(င)-တမူးမြို့နှင့် ဟုမ္မလင်းမြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော ပြည်ထောင်စုလမ်းမကြီးအား ရာသီမရွေးသွားလာနိုင်ရန် နန့်အယားချောင်းကူးတံတားအား မည်သို့စီမံဆောင်ရွက် ပေးနိုင်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၅.၃.၂၀၁၈)

တမူးနှင့် ဟုမ္မလင်းကိုဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးတွင် မိမိတို့ အောင်ဇေယျ ကျေးရွာနှင့် ဟုမ္မလင်းအနီးက ကက်သာ-အောင်ဇေယျလမ်းပိုင်းသည် ၃၈ မိုင် ၁ ဖာလုံ ရှိပါကြောင်း၊ အဆိုပါကားလမ်းမကြီးပေါ်တွင် RC တံတားသုံးစင်း၊ ဘေလီတံတားသုံးစင်းနှင့် ရေကျော် တစ်နေရာရှိပါကြောင်း၊ နန့်အယားချောင်းကို မိမိတို့လက်ရှိတွင် ရေကျော်တည်ဆောက် ထားပြီး မိုင်တိုင်အမှတ် ၃၇/၅ နှင့် ၃၇/၆ ကြားတွင် တည်ရှိပါကြောင်း၊  ချောင်းအကျယ်အဝန်း ပေ ၅၀၀ ဝန်းကျင်ခန့် ရှိပါကြောင်း၊ ၎င်းချောင်းသည် ယခင်က အလွယ်တကူ ဖြတ်သန်းသွားလာ ရစေရန် ရေကျော်တည်ဆောက်ထားသော်လည်း အထက်အညာဒေသကကဲ့သို့ ချောင်းခြောက် မဟုတ်ပါကြောင်း၊ ရာသီမရွေးရေစီးဆင်းနေပြီး မိုးတွင်းတွင် ချောင်းပြင်တစ်ခုလုံး ရေလွှမ်းမိုး နေပါကြောင်း၊ သဲသောင်ပြင်နေရာသည် ယခင်က ရေကျော်တည်ဆောက်ထားသောနေရာတွင် ယခု ၃ ပေခန့် သဲထုဖုံးလွှမ်းသွားပြီး ရေလမ်းကြောင်းလည်း ပြောင်းသွားသည့်အတွက် ကားများ သွားလာရ ခက်ခဲပါကြောင်း၊ ကက်သာ-အောင်ဇေယျလမ်းပိုင်းတွင် ဒုတိယ အရှည်ဆုံးတံတား ဖြစ်သည့် နတ်မကတံတားသည် လက်ရှိ မတ်လတွင် ပြီးစီးမည်ဖြစ်ပြီး ပေ ၉၉၀ ရှိပါကြောင်း၊ စီမံကိန်းတန်ဖိုးသည် သန်းပေါင်း ၁၉၅၅ သန်းဖြင့် တည်ဆောက်နေပါကြောင်း၊ ချင်းတွင်းတံတား၊ ဟုမ္မလင်း သည် ၂၆ ဘီလီယံအသုံးပြုပြီး တည်ဆောက်နေပြီး ယခု လာမည့်မတ်လတွင် ပြီးစီးမည် ဖြစ်ပါကြောင်း၊ တင်ပြထားသည့် နမကန်တံတား၊ ချင်းတွင်းမြစ်ကူး တံတားများသည် တမူးနှင့် ဟုမ္မလင်းကို ချိတ်ဆက်ရန် ဖောက်လုပ်ထားသောစီမံကိန်းတွင်ပါဝင်သည့်လုပ်ငန်းများ ဖြစ်ပါ ကြောင်း၊ နန့်အယားချောင်းက တမူး-ကက်သာ-အောင်ဇေယျအစတွင် တည်ရှိသည့်လမ်း ဖြစ်ပါကြောင်း၊ ယခုချိန်တွင် ဟုမ္မလင်းနှင့်ကလေးဝကို ရေလမ်းကြောင်းက သွားမည်ဆိုပါက ရေ လျော့နည်းနေသည့်ရာသီဖြစ်သည့်အတွက် ရေကြောင်းနေရာ ၂၄ နေရာခန့်တွင် ရေအနက် နှစ်ပေခန့်သာရှိသည်ဟု သိရှိရပါကြောင်း၊ သွားလာသည့်လူများအတွက် ခက်ခက်ခဲခဲဖြင့် သွားလာနေရပါကြောင်း၊ ၂၀-၁၂-၂၀၁၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်တွင် မိမိမေးခွန်း တင်ခဲ့သည့် ဟုမ္မလင်း-တမူးလမ်းပေါ်က ကက်သာ-အောင်ဇေယျလမ်းပိုင်းကို ရာသီမရွေး သွားလာနိုင်ရန် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ  မေးမြန်းရာတွင် ဆောက်လုပ်ရေးဝန်ကြီးမှ ၂၀၁၈-၁၉ ခုနှစ်တွင် ရာသီမရွေး သွားလာနိုင်သော ကျောက်လမ်းအဖြစ် အပြီးဆောင်ရွက် ပေးမည်ဟု ဖြေကြားထားပါကြောင်း၊ တံတားများ၊ လမ်းများတည်ဆောက်ပြီး ကက်သာ-အောင်ဇေယျလမ်းပိုင်းအစဖြစ်သော အောင်ဇေယျကျေးရွာရှိ နန့်အယားချောင်းကူးတံတားကို မတည်ဆောက်နိုင်သေးပါက နိုင်ငံတော်အနေဖြင့် စီမံကိန်းများလုပ်ဆောင်ပါကြောင်း၊ ပေးကား ပေး၏ မရ ဆိုသကဲ့သို့ အဖျားရောက်မှသွား၍မရဘဲ ခက်ခဲနေလိမ့်မည် ဖြစ်သည့်အတွက် မိမိအနေဖြင့် ၎င်းတံတားကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်ပေးစေလို ပါကြောင်း၊ ထို့ကြောင့် တမူးမြို့နှင့် ဟုမ္မလင်းမြို့ကို ဆက်သွယ်ဖောက်လုပ်ထားသော ပြည်ထောင်စုလမ်းမကြီးအား ရာသီမရွေးသွားလာနိုင်ရန် လိုအပ်လျက်ရှိသည့် နန့်အယား ချောင်းကူးတံတားအား သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နန့်အယားချောင်းကူးတံတားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်မှ တမူး-အောင်ဇေယျ-ကက်သာ-ဟုမ္မလင်းသွားသော လမ်းပေါ်တွင်တည်ရှိသော တံတားဖြစ်ပါကြောင်း၊ တမူးမြို့နှင့်ဟုမ္မလင်းမြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်သည်‌့ ကက်သာ-အောင်ဇေယျလမ်း ကီလိုမီတာ ၆၀ နှင်‌့ ၆၁ ကြားတွင် ပေ ၃၀၀ အရှည် နန့်အယားချောင်းကူး ရေကျော်ရှိပါကြောင်း၊ ယခုအခါ ရေလမ်းကြောင်းများပြောင်းလဲပြီး ချောင်းရေပြင်ကျယ်လာသည့်အတွက် တံတားအသစ် တည်ဆောက်ရန် လိုအပ်လာမည် ဖြစ်ပါကြောင်း၊ တစ်နေ့တာသွားလာသည့် ပျမ်းမျှယာဉ်စီးရေ ၅၀ အောက်သာ ရှိပါသေးကြောင်း၊

အဆိုပါ နန့်အယားချောင်းသည် မိုးတွင်းကာလ တောင်ကျရေစီးဆင်းမှုများရှိသည့်အတွက် ယာဉ် များသည် တောင်ကျရေအခြေအနေကို စောင့်ဆိုင်း၍ သွားလာရကြောင်း၊ နွေ၊ မိုး၊ ဆောင်း ရေအမြဲစီးဆင်းနေသောချောင်းဖြစ်ပါသဖြင့် ရာသီမရွေးသွားလာနိုင်ရေးအတွက် တံတားအရှည် ၁၅၂ မီတာ နှစ်လမ်းသွားသံကူကွန်ကရစ်တံတား တည်ဆောက်ပေးနိုင်ရန် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည်‌့သွင်း လျာထားထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။