ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၇.၉.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ ) ဦးအနက် ( ၃၈၈) ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးကျော်ရွှေ၊ ရမ်းဗြဲမဲဆန္ဒနယ်က မေးမြန်းသော ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ် ဒေသရှိ ဆန်တင်မော်ဆိပ်ကမ်းနှင့် ကျောက်ဦးမော်ဆိပ်ကမ်းနေ ရေလုပ်သားများ အတွက် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ခိုနားနိုင်ရန် ဘက်စုံသုံးမုန်တိုင်း ဒဏ်ခံ အဆောက်အဦ(Multi Purpose Cyclone Shelter) တစ်လုံးစီ ဆောက်လုပ် ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စိစစ်ရွေးချယ်ပေးမည့် သင့်လျော်သောမြေနေရာတွင် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦတစ်လုံးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဦးစားပေးဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၂)    ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်က မေးမြန်းသော ဝိန်းနောင်-ပန်ကြုံ-မိုက်ဟုန်း-လွယ်ကျန့်-ပန်ဝေါ့-ရောင်အူကြီး မြေသားလမ်း(၁၄ မိုင်)တွင် ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိသည့် “ပန်ဝေါ့-လွယ်ကျန့်-မိုက်ဟုန်း”မြေသားလမ်း(၆ မိုင်)နှင့်“မန်ကောင်း -နော်ဝ” မြေသားလမ်း(၇ မိုင်)တို့အား ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က   ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့၏ အသေးစိတ် ကွင်းဆင်းလေ့လာ တင်ပြချက်အပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှစိစစ်၍ လိုအပ်သလို ရန်ပုံငွေ တင်ပြ လာပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်ပြီး ပြည်ထောင်စု သို့မဟုတ် ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွင် ဦးစားပေး အစီအစဉ်ဖြင့် အပိုင်းလိုက် လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၃)    ဒေါ်နန်းထွေးသူ၊ ဖားဆောင်းမဲဆန္ဒနယ်က မေးမြန်းသော ဘောလခဲမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သော ပညာလေ့ကျင့်ရေးကျောင်းမှ ကျောင်းသား များ ခေါ်ယူရာတွင် မြို့နယ်အလိုက် အချိုးမျှတမှုမရှိသလို ပွင့်လင်းမြင်သာမှုမရှိပါ သဖြင့် မည်ကဲ့သို့ မူဝါဒများချမှတ်၍ ခေါ်ယူနေသည်ကို သိလိုခြင်းနှင့် နောက်နောင် ခေါ်ယူရာတွင် မြို့နယ်အလိုက် အချိုးကျခေါ်ယူပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကျောင်းသားသစ်များခေါ်ယူရာတွင် မြို့နယ်တစ်မြို့နယ်ချင်း၏ လူဦးရေအချိုးအစား၊ ကျောင်းဝင်ခွင့် သတ်မှတ်ချက်နှင့်ကိုက်ညီမှု စသည့်အချက်တို့ကြောင့် မြို့နယ်အားလုံး တစ်ပြေးညီ တန်းတူညီတူ ရွေးချယ်ရန် ခက်ခဲသည့်အတွက် မျှမျှတတ စိစစ် ရွေးချယ်နိုင်ရန် ကျောင်းကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းပြီး သင်တန်းကျောင်း အိပ်ဆောင်ဝင်ဆံ့မှုအပေါ် မူတည်၍ နှစ်စဉ်ကျောင်းသားသစ်များကို စိစစ်ရွေးချယ် ပညာသင်ကြားပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။         

          (၄)    ဦးစိန်အောင်၊ ပလက်ဝမဲဆန္ဒနယ်က မေးမြန်းသော ပလက်ဝမြို့နယ်၊ ဖရုံချောင်း ကျေးရွာ လူကူးကြိုးတံတား (၃၅၀ ပေ) တစ်စင်းဆောက်လုပ်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် အဆိုပြုထည့်သွင်း လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၅)    ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်က မေးမြန်းသော ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အရေးကြီးပြီး ပြည်သူလူထုအများဆုံး အသုံးပြုနေသည့် ဆရဲဂျာထန်ကြိုးတံတား (၁၁၀ ပေ)၊ ကျီးဒူချောင်းကူးကြိုးတံတား(၁၅၀ ပေ)တို့အား အမြန်ဆုံး ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စိစစ်ထောက်ခံ တင်ပြ လာပါက ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် သင့်တော်သည့် ဘဏ္ဍာနှစ်တွင် အဆိုပြုလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

          (၆)    ဦးဝမ်းလှ၊ နန်းယွန်းမဲဆန္ဒနယ်က မေးမြန်းသော နန်းယွန်းမြို့နယ်ရှိ ရှိတ်ညို-လုံကျန်းလမ်းပေါ်မှ Box Culvert များအား သတ်မှတ်စံနှုန်းများအတိုင်း ဆောင်ရွက် ထားမှုမရှိသော Global Land ကုမ္ပဏီအား အသစ်ပြန်လည် ဆောင်ရွက်စေခြင်း အပြင် အခြားမည်သို့သော ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က စံချိန်စံညွှန်းမီသော Box Culvert များကို ပြန်လည်ပြုပြင်စေခဲ့ရာ (၁၀၀%) ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်းနှင့် သတ်မှတ်စံချိန် စံနှုန်းအတိုင်း ဆောင်ရွက်ခြင်းမရှိက ၎င်းကုမ္ပဏီကို  Black list စာရင်းသွင်း၍ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

          (၇)    ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က မေးမြန်းသော လေရှီး-ဂျီလာ-သာယာလမ်း       (၁၀ မိုင်)၊ ကူကီး-ဂျီလာ-သာယာလမ်း(၁၀ မိုင်)၊ မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်းလမ်း (၁၀ မိုင်)နှင့် မသော်ရီ-ရော်ပါးမီ-ရောဟော်လမ်း(၁၀ မိုင်)တို့အား (၁၈)ပေအကျယ် မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လေရှီးမြို့နယ် လေရှီး-ဂျီလာ-သာယာလမ်း (၁၀ မိုင်)အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီး  ကူကီး-ဂျီလာ-သာယာလမ်း(၁၀ မိုင်)အား  ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ သင့်လျော်သော ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ မိုဒွန်ရွာမ-ဝမ်းဘဲရွာ ဟောင်းလမ်း(၁၀ မိုင်)အား ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ၂၀၁၉-၂၀၂၀ဘဏ္ဍာ နှစ်တွင်လည်းကောင်းလျာထားပြီး မသော်ရီ-ရော်ပါးမီ-ရောဟော်လမ်း(၁၀ မိုင်)အား လတ်တလောဖောက်လုပ်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )  အစီရင်ခံစာများကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း

          ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာကော်မတီနှင့် ကျန်းမာရေး နှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့၏ အစီရင်ခံစာတို့ကို သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး ယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

          (ဂ)    ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်းအသိပေးခြင်းနှင့် ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

                   (၁)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောက်ရှောက်ရေးဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၉.၉.၂၀၁၈ (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

                   (၂)     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တင်သွင်းသည့် စားသုံးသူ ကာကွယ်ရေးဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။    

၃။       အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၉) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၈.၉.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။