ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ ) ဦးအနက် (၄၀၀) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးလွင်ကိုလတ်၊ သန်လျင်မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရခဲ့သော ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် ၎င်းပြည်နယ်များအတွက် အထူး ကင်းလွတ်ခွင့်ပေး၍ ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ကယားပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မြို့နယ်အားလုံးတွင် ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းများအနေဖြင့် စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက် တည်း (၇)နှစ်အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့် ခံစားခွင့်ရရှိမှာ ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဦးခင်ဇော်၊ ကော့သောင်းမဲဆန္ဒနယ်က မေးမြန်းသော ကော့သောင်းမြို့တွင် မော်တော်ယာဉ်ရပ်နားသည့်စခန်း တိုးချဲ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက လုံလောက်သော မြေနေရာ မရှိသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယာဉ်ရပ်နားစခန်းကို တိုးချဲ့ရန် မရှိသေးပါကြောင်းနှင့် တိုးပွားလာသည့် ယာဉ်လိုင်းများအတွက် လုံလောက်သော ယာဉ်ရပ်နားစခန်း ပေါ်ပေါက်လာစေရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ခေတ်မီယာဉ်ရပ်နားစခန်း (၁)ခု တည်ဆောက် နိုင်ရေး လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည်မဲဆန္ဒနယ်က မေးမြန်းသော စည်ပင်သာယာရေး ဈေးများ၏ ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးဆိုင်တန်းများ သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများနှင့် သန့်ရှင်းသောဈေးများ ဖြစ်ပေါ်လာအောင် မည်ကဲ့သို့စီစဉ်ဆောင်ရွက်သွားမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီများအနေဖြင့် တာဝန်ယူ၍ သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် ညှိနှိုင်းပြီး ကျန်းမာရေး ဦးစီး ဌာနမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်စေလျက် ဈေးသည်များ ဈေးစည်းကမ်းနှင့်အညီ ဖွင့်လှစ်ရောင်းချပြီး သန့်ရှင်းလတ်ဆတ်သော ကျန်းမာရေးနှင့်ညီညွတ်သည့် ရောင်းကုန်ပစ္စည်းများ ဖြစ်စေရေး စစ်ဆေးကြီးကြပ်ဆောင်ရွက်ခြင်း၊ စည်းကမ်း အတိုင်း လိုက်နာဆောင်ရွက်စေရန် ကြပ်မတ်လုပ်ဆောင်ခြင်းများ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ဖြေကြားချက် အပေါ် ပေါင်းစပ်ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်က မေးမြန်းသော တောင်ဥက္ကလာပ မြို့နယ် ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံတွင်ရှိသော ယာဉ်ငယ်ရပ်နားစခန်း (၂)ခုတွင် ယာဉ်ရောင်းဝယ်ရေးစခန်းဖွင့်မည်ဆိုပါက ရတနာလမ်းတစ်လျှောက် တွင်ရှိသော ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံတော် အတွက်လည်း ဝင်ငွေတိုးတက်မည်ဖြစ်ပါသဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် မေးခွန်း နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံရှိ ယာဉ်ရပ်နားစခန်း (၂)ခုအား ယာဉ်ရောင်း ဝယ်ရေးစခန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် လက်ရှိ ယာဉ်ရပ်နားစခန်းအတိုင်းသာ ထားရှိမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ဖြေကြားချက်နှင့်အတူ ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဒဂုံမဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှာ အကြိုအဖွဲ့ဝင် (candidate) အနေနှင့် ဝင်ရောက်ခဲ့သည့် Extractive Industries Transparency Initiative(EITI) ဆိုသည့် သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်နေ သည့် အဖွဲ့ကြီး၏တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတ တူးဖော်ခြင်းမှ ရရှိသည့် နိုင်ငံတော်၏ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်နိုင်ရေး အစီအစဉ်များ မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သယံဇာတတူးဖော်ခြင်းမှ ရရှိသည့် နိုင်ငံတော်၏ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြလျက်ရှိပါကြောင်းနှင့် ထိုဝင်ငွေများသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ဝင်ရောက်ပြီးဖြစ်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ Other Account (OA) စာရင်းများနှင့်ပတ်သက်၍ စာရင်းသဘောအရ လက်ကျန်ပေါ် နေသော ငွေရပ်များကို မည်သို့ဆက်လက်ဆောင်ရွက်သင့်သည်ကို နိုင်ငံတော် စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် ဆွေးနွေးသုံးသပ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်က မေးမြန်းသော အောင်ဘာလေ သိန်းဆုဌာနမှ သတ်မှတ်ဈေးနှုန်းဖြင့် ပြည်သူများလွယ်ကူစွာ ဝယ်ယူကံစမ်းနိုင် ရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်နှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမို ရောင်းချနေသော လုပ်ငန်းရှင်အဆင့်ဆင့်များအား မည်သို့ ညှိနှိုင်းစီမံဆောင်ရွက် သွားမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သတ်မှတ်ချက် နှင့်အညီ ကြိုတင်လျှောက် ထား၍ Deposit တင်သွင်းသည့် ထီလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ စာချုပ် ချုပ်ဆို၍ ရောင်းချခြင်း၊ စာချုပ်ပါ စည်းကမ်းချက်များအား တိကျစွာ လိုက်နာမှု မရှိသော ထီဝယ်ယူခွင့် လျှောက်ထားသူများနှင့် ဈေးနှုန်းတိုးမြှင့်ရောင်းချသည့် လက်ကားဆိုင်ကြီးများ၊ လက်ခွဲ၊ လက်လီအရောင်းဆိုင်များအား မြို့နယ်များ အလိုက် စိစစ်ဖော်ထုတ်၍ ထီစာအုပ်ဝယ်ယူခွင့်ပိတ်သိမ်းခြင်း၊ စပေါ်ငွေများ သိမ်းယူခြင်း စသည့်စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများနှင့် အရေးယူကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ်က မေးမြန်းသော ရေပူစစ်ဆေးရေးဂိတ်၏ ယာဉ်များ စစ်ဆေးရာလမ်းကြောင်း၊ စစ်ဆေးသည့် နေရာများ ယာဉ်သွားလာမှု အဆင်ပြေစေရန် ကောင်းမွန်သောလမ်းများ ခင်းထားပေးရန် အစီအစဉ်ရှိ၊ မရှိ၊ ယာဉ်စစ်ဆေးရာတွင် တာဝန်ကျဝန်ထမ်းများနှင့် ပြည်သူ့စစ်များ၏ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲလာစေရန် မည်သို့ဆောင်ရွက်ပေးမည်နှင့် ပြည်ပသို့ တင်ပို့သည့် ပါမစ်ရနွားကားများကို စစ်ဆေးသည့် အထူးအစီအစဉ်များ ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အကောက်ခွန်ဦးစီးဌာနပိုင်အဖြစ် ရရှိပြီးပါက နိုင်ငံတော်ဘဏ္ဍာငွေ ခွင့်ပြုချက်ဖြင့် စခန်းအတွင်းရှိ ကျောက်ခင်းလမ်းမကြီးများကို ပိုမိုကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး နှင့်ပတ်သက်၍ အလေးထားဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်ညီညွတ်မှု မရှိသော ကိစ္စရပ်များရှိပါက ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်းနှင့် နွားတင်ပို့မည့်ယာဉ်များအား ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တာဝန်ကျဝန်ထမ်းများမှ စစ်ဆေးဆောင်ရွက် သည့်အပြင် တရားမဝင်လမ်းကြောင်းများမှ တင်ပို့မှုများကိုလည်း ဒေသအာဏာ ပိုင်များ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အထူးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေး ဖမ်းဆီးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို (၁) ခုတင်သွင်းခြင်း
ဒေါ်ခင်စန်းလှိုင်၊ ပုလဲမဲဆန္ဒနယ်က နိုင်ငံတော်ပိုင် မြေယာများ၊ အဆောက်အအုံများ၊ လုပ်ငန်းများအပေါ်အခြေပြု၍ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် ခွင့်ပြုခဲ့သော စီမံကိန်း များအား ပြန်လည်သုံးသပ်စစ်ဆေးကာ ကတိကဝတ်နှင့် မညီညွတ်ပါက ခွင့်ပြုချက် ရပ်ဆိုင်းခြင်း၊ ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံသူနိုင်ငံသားများ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များအတွက် အကျိုးရှိသော စီမံကိန်းသစ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံပိုင်အရင်းအမြစ်များအတွက် အမှန်တကယ် အကျိုးရှိလာစေရေး စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းပြီး ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်က ထောက်ခံ ခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေး လိုသော လွှတ်တော်ကိုယ်စားလှယ်များက ၈-၂-၂၀၁၉ (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော နယ်နိမိတ် တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပမည့်ရက်ကို ၈-၂-၂၀၁၉ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
