ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၀.၂.၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅) ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃) ဦးအနက် (၃၇၃) ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

(က)   ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်း

 

(၁)    ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ် က မေးမြန်းသော ၁၆-၁၁-၂၀၁၆ နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ တတိယပုံမှန်အစည်းအဝေးတွင် အရပ်ရပ်ကုန် ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း၏ တစ်ဆက်တစ်စပ်တည်း မေးခွန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားမှုအား မည်သို့ဖြေရှင်းမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံတွင် အရပ်ရပ်ကုန်ဈေးနှုန်းတရိပ်ရိပ်တက်နေမှုကို သင့်လျော်သည့် ကုန်သွယ်ရေးမူဝါဒ၊ ငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ပူးပေါင်း၍ ထိန်းညှိဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂)    ဦးခင်မောင်ရီ၊ ဟင်္သာတမဲဆန္ဒနယ် က မေးမြန်းသော ဟင်္သာတမြို့နယ်အတွင်း ပညာရေးကောလိပ်ကျောင်း တစ်ကျောင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆရာ၊ ကျောင်းသား လိုအပ်ချက်အချိုးအရ သင့်တော်မျှတမှုရှိနေခြင်း၊ အဓိကအားဖြင့် တစ်ပြည်လုံးတွင် ၂ နှစ်သင် ပညာရေးကောလိပ်ကျောင်းများကို ၄ နှစ်သင် ပညာရေးကောလိပ်ကျောင်းများအဖြစ် ဖွင့်လှစ် ဆောင်ရွက်နိုင်ရန် ဦးစားပေး ဆောင်ရွက်နေခြင်းတို့ကြောင့် ဟင်္သာတမြို့နယ်အတွင်း ပညာရေးကောလိပ်ကျောင်း အသစ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ် ဦးစားပေးဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)    ဦးအောင်စိုးမင်း၊ ရွာငံမဲဆန္ဒနယ် က မေးမြန်းသော ရွာငံမြို့နယ်အတွင်းရှိ ယကြီး ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ကျောက္ကူပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တို့အား အခြေခံပညာအထက်တန်းအဆင့်သို့ တိုးမြှင့်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသေးပါ၍ လာမည့် နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၄)    ဦးဝင်းနိုင်၊ မိုးကောင်းမဲဆန္ဒနယ် က မေးမြန်းသော မိုးကောင်းမြို့နယ်၊ ကြာအင်း ကျေးရွာအလယ်တန်းကျောင်း(ခွဲ)တွင် အမှန်တကယ် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ် အား အနီးစပ်ဆုံး ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မိုင်းကောင်းမြို့အတွင်း ၁၂၀ပေ x ၃၀ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင်အား ဆောက်လုပ်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခေါင်းစဉ်အောက်တွင် လျာထားတင်ပြပြီး ရန်ပုံငွေ ခွင့်ပြုချက်ရရှိလျှင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဒုတိယဗိုလ်မှူးကြီးသောင်းစိန်၊ တပ်မတော်သားကိုယ်စားလှယ် က မေးမြန်းသော ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ရွာ အခြေခံပညာအထက်တန်းကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်လိုသောကြောင့် သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ပြီး ၇-၉-၂၀၁၇ ရက်နေ့တွင် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးသို့ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်တင်ပြရာတွင် တစ်စုံတစ်ရာ အကြောင်းပြချက်မရှိဘဲ နောင်နှစ်တွင်သာ ထပ်မံလျှောက်ထားရန် ညွှန်ကြားခဲ့သဖြင့် ၎င်းကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က စာစစ်ဌာန အသစ်အဖြစ် ဖွင့်လှစ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဦးအေးဝင်း၊ အင်္ဂပူမဲဆန္ဒနယ် က မေးမြန်းသော အင်္ဂပူမြို့နယ်ရှိ အ.ထ.က(ခွဲ) လူပျိုတော်ကွင်းကျောင်းနှင့် အ.ထ.က(ခွဲ) ချင်းကုန်းကျောင်း (၂)ကျောင်းအား အ.ထ.က အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လူပျိုတော်ကွင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ချင်းကုန်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား ဦးစားပေးအစီအစဉ်တွင် ပါရှိခြင်း မရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၇)    ဒေါ်စိုးနွယ်အေး၊ တံတားဦးမဲဆန္ဒနယ် က မေးမြန်းသော တံတားဦးမြို့နယ်၊ တောင်ဘီလူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လာမည့်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ရေးအမှုတွဲ တင်ပြ လျှောက်ထားစေပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

( ခ )  ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်းလွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းသည်။ အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၂-၂-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

( ဂ )  အဆို (၁) ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဒေါ်ဇင်မာအောင်၊ ရန်ကင်းမဲဆန္ဒနယ် က ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital Literacy) အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်စီမံကိန်း နှင့် (Digital Literacy Framework) မူဘောင်ရေးဆွဲချမှတ် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်ကိုယ်စားလှယ် (၅) ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၂-၂-၂၀၁၉ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။