ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ကမာကလုတ်ကျေးရွာသည် အိမ်ခြေပေါင်း ၁၂၀၀၊ လူဦးရေ ၅၂၇၀ ဦး မှီတင်းနေထိုင်သည့် ကျေးရွာကြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အနေနှင့် ကျေးလက်ကျန်းမာရေးဌာန တစ်ခုကို ကျေးရွာလူထု မတည်ပြီး ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ ကျန်းမာရေးဌာနပိုင် အကျုံးဝင်ကျေးရွာအုပ်စု ငါးရွာပါရှိပြီးကျေးရွာခွဲ ရှစ်ရွာနှင့် လူဦးရေ ၁၈၄၀၀ ကျော်နေထိုင်လျက် ရှိပါသည်။ ဒေသခံမိဘပြည်သူများ အနေဖြင့် ကျေးလက် ကျန်းမာရေးဌာနကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် လိုလားလျက်ရှိပါကြောင်း၊ ခွဲစိတ်ရန်လိုသည့် အရေးပေါ်လူနာများကို မြို့နယ်ဆေးရုံနှင့် ၁၁ မိုင်လောက်ကွာဝေးသောနေရာသည် ပုန်အွန်းချောင်းကိုဖြတ်ပြီး ကူးတို့၊ သမ္ဗန်တို့ဖြင့် သွားရသည့်အတွက် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် ဒေသခံမိဘပြည်သူများ အနေဖြင့် ကျေးလက်ကျန်းမာရေးဌာနကို ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ အဆင့်တိုးမြှင့်ပေးရန် မျှော်လင့် လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ ကမာကလုတ် ကျေးလက်ကျန်းမာရေး ဌာနအား (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် (၂၅) ခုတင်ဆံ့ ကျောက်တန်းမြို့နယ်ဆေးရုံ တစ်ရုံ၊ (၁၆) ခု တင်ဆံ့ တိုက်နယ်ဆေးရုံနှစ်ရုံ စုစုပေါင်းဆေးရုံသုံးရုံ ဖွင့်လှစ်ထားပြီး ကျန်မာရေးစောင့်ရှောက်မှု ပေး လျက်ရှိပါကြောင်း၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ်စံပြကျေးရွာအုပ်စု တစ်ခုလုံးအနေဖြင့် လူဦးရေ ၁၈၄၉၄ ဦး၊ အိမ်ခြေ ၄၃၅၉ အိမ်ရှိပြီး၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကားလမ်း ၁၁ မိုင် ရေလမ်းအားဖြင့် ၁၂ မိုင်ကွာဝေးသည့်အတွက် ကမာကလုတ်ကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိရေးအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံ ခွင့်ပြုမိန့်ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
