်ပြုချီးမြှင့်၊ အသိအမှတ် ပြုမှုများပြုလုပ်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းတို့၏ စိတ်ဓာတ်နှင့်လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၁၆)ဦးမှ ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပမည့်ရက်ကို ၂၆.၁.၂၀၁၈ ရက်(သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
