ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ (၁၂. ၁၁. ၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

( ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ  ၁၂  ရက် )

 

၁။                ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၄) ဦးအနက် ( ၄၀၁ )ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)    ရွေးကောက်တင်မြှောက်ခံရသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၄)ဦးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၈)ဦးတို့ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်း။

 

( ခ )             ဒုတိယအကြိမ်  ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးနှင့် ဒသမပုံမှန် အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား ပြည်သူ့လွှတ်တော်သို့ အသိပေး တင်ပြခြင်း နှင့်မှတ်တမ်းတင်ခြင်း -

(၁)    ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန် ခေါင်းဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၃၀.၉.၂၀၁၈ မှ ၆.၁၀.၂၀၁၈ ရက်နေ့အထိ ဂျာမနီနိုင်ငံသို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၂)    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ ရန်ကင်းမဲဆန္ဒနယ်၏ ၂၆.၉.၂၀၁၈ မှ ၂၇.၉.၂၀၁၈ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ Southeast Asia and Pacific Regional Conference on International Humanitarian Law (IHL) ညီလာခံသို့ သွားရောက်ခဲ့သည်ခရီးစဉ်၊

(၃)    အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပါမောက္ခဒေါက်တာဦးသန်းဝင်း ဦးဆောင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး၊ စမ်းချောင်း မဲဆန္ဒနယ်ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၁၄.၁၀.၂၀၁၈ မှ ၁၈.၁၀.၂၀၁၈ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ (၁၃၇)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံသို့ သွား ရောက်ခဲ့သည့်ခရီးစဉ်၊

(၄)    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်း၊ ဝါးခယ်မမဲဆန္ဒနယ် ခေါင်းဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၂.၁၀.၂၀၁၈ မှ ၃၁.၁၀.၂၀၁၈ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးသွားရောက်ခဲ့သည့် ခရီးစဉ်၊

(၅)    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၉.၁၀.၂၀၁၈ မှ ၃၀.၁၀.၂၀၁၈ ရက်နေ့အထိ စပိန်နိုင်ငံ The Global Parliamentary Summit  သို့ သွားရောက် ခဲ့သည့်ခရီးစဉ်၊

(၆)    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော် မဲဆန္ဒနယ်၏  ၅.၁၁.၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ Roundtable Discussion on Regional Investment Framework for Migrant Health in the Greater Mekong Subregion Summit  သို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊

(၇)    အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ် ခေါင်းဆောင်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလုံဂျုံဆန်မိုင်၊ ဆွမ်ပရာဘွမ်မဲဆန္ဒနယ်ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၈.၁၁.၂၀၁၈ မှ ၁၀.၁၁.၂၀၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ King Prajadhipok’s Institute (KPI) အဖွဲ့အစည်း၏ (၂၀)ကြိမ်မြောက် ကွန်ဂရက်သို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊

(၈)    အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင် ဦးဆောင်ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၁၁.၁၁.၂၀၁၈ မှ ၂၄.၁၁.၂၀၁၈ ရက်နေ့ အထိ ဂျပန်နိုင်ငံ 14th Study Tour in Japan on Law / Judicial Co-Creation Program သို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊

(ဂ)    ကြယ်ပွင့်ပြမေးခွန်း(၇)ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးညွန့်အောင်၊ မုံရွာမဲဆန္ဒနယ်မှ မေးမြန်းသော မုံရွာမြို့၊ လယ်တီရပ်ကွက်၊ စည်ပင် ဝင်းအတွင်း မြေအငှားချထားသော ပုဂ္ဂလိကပိုင် ကွန်ကရစ် ဖျော်စက်အား အငှား ချထားပေးခြင်းမှ ရပ်စဲရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက စာချုပ်သက်တမ်းပြည့်ပါက ဆက်လက်ငှားရမ်းခြင်း အား ရပ်နားသွားမည်ဖြစ်ပါကြောင်းနှင့်အဆောက်အဦနှင့် စက်ပစ္စည်းများ ဖြုတ်သိမ်း ပြောင်းရွှေ့ရန် မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဦးဝင်းမင်း၊ လှိုင်သာယာမဲဆန္ဒနယ်မှ မေးမြန်းသော လှိုင်သာယာမြို့နယ်၊ ထိန်ပင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံမှ အမှိုက်များအား မီးရှို့ရှင်းလင်း၍ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း၊ စနစ်တကျအမှိုက်များသိမ်းယူခြင်း၊ အမှိုက်စုပုံခြင်းများကို စီမံ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက အမှိုက်များကို စနစ်တကျ သိမ်းဆည်းပြီး အမှိုက်မှ အပူနှင့်လျှပ်စစ် စွမ်းအင်ထုတ်လုပ်ခြင်း၊ CNG ထုတ်လုပ်ခြင်း၊ စွမ်းအားဖြည့် လောင်စာတောင့်များ Refuse Derived Fuel (RDF) ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်တို့ကို အကောင် အထည်ဖော်နိုင်ရေးအတွက် ဆက်လက်စီမံဆောင်ရွက်လျက်ရှိပါကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

(၃)    ဦးသောင်းဌေးလင်း၊ ပုသိမ်ကြီးမဲဆန္ဒနယ်မှ မေးမြန်းသော ပုသိမ်ကြီးမြို့နယ် မင်းဂံကျေးရွာအုပ်စု၊ တောစုကျေးရွာ သဘာဝစိမ့်စမ်း ရေထိန်းတောအား နိုင်ငံတော်မှ နယ်နိမိတ်ဧရိယာသတ်မှတ်၍ ကျေးရွာပိုင် ရေထိန်းတောအဖြစ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက  သက်ဆိုင်ရာဌာနများနှင့် ဒေသခံကျေးလက်ပြည်သူများ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်းနှင့် သဘာဝတောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၄)    ဦးစိုင်းအောင်ကျော်၊ ကျေးသီးမဲဆန္ဒနယ်မှ မေးမြန်းသော ဝမ်ဖွီးသစ်တော ကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်း ကျရောက် နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို မူလကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူလယ်သမားများ လက်ဝယ်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ဝမ်ဖွီးကြိုးဝိုင်းတောအတွင်း မူလလုပ်ကိုင်သူ တောင်သူ ၂၂ ဦးကို လယ် ၁၅ ဧကနှင့် ယာ ၈၅ ဧကကို ပိုင်ဆိုင်ခွင့်ပေးထားပြီးဖြစ်ခြင်း၊ ဝမ်ဖွီးကြိုးဝိုင်းအတွင်း ၂၀၁၃ ခုနှစ် ကြိုးဝိုင်းကျူးကျော်စာရင်းအနက် စုစုပေါင်း ၅၇၀.၀၀ ဧကနှင့် လွိုင်တောင်းကြိုးဝိုင်းအတွင်း စုစုပေါင်း ၅၀၉.၈၅ ဧကတို့အား ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ခြင်းတို့ကြောင့် သစ်တောမြေအဖြစ်မှ ထပ်မံစွန့်လွှတ်ပယ်ဖျက် ပေးရန် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၅)    ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ မေးမြန်းသော ထူးခြားမြစ်ရေပြင် အရောင် အဆင်းပြောင်းလဲမှုဖြစ်စဉ်သည် ယခုအခါ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်ရှိ မြစ်ရေ ပြင်များအထိပါ ပျံ့နှံ့ရောက်ရှိနေသည်ဖြစ်ရာ ထိုရေပြင်ညစ်ညမ်းမှုသည် မည်သည့် အကြောင်းအရင်းကြောင့် ဖြစ်ပေါ်ရသည်၊ လူသားများနှင့် ရေနေသတ္တဝါများ အပေါ် မည်ကဲ့သို့ဆိုးကျိုးများ ကျရောက်နိုင်သည်ကို စိစစ်ဖော်ထုတ်ပေးပါမည်လား၊ ရေပြင် ညစ်ညမ်းမှုကြောင့် ဆုံးရှုံးနစ်နာခဲ့သော ဒေသခံများအား မည်ကဲ့သို့ ကူညီဆောင် ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရေတိုကာလ နှင့်ရေရှည်ကာလတို့အတွက် အစီအမံများ စနစ်တကျချမှတ်ပြီး အကောင်အထည် ဖော်ထုတ်ရန် သက်ဆိုင်ရာ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဒေသခံလူထုတို့ ဆွေးနွေးညှိနှိုင်းပေါင်းစပ်ပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင် ရွက်မှသာ ရာနှုန်းပြည့် ထိရောက်စွာ ဖြေရှင်းနိုင်မည့်လုပ်ငန်းရပ်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၆)    ဦးနိုင်နိုင်ဝင်း၊ တမူးမဲဆန္ဒနယ်မှ  မေးမြန်းသော နိုင်ငံတစ်ဝန်းရှိ ပြည်သူများ အတွက် အမှန်တကယ်လိုအပ်နေသော သစ်အသုံးပြုခွင့် ရရှိရေးအား မည်သို့ စီမံ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လိုအပ်ချက်များအပေါ်မူတည်၍ စိစစ်ပြီး ခွင့်ပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း ဥပဒေပါပြဋ္ဌာန်းချက်များကို လေးစားစွာ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့်ဒေသလိုအပ်ချက်ပေါ်မူတည်၍ ဖြည့်ဆည်း ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၇)    ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ မေးမြန်းသော  ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွနှင့် ခရမ်းမြို့နယ်များရှိ မုတ္တမပင်လယ်ကမ်းရိုးတန်း ကုန်း တက်မြေ (၂၇၇၃၈) ဧကအား ဒီရေတော၊ ကြိုးပြင်ကာကွယ်တောများအဖြစ် သတ်မှတ်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒီရေတောကြိုးပြင်ကာကွယ်တော (၆)ခု သတ်မှတ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ဃ)   အဆို(၁)ခုတင်သွင်းခြင်း

ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က “ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံ ခန့်ခွဲမှု မဟာဗျူဟာနှင့်လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်ခြင်း မပြုနိုင်သေးမီ စပ်ကြားကာလတွင် နိုင်ငံတော်တစ်ဝန်းလုံးရှိ ရပ်ကွက်နှင့် ကျေးရွာများအားလုံး တစ်ပြေးညီ သန့်ရှင်းသပ်ရပ် သာယာလှပစေရန် စနစ်တကျ အမှိုက်သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် လုံလောက်မျှတ စေမည့် အမှိုက်စုပုံကွင်းနှင့် အမှိုက်စွန့်ပစ်ကျင်းများ တိကျစွာ သတ်မှတ်ဖော်ဆောင်ပေးနိုင် ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ဦးစားပေးလုပ်ငန်း လမ်းညွှန်ချက် တစ်ရပ်အဖြစ် သတ်မှတ်ညွှန်ကြားပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆို တင်သွင်းပြီး ဦးစတီဖန်၊ ကျိုင်းတုံမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ် များက ၁၃-၁၁-၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

(င)    နည်းဥပဒေ(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာ့သတ္တုတွင်း နည်းဥပဒေများကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စား လှယ်များက ၁၄-၁၁-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည် စာရင်းတင်သွင်းရန်ဖြစ်သည်။

၃။       အစည်းအဝေးကို နေ့လယ်(၁၂)နာရီ (၂၀)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၁၃.၁၁.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။