ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦးအနက် (၃၉၄)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးဦးထွန်းဝင်း၊ ကျောက်တော်မဲဆန္ဒနယ်က မေးမြန်းသော ကျောက်တော်မြို့နယ်ရှိ အုတ္တောင်ပြင်ကျေးရွာအနီး ပြိန်းချောင်း ဦးပိုင်အမှတ် ၆၅၉ ကွင်း နှင့်ပတ်သက်ပြီး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် မြေပြင်အခြေအနေ ကွာခြားချက်များကို ပြန်လည်စိစစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ လိုအပ်ချက်များအား အကျိုးအကြောင်းဖော်ပြ၍ ပြည့်စုံစွာ ရေးသားဖော်ပြပြီး ဆက်သွယ်ပေးပို့ပါက သက်ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြပြီး ပြန်လည်စွန့်လွှတ်ပေးနိုင်ပါက စွန့်လွှတ်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဦးဇုံးတိန့်၊ ချီဖွေမဲဆန္ဒနယ်က မေးမြန်းသော ယခင်ငြိမ်းချမ်းရေး ရယူခဲ့သော ဒေသဖြစ်သည့် ပန်ဝါမြို့နှင့် ချီဖွေမြို့သို့ ဆက်သွယ်ထားသောလမ်းကို ခွဲကျောက်စီ ခင်းလမ်း ဖောက်လုပ်ခဲ့ပြီး ယခုအချိန်တွင် လုံးဝပျက်စီးနေပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကချင်ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေတွင် လျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဦးစိုင်းမောက်ခမ်း၊ လားရှိုးမဲဆန္ဒနယ်က မေးမြန်းသော လားရှိုးမြို့ မြို့တွင်းလမ်းတိုးချဲ့ပေးစေလိုမှု၏ ဆက်စပ်မေးခွန်း ဖြေကြားချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မှုအပေါ် သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လားရှိုးမြို့တွင်းလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် ၂၀၂၀ ခုနှစ် နောက်ပိုင်းမှသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးကျော်ကြီး(ခ) ဦးအုန်းခင်၊ မင်းလှမဲဆန္ဒနယ်က မေးမြန်းသော မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာအနီး ရွာဦးထိပ်မှ ဖြတ်သန်းစီးဆင်းနေသော ချောင်းအား ရေကျော် (သို့)တံတားတည်ဆောက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားအား သံကူ ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးသန်းအောင်၊ ငပုတောမဲဆန္ဒနယ်က မေးမြန်းသော ငပုတောမြို့နယ်နှင့် လပွတ္တာ မြို့နယ်တို့ကို ဆက်သွယ်သော ထိပ်စွန်း-သုံးခွ-(ကျောက်ဖျာလေး) လပွတ္တာလမ်း ပေါ်ရှိ ရေပေါ်ကြီးမှ သစ်ပုတ်ထိပ်ကမ်းအထိ ဖောက်လုပ်ရန် ကျန်ရှိနေသေးသော မြေသားလမ်း (၅)မိုင်ကို လာမည့်ဘတ်ဂျက်နှစ်တွင် စတင်ဖောက်လုပ်နိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထား တင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးစိန်အောင်၊ ပလက်ဝမဲဆန္ဒနယ်က မေးမြန်းသော မတူပီ- ပလက်ဝ လမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) တည်ဆောက်ရေး စီမံကိန်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ထပ်မံလိုအပ်ရန်ပုံငွေအား ပြည်ထောင်စုရန်ပုံငွေမှ တာဝန်ယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပလက်ဝတံတားတည်ဆောက်ရေး စီမံကိန်းကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေထည့်ပေးရန် လိုအပ်ပါကြောင်းနှင့် ရန်ပုံငွေထည့်ပေးပါက ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်သွားနိုင်မည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးအောင်ကျော်ဇံ၊ ပေါက်တောမဲဆန္ဒနယ်က မေးမြန်းသော ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း မြင့်ဂါ-ဖားဒူကားလမ်းပေါ် ငရုတ်ချောင်းကျေးရွာအနီးရှိ ချောင်းကိုဖြတ်၍ သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်းလျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို (၁) ခုတင်သွင်းခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင် အဓိကကျသည့် ကျေးလက်နေ ပြည်သူလူထု၏ လူနေမှုဘဝမြှင့်တင်နိုင်ရန် မဖြစ် မနေဆောင်ရွက်ရမည့် ကဏ္ဍတစ်ရပ်ဖြစ်သော ကျေးလက်လမ်း၊ တံတားများ တည်ဆောက် အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရန် အတွက် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းပြီး ဦးနိုင်ထူးအောင်၊ နွားထိုးကြီးမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၈-၂-၂၀၁၉ ရက်(တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။
( ဂ ) ဥပဒေကြမ်း (၁) ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ သဘောကွဲလွဲသည့် အချက် (၄၃)ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည် ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ (က)နှင့် (ခ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၈-၂-၂၀၁၉ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
