ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂. ၅. ၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၉  ခုနှစ်၊ မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် (၃၇၃)ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

                   (၁)     ဦးလာမာလေး၊ ဆော့လော်မဲဆန္ဒနယ် က မေးမြန်းသော ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာအုပ်စု၊ လန်ဆယ်ရွာတွင် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်၌ တည်ဆောက် ခဲ့သော ရေတားတမံမှာ တည်ဆောက်ပြီးစီးပြီး (၈) လကျော်ခန့် အကြာ၌ ပျက်စီးနေပါသဖြင့် တည်ဆောက်ခဲ့သည့် ကုမ္ပဏီနှင့်ရေတားတမံ ပြီးစီးကြောင်း အရည်အသွေး စစ်ဆေးခဲ့သည့် ကော်မတီအဖွဲ့အဝင်များအား နိုင်ငံတော်အစိုးရအနေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိနှင့် စီမံကိန်းလုပ်ငန်းအား တင်ဒါစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့် အညီဆောင်ရွက်ခဲ့ခြင်းရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အရည်အသွေး ညံ့ဖျင်းမှုကြောင့် ပျက်စီးခဲ့ခြင်းမဟုတ်ဘဲ မလွန်ဆန် နိုင်သော ဖြစ်ရပ်ဖြစ်သည့် သဘာဝဘေးဒဏ်ကြောင့်သာ ယိုယွင်းမှုဖြစ်ပေါ် ခဲ့ရခြင်းကြောင့်အဆိုပါဖြစ်စဉ် နှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်သွားရန် အစီအစဉ် မရှိပါကြောင်းနှင့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သက်တမ်း(၃) နှစ် အတွင်း ထပ်မံပျက်စီးမှုများရှိပါက လုပ်ငန်းဆောင်ရွက်ခဲ့သော ကုမ္ပဏီမှ  တာဝန်ယူ ပြင်ဆင်ပေးရေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                   (၂)     ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ် က မေးမြန်းသော သံဖြူဇရပ်မြို့မှ (၂) မိုင် (၅) ဖာလုံ အကွာအဝေးတွင်ရှိသော မွန်တိုင်းရင်းသားတို့၏ ကျုံကရုတ် ကျေးရွာသို့ (၁၂) ပေ အကျယ် ကတ္တရာလမ်း ဖောက်လုပ်ပေးရန်အစီအဉ်  ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က တတိယ (၅) နှစ် စီမံကိန်းတွင်သာ ရန်ပုံငွေဝင်ဆံ့မှုနှင့် ဉီးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၃)     ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ် က မေးမြန်းသော သွားလာရေးခက်ခဲသော နေရာ ဒေသများနှင့် ချောင်းကူး/ မြောင်းကူးနေရာများတွင် ကုန်ကျတန်ဖိုး မကြီးမားဘဲ ရေရှည်အတွက် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည့် သံမဏိ ကြမ်းခင်း/ သံမဏိ ကြိုးတံတားငယ်များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးကျော်လင်းက သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသော တံတားများ ကိုသာ ဆက်လက်တည်ဆောက်သွားမည် ဖြစ်ပြီး စံချိန်စံညွှန်းပြည့်မီအောင် မတည်ဆောက်နိုင်သေးပါက ယာယီဘေလီ တံတားများ တည်ဆောက် သွားမှာဖြစ်ပြီး စံချိန်စံညွှန်း ပြည့်မီမှုမရှိသော ကြိုးတံတားငယ်များကို ယာယီအစီအစဉ်ဖြင့် ဆောင်ရွက်သွားရန် အစီအစဉ် မရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                   (၄)     ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ် က မေးမြန်းသော မြစ်သားမြို့၏ အဓိကကျသော၊ ယာဉ်သွားယာဉ်လာများသော ဗိုလ်ချုပ်လမ်း (မြစ်သား-အိုးသူကြီး-အင်းကုန်းလမ်း၏ မြို့တွင်းပိုင်း) အား ၁၈ ပေ အကျယ်မှ ၂၄ ပေ အကျယ်သို့ တိုးချဲ့ခင်း ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လမ်းဒီဇိုင်းရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                   (၅)     ဦးဝင်းနိုင်၊ မိုးကောင်းမဲဆန္ဒနယ် က မေးမြန်းသော  မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းတို့တွင် ပါဝင်သော မိုးကောင်းမြို့နယ်အတွင်းရှိ လမ်းပိုင်းများအား မည်သည့်ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် (၉.၅) ကီလိုမီတာမှ (၁၉.၃) ကီလိုမီတာအတွင်း (၅၆၀၀) စတုရန်းမီတာအား လမ်းပေါက်ဖာခြင်း လုပ်ငန်း များ ဆောင်ရွက်ရန် ရန်ပုံငွေတင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                   (၆)     ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ် က မေးမြန်းသော အောင်လံ-တောင်တွင်းကြီး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နှစ်(၁၀၀) သက်တမ်းနီးပါး ရှိသော တံတားအမှတ် ၂၆၂/ ၂ကို သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၇)     ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ် က မေးမြန်းသော စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ချင်းဆက် အမှတ်(၄) လမ်းအား စီမံကိန်းရေးဆွဲပြီး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့သော်လည်း အဆိုပြုလမ်း အဆင့်သာဖြစ်နေ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် ၎င်းခရိုင်ချင်းဆက် အမှတ်(၄) လမ်းပိုင်းပေါ်ရှိ ကနီမြို့နယ်လမ်းအပိုင်း၌ ဂျင်းလမ်းအပိုင်းများပေါ်တွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြေသားလမ်းအပိုင်းများ ပေါ်တွင် ဂျင်းမြေခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လတ်တလောတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ရန်ပုံငွေ ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

         

(ခ)     အဆို(၂)ခုတင်သွင်းခြင်း

                   (၁)     မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးရာဒေသများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်အတွက် အစိုးရပူးပေါင်းဆောင်ရွက်မှုဖြင့်  ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ဘိန်းအစားထိုးစီမံကိန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ် က တင်သွင်းခဲ့ပြီး  ဒေါ်နန်းသန်းသန်းလွင်၊ ဘားအံ မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၃-၅-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

                   (၂)     ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်ပြီး   Global Supply Chain  တွင် ပြည်တွင်း     ထုတ်လုပ်မှုများ အချိုးအစား တစ်ခုအဖြစ် ပါဝင်နိုင်စေရေးနှင့် လိုအပ်သော ငွေကြေး နည်းပညာအထောက်အပံ့များရရှိစေရေး ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆို ကို ဒေါ်ချိုချို၊ အုတ်တွင်း မဲဆန္ဒနယ်က တင်သွင်းခဲ့ပြီး ဦးနိုင်ထူးအောင်၊ နွားထိုးကြီးမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၃-၅-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

         

(ဂ)     ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း

                   ပညာရေးဝန်ကြီးဌာနက ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဉပဒေကြမ်း ကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၃-၅-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၁နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၃-၅-၂၀၁၉ ရက် (သောကြာနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။