ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၄.၂.၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၁ )ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

(က)   ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း

 

(၁)    ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ်က မေးမြန်းသော ပြည်ပသို့တရားမဝင်ငွေလွှဲ ဝန်ဆောင်မှု (Hundi) နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ပြည်ပသို့ တရားဝင်ငွေလွှဲခွင့် ပြုထားသည့် စုစုပေါင်းငွေကြေးပမာဏအား သိလိုခြင်း၊ ပြည်ပသို့တရားမဝင် ငွေကြေးလွှဲပြောင်းခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာအနေဖြင့် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း၊ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်းကြောင့် နိုင်ငံအပေါ် ဖြစ်ပေါ်လာသည့် အကျိုးဆက်တို့ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က စုစုပေါင်း(၃၅)ဘဏ်သည် ပြည်ပသို့ငွေလွှဲပေးပို့ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် (၂၉)အရ အမေရိကန်ဒေါ်လာ ၁၀၀၀၀/- သို့မဟုတ် ယင်းနှင့် ညီမျှသော နိုင်ငံခြားငွေထက် ပိုများသောပမာဏကို လွှဲပြောင်းပေးချေလိုပါက ဗဟိုဘဏ်သို့ တင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြင့် ပြည်ပသို့တရားမဝင် ငွေကြေးလွှဲပြောင်း ခြင်းများ လျော့နည်းပပျောက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂)  ဦးနေမျိုးထက်၊ ကျောက်တံတားမဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(MESC)တို့အနေဖြင့် မည်သည့်မြို့နယ်များကို တာဝန်ယူလုပ်ကိုင်ပြီး မည်သည့်မြို့နယ်များကို Franchise တာဝန်ပေးအပ် လုပ်ကိုင်နေသည်ကို သိလိုခြင်း၊ မြို့နယ်တစ်မြို့နယ်ချင်းအလိုက် Franchise၊ YESC နှင့် MESC တို့၏တာဝန်ယူ လုပ်ကိုင်နေသော ဓာတ်အားပျောက်ဆုံးမှု အခြေအနေစာရင်းများကို သိလိုခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှုများ ရှိနေခြင်းကြောင့် နိုင်ငံတော်ပြည်သူ့ဘဏ္ဍာငွေများ နစ်နာမှုများဖြစ်ပေါ်နေ၍ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းအောင် မည်ကဲ့သို့ စီမံ ဆောင်ရွက်မည့် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က YESC မှ (၄၂) မြို့နယ်၊ Franchise ကုမ္ပဏီများမှ (၁၅)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် MESC မှ (၁၄) မြို့နယ်နှင့် Franchise ကုမ္ပဏီများမှ (၂၀) မြို့နယ် တာဝန်ယူလုပ်ကိုင်လျက်ရှိပြီး ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး လျာထားချက်များ သတ်မှတ်ကာ လျှော့ချ ဆောင်ရွက်စေလျက်ရှိပြီး၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ခရိုင်၊ မြို့နယ် လျှပ်စစ်မန်နေဂျာများမှ စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေးပြီး၊ Management Level မှ အခါအားလျော်စွာ စစ်ဆေးခြင်း၊ ရုံးချုပ်မှ လစဉ်တိုးတက်မှု အခြေအနေကို သုံးသပ်ကာ စစ်ဆေးကြပ်မတ်ခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၍ ညှိနှိုင်း ပေါင်းစပ်ခြင်းတို့ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)    ဦးသိန်းထွန်း၊ကျောင်းကုန်းမဲဆန္ဒနယ်က မေးမြန်းသော ကျောင်းကုန်းမြို့နယ် အတွင်းရှိကျေးရွာများ လျှပ်စစ်မီးပျံ့နှံ့စွာ ရရှိစေရန် မြို့နယ်နှင့်ဆက်သွယ်သည့် ၁၁ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့ချိတ်ဆက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ    ရန်ပုံငွေတွင် ထည့်သွင်းလျာထားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

(၄)    ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်က မေးမြန်းသော မြစ်သား မြို့နယ်၊ မြောင်းကြီးဘောင်၊ ပွဲလုံးကျော်နှင့်ထိန်ကန်ကြီး ကျေးရွာများမှာ ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ကျေးရွာမီးလင်းရန်အခက်အခဲရှိနေသောကြောင့် လျှပ်စစ်မီးရရှိရေး အတွက် ရန်ပုံငွေချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  ထရန်စဖော်မာ (၂)လုံး တည်ဆောက်ခြင်းလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထား၍ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၅)    ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ်က မေးမြန်းသော ပန်းတောင်းမြို့နယ် အတွင်း ကြံခင်း-ပခုက္ကူရထားလမ်းပိုင်း တည်ဆောက်ရာတွင် သိမ်းဆည်းမြေများ အတွက်လျော်ကြေးပေးချေရန် နောက်ဆက်တွဲ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က အတည်ပြုပြီးသည့်နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မြန်မာ့မီးရထားသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်အမီ အကြောင်းကြားလာပါက ထည့်သွင်း လျာထားတောင်းခံ၍ ခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ လျောကြေးပေးချေခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဦးဉာဏ်လင်း၊ ရွှေပြည်သာမဲဆန္ဒနယ်က မေးမြန်းသော ရွှေပြည်သာမြို့နယ်၊ မြန်မာ့ စာတိုက်လုပ်ငန်း အဆောက်အဦးသည် အများပြည်သူနှင့် ဆက်သွယ်ရေးဝန်ထမ်း များအတွက် အန္တရာယ်ရှိအဆောက်အဦအဆင့်သို့ ရောက်ရှိနေပါသဖြင့် ခေတ်မီ မြန်မာ့စာတိုက်နှင့်ဆက်သွယ်ရေး လုပ်ငန်းဆောက်အဦ သစ်တစ်လုံးကို အမြန် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ယာယီအဆောက်အဦ တစ်လုံးကို ၂၀၁၉ ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ရာ ၂၀၁၉ မတ်လကုန်တွင် ပြီးစီးမည်ဟုခန့်မှန်းထားပါကြောင်းနှင့် စာတိုက်အသစ် ဆောက် လုပ်ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း (၃၀၀) တင်ပြတောင်းခံ၍ ခွင့်ပြုချက်ရရှိပါက ဆောက်လုပ် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၇)    ဦးစိုင်းဘသိန်း၊ လင်းခေးမဲဆန္ဒနယ်က မေးမြန်းသော လင်းခေးမြို့နယ်၊ နားကုန်း ကျေးရွာအုပ်စု ခုံအွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနံဘေးရှိ တိန်းချောင်းကမ်းပါး ထပ်မံမပြိုကျနိုင်စေရေးအတွက် မြေထိန်းနံရံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ် ဖြည့်စွက် ရန်ပုံငွေဖြင့် အရေးပေါ်တည်ဆောက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၃၉ ခုအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် တင်ပြတောင်းခံထားခြင်းမရှိပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် လုပ်ငန်း ၁၁ ခုသာ ရန်ပုံငွေ လျာထားတင်ပြတောင်းခံထားပါကြောင်းနှင့် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

( ခ )  အဆို (၁) ခုတင်သွင်းခြင်း

ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ် ၆ မြို့နယ်တွင် တိကျသည့် နယ်နိမိတ် သတ်မှတ်ချက်၊ တိကျသည့် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ တရားဝင်မှတ်ပုံ တင်စေပြီး အချိန်ကာလတစ်ခုအထိ ရည်ရွယ်၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုပါရန်  နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းပြီး ဦးရဲလွင်၊ အလုံမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ကန့်ကွက်သူရှိသဖြင့် လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်/မသင့် စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူ ဦးရေများသည့်အတွက် လက်ခံဆွေးနွေးရန် မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

 

(ဂ)    အစီရင်ခံစာ (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ရယူခြင်း

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၃) ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

 

(ဃ)   ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ အစီရင်ခံစာဖတ်ကြားခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့က တင်သွင်းသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့်အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပမည့်ရက်ကို ၇-၂-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။