ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၄ )ဦးအနက် ( ၃၈၁ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ်က မေးမြန်းသော ပျော်ဘွယ်မြို့နယ်အတွင်း တည်ဆောက်ပြီးသော (၁၆)ခုတင်ဆံ့ ရန်အောင်တိုက်နယ်ဆေးရုံ၊ အနောက် လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံ၊ သီးပင်တိုက်နယ်ဆေးရုံတို့အတွက် လိုအပ်သော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်း၊ ဆေးဝါးနှင့် ဆေးရုံသုံး ပစ္စည်းများအား မည်သည့် ကာလတွင် ခွင့်ပြုချထားပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများ ပေးပို့ထားပြီး ထပ်မံဖြည့်ဆည်းပေးမည့် အောက်ခြေဝန်ထမ်း များအတွက် နေ့စားဝန်ထမ်းများ အမြန်ဆုံးခန့်ထားပေးမည် ဖြစ်ပါကြောင်းနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် သူနာပြုသစ်လွင်များ ခန့်ထားချိန်မှာ လုပ်ငန်း လိုအပ်ချက်ပေါ်မူတည်ပြီး ဦးစားပေး ခန့်ထားသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဦးစိုးစံသက်ထွန်း၊ မြင်းမူမဲဆန္ဒနယ်က မေးမြန်းသော မြင်းမူမြို့ စည်ပင်သာယာရေးဈေး အဆင့်မြှင့်တင် ဆောက်လုပ်ရန် လိုအပ်နေသည့် ဆေးရုံအဟောင်း မြေဧရိယာ (၁.၂၈၃) ဧကအား လွှဲပြောင်းပေးရန် ခွင့်မပြုခဲ့ခြင်းကိစ္စအား ပြန်လည်သုံးသပ်၍ ကော်မတီသို့ လွှဲပြောင်းအသုံးချခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က မူလဆေးရုံဟောင်းမြေနေရာ၊ မြေဧရိယာ ၁.၂၈၃ ဧကအား ပြန်လည်စွန့်လွှတ်ပေးမည် ဖြစ်ပါကြောင်းနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည့် အဆောက်အဦဆောက်လုပ်နိုင်ရေးအတွက် မြေနေရာ အစားထိုးရရှိရေးသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်က မေးမြန်းသော ပြည်တွင်းပြည်ပသို့ တင်ပို့ ရောင်းချနေသော ကျွဲ၊ နွားများအား ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးပြည်နယ် အစိုးရတို့မှ မည်ကဲ့သို့ စီမံခန့်ခွဲပြီး ခွင့်ပြုထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်တွင်း ပြည်ပ တင်ပို့ရောင်းချနေသော ကျွဲ၊ နွားများကို ကာကွယ် ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း၊ တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း၊ မွေးမြူရေးခြံလုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းတို့အတွက် အခကြေးငွေရရှိမှုများကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေသို့ ပေးသွင်းစေသည့်အပြင် ပြည်ပသို့တင်ပို့မည့် ကျွဲ၊ နွားများ အတွက် ကျန်းမာရေးစစ်ဆေးသည့် Animal Quarantine Fees အခကြေးငွေကို ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေသို့ ပေးသွင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်က မေးမြန်းသော ဆန်စပါးနှင့် ပဲမျိုးစုံအပါအဝင် လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို တောင်သူများ တွက်ခြေကိုက်သည့် ဈေးကွက်နှင့်ဈေးနှုန်းရရှိအောင် ပြည်ပဈေးကွက်များသို့ ပိုမို ထိုးဖောက်ဝင်ရောက်လာနိုင်စေရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်း၊ နှစ်နိုင်ငံအစိုးရအချင်းချင်း တွေ့ဆုံဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်း၊ အရည်အသွေးတိုးတက်ရေးအတွက် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီရယူခြင်း၊ ပို့ကုန်မဟာဗျူဟာ စီမံကိန်းများ အရ ဈေးကွက်ခိုင်မာရေး အစဉ်တစ်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လယ်ယာထွက်ကုန်များ ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းစေရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ အထွက်နှုန်းတိုးတက်စေရေး၊ သွင်းအားစု မှန်ကန်စေရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်က မေးမြန်းသော တောင်သူလယ် သမားများ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ ထိုက်တန်သည့် ဈေးနှုန်းရရှိ၍ အကျိုးအမြတ်များ ခံစားနိုင်ရေးအတွက် စိုက်ပျိုးရာသီမတိုင်မီ နိုင်ငံခြားတင်ပို့ရန် ဈေးကွက်ရှိသည့် ကောက်ပဲသီးနှံများစာရင်းကို ထုတ်ပြန်ကြေညာပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု သတင်း အချက်အလက်များကို အင်တာနက်စာမျက်နှာ Website(၄)ခုနှင့် Web Portal (၁)ခုတို့တွင် ပြည့်စုံအောင် ထည့်သွင်းထားပြီး အချိန်နှင့်တစ်ပြေးညီ သတင်းတင်ပြ ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် တောင်သူလယ်သမားကဏ္ဍ ရုပ်သံအစီအစဉ်များ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်လျှက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးမြစိန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် များအား မှတ်သားဖမ်းဆီးမှု ဆောင်ရွက်ရာတွင် ဒဏ်ငွေပေးဆောင်မှု အခက်အခဲ အဆင်ပြေစေရန် (One Stop Service) အဖွဲ့များဖွဲ့၍ ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတို့နှင့် ညှိနှိုင်း ဆောင်ရွက်သွားရမှာဖြစ်သဖြင့် လတ်တလောတွင် ဆောင်ရွက်ရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ်က မေးမြန်းသော တွံတေးမြို့နယ်နှင့် ကော့မှူး မြို့နယ်ကို ဆက်သွယ်ထားသော ကျေးလက်လမ်းအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည် ဖြစ်ပြီး ရန်ပုံငွေခွဲဝေ ရရှိမှုပေါ်မူတည်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို (၁) ခုတင်သွင်းခြင်း
ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်က နိုင်ငံတော်အတွင်း တည်ဆောက်ရေး လုပ်ငန်း များအား ခေတ်နှင့်လျော်ညီသော (ကြိုတင်သွန်းလောင်းမှု) Precast နည်းပညာနှင့် အခြားသင့်လျော်သော နည်းပညာများ အသုံးပြုတည်ဆောက်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းပြီး ဦးအောင်ကျော်ကျော်ဦး၊ လှိုင် မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များက ၂၉-၁၁-၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
(ဂ) အစီရင်ခံစာတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီက အစီရင်ခံစာ တင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၂၉-၁၁-၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
(ဃ) ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တင်သွင်းသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
၃။ အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၃၈ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပမည့်ရက်ကို ၃၀.၁၁.၂၀၁၈ ရက်(သောကြာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
