ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၇၇ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က မေးမြန်းသော မောက်မယ်မြို့နယ် ဆီဆုံရပ်ကွက်ရှိ ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်းကို ရှေးဟောင်း အဆောက်အအုံပစ္စည်းအဖြစ် အသိအမှတ်ပြု၍ ရှေးမူမပျက် ပြုပြင်မွမ်းမံပေးနိုင်မည့် အစီအစဉ်များ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ရှေးဟောင်းအဆောက်အအုံများ စာရင်း အတွဲ(၂)ကို ပြုစုပြီးပါက အဆိုပါဘုန်းကြီးကျောင်းကို ထည့်သွင်းဖော်ပြ ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဌာန၏ဦးစားပေးပြုပြင်မွမ်းမံသည့် အဆောက် အအုံစာရင်းတွင် လောလောဆယ်ပါဝင်ခြင်း မရှိသေးပါကြောင်းနှင့် ဒေသအစီ အစဉ်ဖြင့် ပြုပြင်ထိန်းသိမ်းလိုပါက မိမိဝန်ကြီးဌာနမှ နည်းပညာအကူအညီများ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်မြို့၊ ငါးထပ်ကြီး ဘုရားအနီးပတ်ဝန်းကျင်တွင်ရှိနေသော ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော်မျိုးတော် များ၏ အုတ်ဂူသင်္ချိုင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဘုရင့်ဆွေတော်မျိုးတော်မျိုးတော်များ၏ အုတ်ဂူများ ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ ဆွေတော်မျိုးတော်များအသင်းမှ ဆောင်ရွက်ခြင်းမှာ သင့်လျော်ပါကြောင်းနှင့် ဌာနအနေဖြင့်မူ ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုး၊ အနုပညာ လက်ရာတန်ဖိုး၊ ခေတ်ကာလတန်ဖိုးမြင့်မားသည့် ရှေးဟောင်းအဆောက်အအုံများကို ဦးစားပေး ထိန်းသိမ်းနေရသဖြင့် ဆွေတော်မျိုးတော်များ၏ အုတ်ဂူများအား ထိန်းသိမ်းရန် အစီစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးမျိုးညွန့်၊ ဟုမ္မလင်းမဲဆန္ဒနယ်က မေးမြန်းသော ပညာရေးဌာနတွင် တာဝန်ထမ်း ဆောင်နေသော မူလတန်းကျောင်းများရှိ ဘွဲ့ရအထွေထွေလုပ်သားများသည် မူလ တန်းပြအဖြစ် ရာထူးတိုးပေးရန် သို့မဟုတ် ပညာရေးကောလိပ်သို့ တက်ရောက် ခွင့်ပြုပြီး မူလတန်းပြဆရာအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကိုသာ ဆရာအတတ်သင် သင်တန်း တက်ရောက်စေပြီး မူလတန်းပြအဖြစ် ခန့်ထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြင်ပဘွဲ့ရများနည်းတူ ယှဉ်ပြိုင်စာမေးပွဲဖြေဆိုရန် အခွင့်အလမ်းရှိပါကြောင်းနှင့် ဌာနတွင်းဦးစားပေး အချိုးအစားတစ်ခုအနေဖြင့် သတ်မှတ်ပေးခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံတွင် ဖွင့်လှစ်သင်ကြားနေသော ပြည်တွင်းကျောင်းသားများ ပြည်ပနိုင်ငံ ဆက်နွယ် ကျောင်းသားများ စစ်မှန်မှုနှင့် ခွင့်ပြုသက်တမ်း ရှိ၊ မရှိကို မည်သည့်ဌာနမှ စိစစ်ခွင့် ပြုပေးပါသနည်း၊ ကောလိပ်၊ စင်တာ၊ သင်တန်း၊ Training, Institute School, Programme ဘွဲ့ကြိုသင်တန်းစသည့် အဆင့်သတ်မှတ်ချက်များကို မည်သို့ထားရှိ ပါသနည်း၊ ကျောင်းအဆင့်အတန်းနှင့် ၎င်းတို့ပေးသောဘွဲ့လက်မှတ်များ Certificate၊ ဘွဲ့၊ ဒီပလိုမာများကိုလည်း မည်သည့်ဌာနမှ အဆင့်အတန်းပြည့်မှီမှု ရှိ၊ မရှိ စိစစ် ပေးပါသနည်း၊ ပြည်ပနိုင်ငံဆက်သွယ်ကျောင်းများမှ ပေးသောဘွဲ့ကို ၎င်းနိုင်ငံရှိ ပင်မကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များမှ အသိအမှတ်ပြုပေးခြင်း ရှိ၊ မရှိနှင့် မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ဥပဒေများအရ ခွင့်ပြု ထားခြင်းမျိုးမဟုတ်ဘဲ ပညာရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီအဖြစ် မှတ်ပုံတင်၍ ဖွင့်လှစ်ခွင့်ပြုထားသည့်ကျောင်းများဖြစ်ပါကြောင်းနှင့် ယင်းကျောင်းများမှ ပေးအပ် နေသော လက်မှတ်များ၏ မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေးပြည့်မီမှုတို့ကို စိစစ် နိုင်ခြင်းမရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ကြိုဆို လက်ခံပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတစ်ဆင့် ပေးပို့လျှောက်ထားလာ သော ပညာရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပါက ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုကို ထောက်ခံဆောင်ရွက်ပြီး အချက်အလက်များနှင့် ကိုက်ညီမှုရှိ၊မရှိတို့ကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးဘိုကြီး၊ ချောက်မဲဆန္ဒနယ်က မေးမြန်းသော ချောက်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၏ တစ်ထပ်ဆောင်မှာ အန္တရာယ်ဆောင် ဖြစ်နေ ပါသဖြင့် ဖျက်သိမ်းပြီး(၁၄၀ ပေ x ၃၀ ပေ)RC နှစ်ထပ်ဆောင်အသစ် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၉-၂၀၂၀ ငွေလုံးငွေရင်း ရန်ပုံငွေအခြေအနေပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော်မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံတွင် ခေတ်မီအဆင့်မီစာကြည့်တိုက် အမျိုးမျိုးထူထောင်ရန်အတွက် အဆင့်မီကျွမ်းကျင် သော အရည်အချင်းရှိ စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများဖြစ်လာအောင် ဆောင်ရွက် ပေးရန်၊ ကျောင်းစာကြည့်တိုက်များတွင် ကျွမ်းကျင်အရည်အချင်းရှိ စာကြည့်တိုက် မှူးများ ခန့်ထားပေးရန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ အတွက် ယခုထက်အကျိုးရှိအောင် ပြည်ထောင်စုအစိုးရမှ စီမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းစာကြည့်တိုက်များတွင် စာကြည့်တိုက် မှူးများ ခန့်ထားပေးရန် ခွဲဝေရာထူးသတ်မှတ်ထားခြင်း မရှိသေးပါကြောင်း၊ အဆင့်မီ ကျွမ်းကျင်သော အရည်အချင်းရှိသည့် စာကြည့်တိုက်မှူးအဖြစ်သို့ ရာထူး တိုးမြှင့်ခန့်ထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာကြည့်တိုက်နှင့် သုတပညာ ဘာသာရပ်ကို ရိုးရိုးတန်း၊ မဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်းနှင့် စာကြည့်တိုက်လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရန်အတွက် စာကြည့်တိုက်များတွင် လက်တွေ့သင်တန်းဆင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးခင်မောင်လတ်၊မြန်အောင်မဲဆန္ဒနယ်က မေးမြန်းသော သက်တမ်း(၅၆)နှစ် ကြာမြင့် နေပြီဖြစ်သော အ.မ.က(ကြူတော) ကျောင်းဆောင်ဟောင်းအား မွမ်းမံ ပြင်ဆင်ပေးရန်နှင့် ကျောင်းဆောင်စာသင်ခန်းနှင့် ကျောင်းသားဦးရေ လွတ်လပ် မျှတစွာ တန်းခွဲစနစ်ဖြင့် သင်ကြားနိုင်ရေးအတွက် (၆၀ပေx ၃၀ပေ)တိုးချဲ့ ကျောင်းဆောင်သစ် တစ်ဆောင်ဆောက်လုပ်ချထားပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် ခွဲဝေပေးနိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းဆောင်အား ပြင်ဆင်ပြီး (၆၀× ၃၀ပေ) Steel Structure (၁)ထပ် ကျောင်းဆောင် ဆောက်လုပ်ပေးရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သို့ ရန်ပုံငွေအခြေအနေပေါ်မူတည်၍ ဦးစားပေးအဆင့် အလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်
(ခ) အစီရင်ခံစာတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက အစီရင်ခံစာ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၆-၁၂-၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏အတည်ပြုချက်ရယူခြင်း
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဃ) ဥပဒေကြမ်း (၁) ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၇.၁၂.၂၀၁၈(သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကျင်းပမည့်ရက်ကို ၇.၁၂.၂၀၁၈ ရက်(သောကြာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
