ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် ( ၃၅၈ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်က မေးမြန်းသော လူနေရပ်ကွက်၊ ကျေးရွာများအတွင်း ဆောက်လုပ်ထားသော ဆက်သွယ်ရေးတာဝါတိုင်များ၏ ကြံ့ခိုင်ရေးနှင့်ပတ်သက်၍ စစ်ဆေးရေးအစီအစဉ်များ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြု သက်ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်ရအင်ဂျင်နီယာများနှင့် သက်ဆိုင်ရာ မြို့တော်စည်ပင် သာယာရေးကော်မတီများမှ Structure ပိုင်းဆိုင်ရာလိုင်စင်ရအင်ဂျင်နီယာများ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီကြောင်း စိစစ်ထောက်ခံချက်ပါရှိရန်နှင့် တာဝါတိုင်များတွင် အသုံးပြုသော သံမဏိပစ္စည်းများ၏( Mechanical နှင့် Chemical) ရည်အသွေး စစ်ဆေးမှုများအတွက် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရ Third Party ကုမ္ပဏီများမှ ဓါတ်ခွဲခန်းစမ်းသပ်ပြီးလက်မှတ် (Lab Test) Report များပါရှိမှသာ ခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်က မေးမြန်းသော တောင်ဥက္ကလာပ မြို့နယ်၊ မေတ္တာလမ်းမကြီးကိုဖြတ်၍ မင်္ဂလာဈေးသို့ ရောက်ရှိသော မူလခရီးစဉ် အတိုင်း လိုင်းတစ်လိုင်း(သို့မဟုတ်) မေတ္တာလမ်းမမှ မင်္ဂလာဈေးသို့ ရောက်ရှိသော လိုင်းတစ်လိုင်း လိုအပ်လျက်ရှိနေပါသဖြင့် မည်သို့စိစဉ်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အနေဖြင့် YBS ယာဉ်လိုင်းလမ်းကြောင်းများအား ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချော့မွေ့စေရန် လေ့လာစီမံဆောင်ရွက် လျက်ရှိပါသဖြင့် ယာဉ်လိုင်းလမ်းကြောင်း စိစစ်ဆောင်ရွက်သည့် အချိန်တွင် တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းရှိ ပြည်သူများ သွားလာမှု အထောက်အပံ့ ဖြစ်နိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဦးထွန်းမောင်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က မေးမြန်းသော စစ်တွေ - မင်းဘူး ရထားလမ်း ဖောက်လုပ်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာမှ ကျောက်ဆိပ်ကျေးရွာလမ်းပိုင်းပေါ်ရှိ ပျက်စီးသွားသော မြို့ပေါ်လယ်သမား ၂၈ ဦး တို့၏ လယ်မြေ ၅၁ ဧကခန့်အတွက် လျော်ကြေးငွေများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်တွင် လျော်ကြေးတန်ဖိုး အတည်ပြုချက်ရရှိပါက ထည့်သွင်းလျာထားတောင်းခံပြီး ခွင့်ပြုချက် ရရှိပါက လျော်ကြေးပေးချေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်က မေးမြန်းသော တရားမဝင် ရောင်းဝယ်ဖောက် ကားရာမှ ဖမ်းဆီးရရှိသော သက်သေခံပစ္စည်းများဖြစ်သည့် မော်တော်ယာဉ်၊ ယာဉ် များနှင့် သစ်တောထွက်ပစ္စည်းအား အရည်အသွေးမပျက်စီးမီ အမြန်ဆုံးလေလံတင် ရောင်းချရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လုပ်ထုံးလုပ်နည်းနှင့်အညီ ပိုမိုမြန်ဆန်စွာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(၅) ဦးကျင်ဝမ်း၊ ဟိုပန်မဲဆန္ဒနယ်က မေးမြန်းသော ဟိုပန်မြို့နယ်ရှိ မြန်မာ့စီးပွားရေး ဘဏ်၊ ငွေတိုက်ခွဲကို မြန်မာ့စီးပွားရေးဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ပေးရန်နှင့် ဘဏ် နှင့်ဘဏ်ဝန်ထမ်းများ လုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ္ဍာနှစ်အလိုက် ငွေလုံးငွေရင်း ရန်ပုံငွေလျာထားမှုတွင် ဦးစားပေးအလိုက် ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၆) ဦးတင်နု (ခ) ဦးတင်နုအောင်၊ မာန်အောင်မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံ အတွင်းရှိ လူမှုရေးခက်ခဲသော ဒေသအဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်လျက်ရှိကြသော အငြိမ်းစားဝန်ထမ်းများအား လက်ရှိတာဝန်ထမ်း ဆောင် လျက်ရှိသော ဝန်ထမ်းများကဲ့သို့ ဒေသစရိတ်ခံစားခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်း အနေအထားအရ သုံးငွေသည် ရငွေထက် ပိုမိုနေသဖြင့် လိုငွေဖြစ်ပေါ်နေသည့် အနေအထားဖြစ်ရာ တည်ဆဲပင်စင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက် များအရလည်းကောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေအရေလည်းကောင်း ဒေသစရိတ်ခံစားခွင့် ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁) ခု နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့သော ၂၀၁၇ခုနှစ်၊ မြန်မာ့ ကျောက်မျက်ရတနာဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ အတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
( ဂ ) အဆို (၂) ခု တင်သွင်းခြင်း
(၁) ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဒဂုံမဲဆန္ဒနယ်က မတူကွဲပြားသော လုပ်ငန်းသဘာဝ ရှိကြသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများအား သဘာဝအားဖြင့် တူညီသော လုပ်ငန်းအလိုက် တူရာစုဖွဲ့ပြီး အုပ်စုတစ်ခုစီနှင့်ဆီလျော်သော ပြုပြင်ပြောင်းလဲရေး မူဝါဒများချမှတ်ပြီး အားလုံးကို လွမ်းခြုံနိုင်သည့် နိုင်ငံပိုင်လုပ်ငန်း ပြုပြင်ပြောင်း လဲရေးစီမံချက်နှင့် မဟာဗျူဟာတစ်ရပ် ချမှတ်အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီး ဦးအောင်လှိုင်ဝင်း၊ မင်္ဂလာဒုံမဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၃.၉.၂၀၁၈ (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(၂) ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို များစွာထိခိုက်စေသည့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက် စေရေးအတွက် မဟာဗျူဟာချမှတ်၍ ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီး ဒေါ်ဝင့်ဝါထွန်း၊ ရှားတောမဲဆန္ဒနယ်ကထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၃.၉.၂၀၁၈(တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) အစီရင်ခံစာကို ဆွေးနွေးရန် အဆိုတင်သွင်းခြင်း
ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီက အစီရင်ခံစာကို ဆွေးနွေးရန် အဆိုတင်သွင်းပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၃.၉.၂၀၁၈ (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၅) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၅.၉.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
