ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၄ )ဦးအနက် ( ၃၈၇ )ဦးတက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်း ဖြေကြားခြင်း
(၁) ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က မေးမြန်းသော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေး အထောက်အပံ့ပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၌ မည်သည့်အချိန်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ကမ္ဘာ့ဘဏ်ချေးငွေနှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လွှတ်တော်၏အတည်ပြုချက် ရယူနိုင်ရေးဆက်လက် တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က မေးမြန်းသော မော်တော်ယာဉ် ဝယ်ယူပြီးနောက် အမည်ပေါက်ပြောင်းလဲရာတွင် အခွန်စိမ်းပြသ အခွန်ဆောင်ပြီးမှ အမည်ပြောင်းလဲခွင့်ပြုခြင်းကို ကညနမှ ဖြေလျှော့ဆောင်ရွက်ပေးပြီး မော်တော်ယာဉ် မှတ်တင်စာအုပ် နောက်ကျောပါ သတိပြုရန်အချက်များ အမှတ်စဉ်(၈)တွင် မော်တော်ယာဉ် ဝယ်ယူသူမှ တရားဝင်ပိုင်ဆိုင်ကြောင်း တရားရုံးတွင် သက်သေခံ နိုင်သည့်အထိ ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်မည့် စီမံချက်မျိုး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လောလောဆယ် ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိ သေးပါကြောင်းနှင့် အဓိကဖြစ်သော ယာဉ်လက်ဝယ်ရှိ အမည်မပေါက်သေးသော ယာဉ်ပိုင်ရှင်များ အားလုံးက ကိုယ်စီအသိစိတ်ဓာတ်ရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ နိုင်ငံဘဏ္ဍာအခွန်အခများလည်း ပြည့်ဝစွာကောက်ခံနိုင်မည် ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းက ဆုံးဖြတ်ဆောင်ရွက်ရသည့် ကိစ္စရပ် မဟုတ်သည့်အတွက် ညှိနှိုင်းပြီး အတည်ပြုချက်ရရှိချိန်တွင် မှန်ကန်တိကျမှုရှိစေ ရေးအတွက် အလေးထား ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဦးမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံတော်သမ္မတရုံး ၏ အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲခြင်းသည် မည်သူများက မည်သည့်ဥပဒေအရ မည်သည့်အတိုင်း အတာအထိ မည်သို့သော အကြောင်းအရာများ စောင့်ကြည့်၍ မည်သို့အပြစ်ပေး အရေးယူမည်ဖြစ်ပြီး ဤလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲ ဥပဒေများနှင့် ညီညွတ်မှု ရှိ၊ မရှိနှင့် နိုင်ငံတော်သမ္မတရုံး၏ အထူးရန်ပုံငွေ သုံးစွဲမှု မူဝါဒနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ သိလိုခြင်းတို့နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင် မပါဝင်သော်လည်း မသုံးစွဲလျှင် မဖြစ်သည့် အရေးအပေါ် ကိစ္စရပ်ဖြစ်နေသဖြင့် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ သဘောတူခွင့်ပြုချက်ရယူပြီး ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် လိုအပ်သော စက်ပစ္စည်းများ ဝယ်ယူခဲ့ခြင်းမှာလည်း အရေးအပေါ်ရန်ပုံငွေသုံးစွဲမှု မူဝါဒနှင့် ကိုက်ညီပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးမျိုးဇော်ဦး၊ လယ်ဝေးမဲဆန္ဒနယ်က မေးမြန်းသော လယ်ဝေးမြို့နယ်ရှိ အာဆီယံ ပြည်ထောင်စု လမ်းမကြီးနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းသို့ ဆက်သွယ်ဖောက် လုပ်ထားသည့် ရွှေပြည်တော်ဝင် လမ်းပေါ်တွင် အများပြည်သူသွားလာ၍ မရအောင် ပိတ်ဆို့ထားသည့် ရထားသံလမ်းကူးဂိတ် အတားအဆီးအား ပြန်လည်ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာန သာမန်အသုံးစရိတ်မှ အကျခံ၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ခန့်တွင် ပြီးစီးအောင်ဆောင်ရွက်ရန် စီစဉ်လျာထားပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က မေးမြန်းသော မော်တော်ယာဉ် လိုင်စင် သက်တမ်းတိုးရန် ယာဉ်စစ်ဆေးရေးဌာန (Vehicle Inspection Centers) များကို ပုဂ္ဂလိကပြုလုပ်၍ သတ်မှတ်ချက်နှင့်ညီသော ကားပြင်ဝန်ဆောင်မှုများကို စည်းကမ်း များအတိုင်း ဆောင်ရွက်စေသည့်စနစ် အကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မော်တော်ယာဉ် နည်းဥပဒေများ (မူကြမ်း)ကို အသင့်ပြင်ဆင်ပြုစုထားပြီး ထပ်မံတင်ပြထားဆဲဖြစ်ပါ၍ ဥပဒေပြဋ္ဌာန်းပြီးသည့် အခါတွင် မော်တော်ယာဉ်နည်းဥပဒေများကို ဆက်လက်ထုတ်ပြန်ပြီး ပုဂ္ဂလိက ယာဉ်စစ်ဆေးခြင်း လုပ်ငန်းကို အမြန်ဆုံး စိစစ်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးဦးထွန်းမောင်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က မေးမြန်းသော ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ဆင်သီပိန္နဲတောကျေးရွာဆိပ်ကမ်း၌ ပြိုကျပျက်စီးသွားသော ကမ်းထိန်းနံရံ ၁၅၀ ပေနှင့် ကမ်းပြိုမြေ ၁၃၀၀ ပေ ခန့်တို့ကို စနစ်တကျ တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ပြည်နယ် အစိုးရ ဖြည့်စွက်ရန်ပုံငွေတွင် ရန်ပုံငွေ တင်ပြတောင်းခံပြီး ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၇) ဦးမောင်မောင်ဦး၊ အင်းစိန်မဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်ဘူတာကြီးကို အခြေပြု၍ပြေးဆွဲနေသော မြို့ပတ်ရထား ပြေးဆွဲမှုနှင့် လမ်းများ၊ ဘူတာရုံများကို မည်သည့်အဖွဲ့အစည်းနှင့် ပေါင်းစပ်၍ မည်သို့အဆင့်မြှင့်တင်နေသည်ဆိုသည့် စီမံကိန်းများကို ပွင့်လင်းမြင်သာအောင် ရှင်းလင်းတင်ပြရန်နှင့် မည်သည့်ခုနှစ်တွင် ပြီးစီးအောင် အကောင်အထည်ဖော်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား JICA အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ အတိုင်ပင်ခံအဖွဲ့ နှင့် စာချုပ်လက်မှတ်ရေးထိုးခဲ့ပါကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှသာ စတင်ဆောင်ရွက်နိုင်ခဲ့သဖြင့် လုပ်ငန်းတစ်ခုလုံး ၂၀၂၃ ခုနှစ် တွင်သာ ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို (၁) ခု တင်သွင်းခြင်း
ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်က ကမ္ဘာ့အမွေအနှစ်၊ အာရှအမွေအနှစ် အသိအမှတ်ပြုခံ သဘာဝထိန်းသိမ်းရေး နယ်မြေများအပါအဝင် နိုင်ငံတစ်ဝန်း သဘာဝ ထိန်းသိမ်းရေးနယ်မြေများ၊ ကမ္ဘာ့ရှားပါးတောရိုင်း တိရစ္ဆာန်မျိုးစိတ်များအား ဒေသခံ ပြည်သူတို့၏ အခွင့်အရေး ထိခိုက်မှုအနည်းဆုံးဖြင့် ပိုမိုအင်အားဖြည့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်စေရန်အတွက် သက်ဆိုင်ရာ သစ်တောဦးစီးဌာန၏ ဝန်းကျင်/သားငှက် ဌာနခွဲအား ဦးစီးဌာနကြီးတစ်ရပ်အဖြစ် မြှင့်တင်တိုးချဲ့လျက် ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲကာ အနာဂတ် မြန်မာတိုင်းရင်းသား သားသမီးမြေမြစ်တို့ အကျိုးအတွက် ရေရှည်တည်တံ့ ခိုင်မြဲစေရန်လည်းကောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအား ဝိုင်းဝန်းကူညီ ထိန်းသိမ်း နိုင်ရန်အတွက်လည်းကောင်း၊ သဘာဝအလှအပ အရင်းအမြစ်များကို ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက်လည်းကောင်း၊ ဂေဟခရီးသွားစနစ် တိုးတက်စေရန်အတွက်လည်း ကောင်း စီမံချက်များချမှတ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်းအဆို တင်သွင်းပြီး ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်က ထောက်ခံခဲ့ သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလို သည့်ကိုယ်စားလှယ်များက ၂၃-၁၁-၂၀၁၈ ရက်(သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၆-၁၁-၂၀၁၈ ရက်(တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၀၅ မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပမည့်ရက်ကို ၂၇.၁၁.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
