ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် ( ၃၈၈ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဦးတင်ဌေးအောင်၊ ရေစကြိုမဲဆန္ဒနယ်က မေးမြန်းသော မြို့နယ်မြေစာရင်း၊ စာရင်းအင်းဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေရသော ရပ်/ကျေး မြေစာရင်းမှူး များကို ပိုမိုတိုးချဲ့ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖွဲ့စည်းပုံအသစ်ဖြင့် ပြင်ဆင်ရေးဆွဲတင်ပြထားမှုရှိသည့်အလျောက် ခွင့်ပြုချက်ရရှိ လာပါက လုပ်ငန်းတာဝန်များပြားသည့် ရပ်ကွက်/ကျေးရွာအုပ်စု (၁)အုပ်စုနှင့် လုပ်ငန်းတာဝန်နည်းပါးသည့် ရပ်ကွက်/ ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် တာဝန်ခံ မြေတိုင်းစာရေး (၁)ဦးနှုန်းစီဖြင့် ဘဏ္ဍာငွေခွဲဝေရရှိမှုနှင့်အညီ ခန့်အပ်တာဝန်ပေးအပ် သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးအုန်းလွင်၊ ညောင်တုန်းမဲဆန္ဒနယ်က မေးမြန်းသော ညောင်တုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကွင်းအမှတ်(၄)-အုတ်သျှစ်လှ ဘုရားကုန်း-ဦးပိုင် အမှတ်(၅၈) အတွင်းရှိ မြေပေါ်တွင် အသုံးမပြုဘဲ ပစ်ထားသော စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင် (၂)လုံးအား ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် မြေနေရာ လိုအပ်နေပါသဖြင့် မြို့နယ်စည်ပင်သာယာရေးပိုင် မြေပေါ်မှ ဖယ်ရှားပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံခန့်ခွဲသည့် စည်ပင်သာယာ မြေဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးစိုင်းကျော်မိုး၊ မိုင်းပန်မဲဆန္ဒနယ်က မေးမြန်းသော မိုင်းပန်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ပန်ချောင်းသည် နှစ်စဉ်ရေကြီးမှုကြောင့် မြို့နယ် အတွင်း ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေပါသဖြင့် နမ့်ပန်ချောင်း၏ ဟွေ့ကျောင်းချောင်းဆုံနေရာမှ ကန်မောက်လျံရွာအထိ ပေ ၃သောင်းခန့်၊ (၅.၅၃) မိုင် ရေတိမ်ကောမှုအား သဲနုန်းတူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်းတို့အား လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဦးစားပေး အစီအစဉ်များအရ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သင့်လျော်သည့် ဘဏ္ဍာနှစ်တွင် တင်ပြတောင်းခံပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က မေးမြန်းသော လှိုင်သာယာ-ဟင်္သာတ ရထားလမ်းပိုင်းသည် စီမံကိန်းပြီးစီးသွားသော်လည်း ပြေးဆွဲခြင်း မပြုတော့သည့် အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းစေရန် ကောင်းမွန်၍ စနစ်ကျသော စီမံခန့်ခွဲမှုများဖြင့် မည်သည့်အချိန်တွင် မည်ကဲ့သို့ပြန်လည်ဆောင်ရွက် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဘဏ္ဍာရန်ပုံငွေ ရရှိနိုင်မှုအပေါ်မူတည်၍ လျှပ်စစ် သုံးရထားများ ပြေးဆွဲနိုင်သော ရထားလမ်းကို လှိုင်သာယာနှင့် ရန်ကုန်အကြား ဖောက်လုပ်ပြီး စီးပွားရေးတွက်ခြေကိုက်စွာ ပေးဆွဲနိုင်မည့်အချိန်တွင် စနစ်တကျ စီမံကိန်းချမှတ် ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် လက်ရှိတွင် လှိုင်သာယာ-ဟင်္သာတ ရထားလမ်းပိုင်းကို ပြုပြင်တည်ဆောက်ပြီး ရထားပြန်လည်ပြေးဆွဲရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးအောင်လှိုင်ဝင်း၊ မင်္ဂလာဒုံမဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်မြို့ မြို့ပတ် ရထားလမ်း၏ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာကြား မီးရထားလမ်းသည် မြေသားတမံသဖွယ်ရေစီးဆင်းမှုအား ပိတ်ဆို့နေသည့်အတွက် ရပ်ကွက်(၇)ရပ်ကွက်မှ ပြည်သူသုံးသောင်းခန့် နှစ်စဉ်ရေဝပ်သည့်ဒဏ်ကို ခံစားနေရပါ၍ ခရေပင်လမ်းမကြီး၏ တောင်ဘက်နှင့် မြောက်ဘက်တစ်ဖက်စီတွင် မီးရထားလမ်းအောက်မှ ရေထွက်အား ကောင်းမွန်သည့် မြောင်းများဖောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဓိက ပထမအဆင့်အနေဖြင့် အရန်တာပေါင် တည်ဆောက်နေဆဲဖြစ်ပြီး ပြီးစီးပါက ရထားလမ်းနှင့်အပြိုင် ရေနုတ်မြောင်းပြုလုပ်မည်ဖြစ်ပြီး ကန်စွန်းခင်း များကိုဖြတ်၍ ရေမြောင်းတူးရန်ကိစ္စကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည်မဲဆန္ဒနယ်က မေးမြန်းသော အသိပညာ၊ အတတ်ပညာနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မှီငြမ်းမှုများ ရယူဆောင်ရွက်နိုင်သည့် e-Learning အတွက် “ Internet Access ” ကို အဆင်ပြေပြေ ကုန်ကျစရိတ် နည်းပါးစွာနှင့် ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီ များ၊ မိုဘိုင်းအော်ပရေတာများနှင့် ဆွေးနွေးညှိနှိုင်း၍ ဝန်ဆောင်ခနှုန်းထားများကို ပိုမိုသက်သာစွာ ကောက်ခံဆောင်ရွက်ပေးနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁) ခု တင်သွင်းခြင်းနှင့်အစီရင်ခံစာဖတ်ကြားခြင်း
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ် ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော ကိုယ်စားလှယ်များက ၂၄.၈.၂၀၁၈ (သောကြာနေ့) ညန ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
( ဂ ) အဆို (၁) ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာ့သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသအလိုက် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင် နေကြသော နှစ်ရှည်သီးပင် ဥယျာဉ်ခြံလုပ်ငန်းများ၏ အဓိကလိုအပ်ချက် ပင်မအရင်းအမြစ် များအပေါ် ထောက်ပံ့ကူညီပေးနိုင်သည့် စီမံကိန်းမျိုးကို ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ခွဲဝေချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၃.၈.၂၀၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
