ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၈.၉.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် (၃၆၄)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

     (၁)    ဒေါက်တာဦးခင်မောင်မောင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မူလကွန်ကရစ်လမ်းပေါ်တွင် ကတ္တရာထပ်ပိုး လွှာတင်ရာ၌ ကာလကြာရှည်မခံဘဲ မိုးဦးကာလမှပင် ချိုင့်၊ ကျင်းများ အမြောက် အမြားပေါ်ပေါက်လာရခြင်းသည် ထပ်ပိုးလွှာတင်သည့် A.C ကတ္တရာ အရည်အသွေး ညံ့ဖျင်းခြင်းကြောင့်လား သို့မဟုတ် နည်းပညာနိမ့်ပါး၍လား သို့မဟုတ် အခြား အကြောင်းကြောင့်လား ဆိုသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက နည်းပညာနှင့် စက်၊ ယာဉ် ယန္တရားများ အားနည်းချက်ကြောင့် ဖြစ်ပေါ်နိုင်ခြင်း၊ ကွန်ကရစ်လှိုင်းဖြစ်နေသော မျက်နှာပြင်ကို ညီညာအောင် မပြုပြင်ဘဲ ကတ္တရာခင်းခြင်းနှင့် အောက်ခံ( ၁၈ လက်မ)ထူသော Rigid Pavement ပေါ်တွင် A.C ၏ Mixed Design နှင့် Pavement Design မှားယွင်းမှုကြောင့် ဖြစ်ပေါ်နိုင်ခြင်း စသည့်အားနည်းချက်များကို သင်ခန်းစာ ဖော်ထုတ် ပြင်ဆင်ပြီး လမ်းများကို ယခုထက် အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

         (၂)    ဦးမျိုးညွန့်၊ ဟုမ္မလင်းမဲဆန္ဒနယ်က မေးမြန်းသော ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဗျူဟာလမ်းမကြီးပေါ်မှ နမ့်ပါတ်ကား- တောင်ချေရင်း- လယ်ဦး- နောင်ဖာမူ- တက်ခက်- နားနူး- မန်သက်- တပ်ကုန်း- ကိုးတောင်-ဆင်နှာမောင်း ကျေးရွာများအထိ ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဆင့် တိုးမြှင့်ပေးရန်နှင့် လိုအပ်သော တံတားများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် တင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

        (၃)    ဒေါက်တာဦးထွန်းလင်းမော်၊ ကြံခင်းမဲဆန္ဒနယ်က မေးမြန်းသော ကြံခင်းမြို့နယ် အတွင်းရှိ Class(A)အဆင့်သတ်မှတ်ပြီး လမ်းမကြီးအား ဘတ်ဂျက်တွင် ထည့်သွင်း ရေးဆွဲရန်နှင့် ပျက်စီးနေမှုအား မည်သည့်ဘဏ္ဍာနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စတင်တာဝန်ယူ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် တင်ပြတောင်းခံပြီး  ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။              

        (၄)    ဒေါ်သန္တာ၊ အိမ်မဲ မဲဆန္ဒနယ်က မေးမြန်းသော အိမ်မဲမြို့နယ်ရှိ ကျွဲလမ်း-ကမ်းနား ထိန်ငူလမ်းကို ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုပြုပြင် ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

      (၅)    ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ်က မေးမြန်းသော ထီးချိုင့်မြို့နယ်၊ အင်ဒေါင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အချက်အလက်များကို ပြန်လည်စိစစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    (၆)    ဦးချင်းဖေလင်း၊ မံစီမဲဆန္ဒနယ်က မေးမြန်းသော မံစီမြို့နယ်၊ စီခမ်းကြီး အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ (၁၇၀ x ၃၀)ပေ (RCC) နှစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

     (၇)    ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်က မေးမြန်းသော သနပ်ပင်မြို့နယ်၊ အခြေခံပညာ ကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမများအား ဖြည့်ဆည်းခန့်ထား ပေးရန်နှင့် ယင်းဆရာ၊ ဆရာမများနေရာတွင် ဒေသခံဘွဲ့ရလူငယ်များအား ဦးစားပေး ခန့်ထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယအကြိမ် အဖြစ် လုပ်သက်တန်းစီဇယား မူဘောင်သတ်မှတ်ချက်နှင့်အညီ ဖြည့်ဆည်းခန့်ထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံပြင်ပဘွဲ့ရလူငယ်များအား ဆရာခန့်ထားခြင်း အဖြစ် (PPTT) ခေါ်ယူချိန်တွင် လျှောက်ထားနိုင်ပြီး အောင်မြင်ပါက ဦးစားပေး အစီအစဉ်များဖြင့် ခန့်ထားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )  အစီရင်ခံစာကို ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း

     ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို ကိုယ်စားလှယ် (၄) ဦးက ဆွေးနွေးကာ သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

( ဂ )  ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

    အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာ့ပုလဲလုပ်ငန်း  ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၄ နည်းဥပဒေခွဲ (က)၊ (ဂ)နှင့် (ဃ) တို့အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

၃။       ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ်     ၁၂ နာရီ  ၅ မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပါသည်။