ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၄၀၀ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၁၄)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးအောင်ကျော်ဦး(ခ)ဦးကျော်ဦး၊ မိုင်းတုံမဲဆန္ဒနယ်က မေးမြန်းသော တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်နယ်/တိုင်းများတွင် ရုံးခွဲများဖွင့်လှစ်မှုအခြေ အနေ၊ ရာထူးအလိုက်၊ လူမျိုးအလိုက်ဝန်ထမ်းများ ခန့်ထားမှုအခြေအနေနှင့် ဝန်ထမ်း အင်အားအခြေအနေ၊ ဝန်ထမ်းများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရုံးခွဲများ မဖွင့်နိုင်သေးသည့် ပြည်နယ်/ တိုင်းများအတွက် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတို့ဖြင့် ၂၅-၅-၂၀၁၆ ရက်နေ့တွင် ဖွဲ့စည်းပုံ အရာထမ်း (၃၇၀)ဦး၊ အမှုထမ်း (၇၆၁)ဦး စုစုပေါင်း(၁၁၃၁)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ရာတွင် ဒေသခံတိုင်းရင်းသားများအား ဦးစားပေးရွေးချယ်ခန့်အပ်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဒေါ်ခင်စန်းလှိုင်၊ ပုလဲမဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံတစ်ဝန်း မြို့ဟု သတ်မှတ် အသိအမှတ်ပြုထားသည့် မြို့များတွင် လိုအပ်သည့် ဖွံ့ဖြိုးစည်ပင်သာယာရေးအတွက် ရေတိုရေရှည် အစီအမံများ ချမှတ်၍ ရန်ပုံငွေချပေးကာ ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက မြို့ဟုသတ်မှတ်သော မြို့အများစုတွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ နှစ်စဉ်ချမှတ်ပေးသော ရန်ပုံငွေ အတိုင်းအတာကိုသာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့်ပူးပေါင်း၍ နှစ်စဉ်စီမံချက်များချမှတ်ပြီး မြို့ဖွံ့ဖြိုး စည်ပင်သာယာရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြာင်း တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ဖြေကြားချက်အပေါ်ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ သည်။
(၃) ဦးဝင်းအောင်၊ မိုးမောက်မဲဆန္ဒနယ်က မေးမြန်းသော အခြေခံပညာအထက်တန်း အဆင့် အသစ်ပြဋ္ဌာန်းမည့် (KG+12) သင်ရိုးဖြင့် ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းများ၏ သင်္ချာနှင့်သိပ္ပံဘာသာရပ်များ သင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုရလဒ် မြင့်မားစေရေးနှင့် သင်ယူမှုရလဒ်အရသိရှိခြင်း၊ နားလည်ခြင်းနှင့် အသုံးချခြင်းအဆင့်အထိ ရောက်ရှိနိုင်ရန် ကျောင်းသုံးစာအုပ် များကို မြန်မာဘာသာဖြင့် ပြုစုသင်ကြားရန် အစီအစဉ် ရှိ၊ ရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အရည်အသွေးရှိသော ပညာရေးဖြင့် ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်ပြီး တစ်သက်တာ သင်ယူ သူများအဖြစ် နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဂုဏ်သိက္ခာမြင့်မားသည့် မြန်မာနိုင်ငံသားများဖြစ်လာစေရေးကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်၍ ကျောင်းသုံး စာအုပ်များကို မြန်မာဘာသာဖြင့် ပြုစုသင်ကြားရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်က မေးမြန်းသော ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားလာစေရန်အတွက် အပြစ်ပေးအရေးယူခံရသော ပညာရေး ဝန်ထမ်းစေလွှတ်ခြင်းထက် ကြိုးစားအားထုတ်မှုရှိပြီး ဒေသနှင့် ကိုက်ညီသင့်လျော် သော ပညာရေးဝန်ထမ်းများစေလွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ထမ်းများ စေလွှတ်ရာတွင် ကြိုးစားအားထုတ်မှုရှိပြီး ဒေသနှင့် ကိုက်ညီသင့်လျော်သော ပညာ ရေးဝန်ထမ်းများကို စေလွှတ်ပေးလျက်ရှိပါကြောင်းနှင့် ၎င်းဒေသသို့ ပြစ်ဒဏ်ကျ ဝန်ထမ်းများကိုသာ စေလွှတ်ခြင်းမျိုး မဆောင်ရွက်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၅) ဦးဌေးမင်းသိန်း၊ ကြို့ပင်ကောက်မဲဆန္ဒနယ်က မေးမြန်းသော ဝန်ကြီးဌာနတူ၊ လုပ်သက်တူအငြိမ်းစားအစိုးရဝန်ထမ်း ပင်စင်လစာအား တန်းတူ အကျိုးခံစားခွင့် ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ မတိုင်မီ အငြိမ်းစားလစာခံစားလျက်ရှိသည့် ပင်စင်စားများ၏ ပင်စင်ခံစားခွင့်ကို လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအငြိမ်းစားယူပါက ရရှိမည့် ပင်စင်ခံစားခွင့်အတိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင့်ခံစား ခွင့်ပြုရန် ၁၉-၁၂-၂၀၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးသက်နိုင်ဦး၊ ရေဖြူမဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရန် လျာထားချက်ကို မည်သည့်အချက်များအပေါ် အခြေခံ၍ သတ်မှတ်လျာထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က မြို့နယ်များ၏ အခြေခံအချက်အလက်များအပေါ်မူတည်၍ အနီးစပ်ဆုံးဖြစ်စေရန် ခွဲဝေလျာထား သတ်မှတ်ပေးလျက်ရှိပါကြောင်း၊ အနာဂတ်ကာလတွင် ယခုထက် ပိုမိုပြည့်စုံ အဆင့်မြင့်သည့် Revenue Forecasting Model ကို အသုံးပြုပြီး ခန့်မှန်းတွက် ချက်လျာထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြို့နယ်အလိုက် အကြံပြုလိုသည်များရှိပါကလည်း ကြိုဆိုပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးနေမျိုးထက်၊ ကျောက်တံတားမဲဆန္ဒနယ်က မေးမြန်းသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကုန်းတွင်းလုပ်ကွက် ရေနံမြေများနှင့် ကမ်းလွန်လုပ်ကွက် များကို ရေနံကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆိုပြီး ဆောင်ရွက်ရာတွင် ၎င်းလုပ်ကွက် များ၏ ဆိုက်စမစ်တိုင်းတာခြင်းအခြေအနေများကို သိလိုခြင်းနှင့် စီးပွားဖြစ်ထုတ် လုပ်နိုင်မည့် အခြေအနေများ ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က စုစုပေါင်း(၂၀) ကွက်တွင် ဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကမ်းလွန် လုပ်ကွက်(၃)ကွက်တွင် သဘာဝဓာတ်ငွေ့ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သဖြင့် အသေးစိတ်စူးစမ်းလေ့လာမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်သူလူထုသို့ အချိန်နှင့်တစ်ပြေးညီ အသိပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၈) ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်က မေးမြန်းသော ပြည်သူပိုင်အဖြစ် ၁၉၆၉ ခုနှစ်တွင် သိမ်းဆည်းခံရသော လွိုင်လင်မြို့၊ ရပ်ကွက်(၄)ပင်လုံလမ်း၊ ကွင်းအမှတ် (၅၄)၊ ဦးပိုင်အမှတ်(၈၉)၊ ဧရိယာ(ဝ.၂၆၁)ဧကအား မူလပိုင်ရှင်သို့ ပြန်လည်စွန့်လွှတ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က သိမ်းဆည်းမြေ တိုင်ကြားစာများနှင့် ပတ်သက်၍ ၁၉၈၈ ခုနှစ် နောက်ပိုင်းမြေသိမ်းဆည်းမှုကိုသာ စိစစ်ဖြေရှင်း ဆောင်ရွက် သွားရန်ဟု မူဝါဒချမှတ်ထားပါကြောင်းနှင့် ၎င်းမြေအား ပုံသေပိုင်ပစ္စည်းစာရင်းတွင် ဆက်လက်တည်ရှိခြင်း မရှိသည့်အတွက် မြေစွန့်လွှတ်မှုအား ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စမဟုတ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၉) ဦးဝင်းနိုင်၊ မိုးကောင်းမဲဆန္ဒနယ်က မေးမြန်းသော မိုးကောင်းမြို့အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများသို့ အားကစားအထောက်အကူပစ္စည်းများ ပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လျာထား ပြီးဖြစ်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၀) ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ်က မေးမြန်းသော ရသေ့တောင်မြို့နယ်၊ စေတီပြင်တိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန် နေရာ အတွက် အမြန်ဆုံး အစားထိုးခန့်အပ်ပေးရန်နှင့် ယင်းဆေးရုံအတွက် ရင်ခွဲရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လိုအပ်သော လက်ထောက်ဆရာဝန်အား မကြာခင်မှာ ခန့်အပ်မှာဖြစ်ပြီး ရင်ခွဲရုံတည်ဆောက် ခြင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေမှ ခွင့်ပြုပြီး ဖြစ်၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၁) ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်က မေးမြန်းသော ဒလမြို့နယ်၊ ဒလပြည်သူ့ ဆေးရုံတွင် ခေတ်နှင့်လျော်ညီသော နှစ်ထပ်လူနာဆောင် တိုးချဲ့တည်ဆောက်ပေးရန်၊ ရခိုင်ချောင်းတိုက်နယ်ဆေးရုံကိုလည်း စံကိုက်အဆောက်အဦ ပြန်လည်တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၁၂) ဦးအောင်စိန်၊ ထားဝယ်မဲဆန္ဒနယ်က မေးမြန်းသော မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတတည်ရှိမှုများကို သုတေသနပြုလုပ်သည့် နိုင်ငံခြားရေယာဉ်၏ လေ့လာ တွေ့ရှိချက်များသည် သက်ဆိုင်ရာဌာနနှင့် ပြည်သူများအတွက် မည်သို့အကျိုးပြု သည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန် ဦးလှကျော်က ပလတ်စတစ်ညစ်ညမ်းမှုနှင့် ဆိုးကျိုးအန္တရာယ် များကို ပြည်သူများပိုမိုသိရှိလာခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် အမှတ်တမဲ့ ပလပ်စတစ်နှင့် အမှိုက်များ စွန့်ပစ်မှုပပျောက်လာနိုင်ပြီး ထိုမှတဆင့် ပိုမိုကောင်း မွန်သော ငါးအာဟာရဓါတ်များကို ရရှိလာနိုင်သည့်အပြင် ငါးသယံဇာတတိုးပွား ရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၃) ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်က မေးမြန်းသော ၁၆ လက်မ တစ်မိုင်စကေးဖြင့် ရေးဆွဲထားသော မြစ်သားမြို့နယ်၊ ကူမဲမြို့မြေပုံအား ၆၄ လက်မ တစ်မိုင်စကေးဖြင့် အသစ်ပြန်လည်ရေးဆွဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန် ဦးလှကျော်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဘတ်ဂျက်ဖြင့် မြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ရန်ပုံငွေ တောင်းခံထားရှိပါကြောင်းနှင့် ရရှိပါက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၄) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်က မေးမြန်းသော လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့်တင်ထားခြင်း၊ ခွင့်ပြုမိန့်ချပေးခြင်းမရှိဘဲ အိမ်ခြံကွက် ဖော်ထုတ် မှုများ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းများကို မည်ကဲ့သို့ အရေးယူဆောင် ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန် ဦးလှကျော်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ ထိရောက်စွာ တားမြစ်အရေးယူရေး ညွှန်ကြားဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် စည်းကမ်းမဲ့ ဆောင်ရွက်မှု မပြုစေရေးအတွက် ထိရောက်စွာ ထိန်းညှိ ပေးနိုင်မည့် အစီအမံတစ်ခုကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ချမှတ် အကောင်အထည်ဖော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(ခ) အစီရင်ခံစာ (၂) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ရယူခြင်း
(၁) ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးပြီး သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(၂) ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဂ) ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်းနှင့်အစီရင်ခံစာတင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့သော နယ်နိမိတ်တိုင်း တာပိုင်းခြား သတ်မှတ်ရေးဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၁.၁၂.၂၀၁၈ (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး(၁၇)ရက် မြောက်နေ့ရပ်နားကြောင်းနှင့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပ ပြီးစီးကြောင်း ကြေညာပါသည်။
