ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၇.၃.၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃) ဦးအနက် (၄၀၀)ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

( က ) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်က မေးမြန်းသော BOT (Build, Operate and Transfer) စနစ်ဖြင့် မြေငှားရမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများ နှင့်ပတ်သက်၍ နောင်တစ်ချိန်တွင် ဝယ်ယူသူ/ အငှားချထား သူများ မနစ်နာစေရေးအတွက် ရှင်းလင်းညွှန်ပြပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ စီမံကိန်းဘဏ်ဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ထား ရှိပြီးဖြစ်ရာ လုပ်ငန်းဆောင်ရွက်သည့် ဝန်ကြီးဌာနများအနေဖြင့် BOT ဖြင့် လုပ်ကိုင်နေကြသော ပြင်ပကုမ္ပဏီများနှင့် ပတ်သက်၍ နောင်တစ်ချိန်တွင် ဝယ်ယူသူ/ အငှားချထားသူများ မနစ်နာစေရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန PPP Center ၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ PPP Unit တို့နှင့် ညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂)    ဦးအောင်မြင့်ရှိန်၊ မဘိမ်းမဲဆန္ဒနယ်က မေးမြန်းသော မဘိမ်းမြို့နယ်ရှိ မိုးကုတ်-မိုးမိတ်-မဘိမ်း-ဗန်းမော် ဗျူဟာလမ်းပေါ်ရှိ နမ့်ပေါ်ချောင်းရေကျော်အား ကွန်ကရစ် တံတား(သို့) ဘေလီတံတား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြထား ပြီးဖြစ်ရာ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)    ဦးကျော်မင်း၊ လက်ပံတန်းမဲဆန္ဒနယ်က မေးမြန်းသော လက်ပံတန်းမြို့နယ်၏ အနောက်တောင်အရပ်တွင်ရှိသော ကျေးရွာ (၉)ရွာမှ ပြည်သူများ အသုံးပြုနိုင်ရန် အတွက် တာဆိပ်ချောင်းကူးသံဘေလီတံတားအသစ်တစ်စင်းကို မီးရထားတံတား ဖြင့်အပြိုင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် တင်ပြထားပြီးဖြစ်ပါကြောင်း နှင့်ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

 

(၄)    ဦးမြင့်ငွေ၊ ကျောက်ကြီးမဲဆန္ဒနယ်က မေးမြန်းသော ကျောက်ကြီးမြို့နယ်၊ တုံးကြီး အုပ်စုအတွင်း ပါဝင်နေသော တောင်ငူတန်း ရှမ်းချောင်း သံပေါင် ဘေလီတံတားနှင့် ရှမ်းချောင်းရွာတွင်းရှိ ရှမ်းချောင်းသံပေါင် ဘေလီတံတားနှစ်စင်းတို့အား ၂၀၁၉ ခုနှစ် မိုးရာသီမတိုင်မီ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားနှစ်စင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားစာရင်းတွင် မပါဝင်သေးသည့်အတွက် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန် ရန်ပုံငွေလျာထားခြင်း မရှိပါကြောင်းနှင့် ဝန်ကြီးဌာနပိုင် လမ်း/ တံတားအဖြစ် စာရင်းသွင်းပြီးပါက နောက်လာမည့် ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေများ ထည့်သွင်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဒေါ်သန္တာ၊ အိမ်မဲ မဲဆန္ဒနယ်က မေးမြန်းသော အိမ်မဲမြို့နယ်ရှိ ကွင်းကလေး-ကြို့ကုန်းလမ်းကို ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်လမ်းအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာ ထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဦးမိုးရွှေ၊ ပူတာအိုမဲဆန္ဒနယ်က မေးမြန်းသော ပူတာအိုမြို့နယ်၊ မြို့မရပ်ကွက် အတွင်းရှိ ဆောက်လုပ်ရေးပိုင် လမ်းမကြီးပေါ်တွင် ကျူးကျော်တည်ဆောက် ထားသော ဈေးဆိုင် (၈)ခန်းအား အမြန်ဆုံး ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မြို့မရပ်ကွက် ပြည်ထောင်စုလမ်းဘေးတွင် ဆိုင်ခန်း (၁၀)ခန်းနှင့် ပူတာအိုတပ်နယ် သက်သာချောင်ချိရေး ဆိုင်ခန်း (၃)ခန်း စုစုပေါင်း (၁၃)ခန်းရှိရာ မြို့မရပ်ကွက်ရှိ ဆိုင်ခန်း (၁၀)ခန်းအား ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်တွင် နောက်ဆုံးရှင်းလင်း ဖယ်ရှား ပေးရန် သဘောတူဆုံးဖြတ်ခဲ့ပြီး ကျန်ရှိသည့် ဆိုင်ခန်း (၃)ခန်းအား ပူတာအိုမြို့ရှိ စစ်ဗျူဟာမှူး၊ အခြေချစစ်ဗျူဟာအဖွဲ့နှင့် ဖယ်ရှားနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၇)    ဦးကျော်ရွှေ၊ ရမ်းဗြဲမဲဆန္ဒနယ်က မေးမြန်းသော ရမ်းဗြဲမြို့နယ်၊ ဟုန်းချောင်းဖျား ဒေသရှိ ရခိုင်ကျေးရွာများနှင့် ချင်းအမျိုးသားကျေးရွာများ ဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေစေရေးအတွက် ဟုန်းချောင်းဖျားကို ဖြတ်၍ ဘေလီတံတား သို့မဟုတ် သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

( ခ )  ဥပဒေကြမ်း (၁) ခုတင်သွင်းခြင်း

ပညာရေးဝန်ကြီးဌာနက တင်သွင်းသည့် အခြေခံပညာရေးဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၁-၃-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

( ဂ )  အဆို (၁) ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဒေါ်ခင်စန်းလှိုင်၊ ပုလဲမဲဆန္ဒနယ်က နိုင်ငံတော်ပိုင် မြေယာများ၊ အဆောက်အအုံများ၊ လုပ်ငန်းများအပေါ်အခြေပြု၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် ခွင့်ပြုခဲ့သော စီမံကိန်းများအား ပြန်လည်သုံးသပ်စစ်ဆေးကာ ကတိကဝတ်နှင့် မညီညွတ်ပါက ခွင့်ပြုချက် ရပ်ဆိုင်းခြင်း၊ ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံသူနိုင်ငံသားများ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များအတွက် အကျိုးရှိသော စီမံကိန်းသစ်များကို အကောင်အထည်ဖော် ခြင်းအားဖြင့် နိုင်ငံပိုင်အရင်းအမြစ်များအတွက် အမှန်တကယ် အကျိုးရှိလာစေရေး စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြု ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၂ နာရီ ၅၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၁-၃-၂၀၁၉ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။