ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁၃.၃.၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦးအနက် (၃၈၉)ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

( က ) ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း

(၁)    ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်က မေးမြန်းသော မြန်မာ့ပင်လယ် ရေကြောင်းလုံခြုံရေးအတွက် လုံခြုံရေးအင်အား တိုးမြှင့်ပေးခြင်း နည်းပညာ အပါအဝင် အခြေခံလိုအပ်ချက်များ တိုးမြှင့်ထောက်ပံ့ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်းမရှိသေးမီ ရေယာဉ်ဝင်/ထွက်သွားလာမှု များပြားရှုပ်ထွေးပြီး ထောက်လှမ်းစောင့်ကြည့်စိစစ်ခွဲခြားရန် ခက်ခဲသည့် ရေလမ်း ကြောင်းများအား တပ်မတော်(ရေ)အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ မြန်မာ့ပင်လယ်ပြင်ရေကြောင်းလုံခြုံရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                            

(၂)    ဦးမိုးရွှေ၊ ပူတာအိုမဲဆန္ဒနယ်က မေးမြန်းသော ပူတာအိုမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး နှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ရုံးနှင့် ဝန်ထမ်းများ နေအိမ်သည် နှစ်ပေါင်းများစွာ ကြာမြင့်လာသောကြောင့် သစ်တိုင်များ၊ ပျဉ်များ ဆွေးကာ အဆောက်အဦများ ပျက်စီးလျက်ရှိပြီး အန္တရာယ်ဆောင်ဖြစ်နေပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဌာနပိုင်အဆောက်အဦ မရှိ သေးသောရုံးများ၊ အိုမင်းဟောင်းနွမ်းနေသောရုံးများ၊ ဌာနပိုင်အဆောက်အဦများ အပါအဝင် ဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်နိုင်ရေးအတွက် လျာထားတောင်းခံ သွားမည်ဖြစ်ပါကြောင်းနှင့် အခြေအနေဆိုးသောရုံးများမှစပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)    ဦးလမာနော်အောင်၊ အင်ဂျန်းယန်မဲဆန္ဒနယ်က မေးမြန်းသော စစ်ဘေးရှောင် စခန်းတွင် ရောက်ရှိနေသော ပြည်သူများကြုံတွေ့နေရသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း အခက်အခဲကိစ္စများ နှင့်ပတ်သက်၍ ပြည်ထောင်စု ဖွားတိုင်းရင်းသား စစ်စစ်ဖြစ်ပါလျက်နှင့် ခွဲခြားကန့်သတ်ချုပ်ချယ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိနှင့် အခြားစစ်ဘေးရှောင်စခန်း အသီးသီးသို့ ရောက်ရှိနေကြသည့် တိုင်းရင်းသားပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့်အိမ်ထောင်စုစာရင်းအား မည်သို့ စီမံဆောင်ရွက်ထားသည်တို့ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နယ်မြေလုံခြုံရေးအရ နေရပ် စွန့်ခွာရောက်ရှိနေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ခွဲခြားကန့်သတ်ချုပ်ချယ်မှုမရှိဘဲ သက်ဆိုင်ရာ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ နှင့်ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဝန်ကြီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဦးကျော်စိုးလင်း၊ ပြည်ကြီးတံခွန်မဲဆန္ဒနယ်က မေးမြန်းသော ပြည်ကြီးတံခွန် မြို့နယ်အတွင်း စီမံကိန်းအကောင်အထည် မပေါ်သောမြေတွင် လျော်ကြေးမရရှိသော မူလပိုင်ရှင်များ နေထိုင်နေခြင်းအပေါ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမြို့နယ်မှ စိစစ်ဆဲနှင့် နိုင်ငံတော်သမ္မတရုံးမှ တင်ပြစာနှင့်ပတ်သက်၍ လိုအပ်သလို ဆက်လက်စိစစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကြောင်းကြားစာရောက်သည့်နေ့တွင် ဈေးနှင့်သားသတ်ဌာန စည်ပင် ကော်မတီမှ မူလပိုင်ရှင်မိသားစုများအား အတင်းအဓမ္မဖယ်ရှားခြင်း နှင့်ပတ်သက်၍ မည်ကဲ့သို့ ကုစားပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီ အဖွဲ့ဝင် ဦးညီထွန်းက တရားရုံး၏အဆုံးအဖြတ်ရယူ၍ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေများနှင့်အညီ ကျူးကျော်နေထိုင်မှုများအား အကြောင်း ကြားခြင်း၊ ထပ်ဆင့်အကြောင်းကြားခြင်း၊ Notice စာပေးဝေခြင်းများ ဆောင်ရွက် ပြီးမှသာ ခွင့်ပြုချက်ရယူ၍ စနစ်တကျရှင်းလင်းခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် အတင်း အဓမ္မဖယ်ရှားရှင်းလင်းခြင်းမဟုတ်ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဦးရွှေလှ (ခ) ဦးရွှေလှဝင်း၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က မေးမြန်းသော သင်္ဃန်းကျွန်း မြို့နယ်အတွင်းမှ ကျူးကျော်စာရင်းတွင်လည်းမပါ၊ တရားဝင်မြေငှားဂရန်လည်း မရှိဘဲ နိုင်ငံတော်ပိုင်မြေပေါ်တွင် အခိုင်အမာတည်ဆောက်ထားသော နေအိမ် အဆောက်အဦများကို အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးညီထွန်းက အဆောက်အဦများ အနက် အဆောက်အဦ (၇)လုံးမှာ ကျူးကျော်နေထိုင်သူများစာရင်းတွင် ပါဝင်ပြီး Smart Card ထုတ်ပေးထားသော အဆောက်အဦများဖြစ်ကြောင်း၊ အဆောက်အဦ (၇)လုံးမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် အခိုင်အမာ ဆောက်လုပ်ထားသော အဆောက်အဦများဖြစ်ကြောင်း၊ အဆောက်အဦတစ်လုံးမှာ ခွင့်ပြုချက်မဲ့ဆောက် လုပ်ထားသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တရားစွဲအရေးယူ ထားကြောင်းနှင့် အဆောက်အဦတစ်လုံးမှာ ရန်ကုန်မြို့တော်စည်ပင် သာဘာရေး ကော်မတီမှ စိစစ်ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဒေါက်တာဦးစိုင်းမောက်ခမ်း၊ လားရှိုးမဲဆန္ဒနယ်က မေးမြန်းသော လားရှိုးမြို့၊ မြို့မစည်ပင်သာယာဈေးကြီး၏ ဝန်းကျင်တစ်ဝိုက်ရှိ လမ်းများပေါ်တွင် နေ့စဉ် ရပ်နားထားသည့် မြောက်မြားလှစွာသော မော်တော်ယာဉ်ပေါင်းစုံတို့ကို စည်းကမ်း တကျနှင့် လုံခြုံစွာ ရပ်နားနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးညီထွန်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ဈေးမိဈေးဖများ၊ ဈေးအရန် မီးသတ်တပ်ဖွဲ့များ၊ ယာဉ်ရပ်နားခကောက်လုပ်ငန်းမှ လုပ်သားများနှင့် ကြီးကြပ်မှု လုံခြုံရေးကင်မရာများ တပ်ဆင်ထားရှိပြီး စနစ်တကျလုံခြုံစွာ ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၇)    ဦးမြင့်ဦး၊ မကွေးမဲဆန္ဒနယ်က မေးမြန်းသော မကွေးမြို့နယ်၊ ကန်သာရပ်ကွက် အတွင်းရှိ ကန်သာရေကန်ကြီးကို ပြန်လည်တူးဖော်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးညီထွန်းက အကျိုးတူ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်လျက်ရှိပြီး ပြည်ထောင်စုထောက်ပံ့ရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရထောက်ပံ့ရန်ပုံငွေများရရှိရန် တောင်းခံသွားမည်ဖြစ်ပြီး ရရှိပါက ပြုပြင်ထိန်းသိမ်းမှုများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

( ခ )  ဥပဒေကြမ်း (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်း သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

( ဂ )  အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး ပြည်သူလူထု၏ လူနေမှုဘဝလုံခြုံမှုရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးနိုင်ရန် အတွက် ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် (၂၁)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

 

၃။   ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၃ နာရီတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၄-၃-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။