ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်(ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၇၀ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီတွင် ကော်မတီအဖွဲ့ဝင် တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ချို အစား ဗိုလ်မှူးကြီးဝင်းလွင်ဦးအား အစားထိုးလဲလှယ်ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုခဲ့သည်၊
( ခ ) ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်က မေးမြန်းသော အမျိုးသားမှတ်ပုံ တင်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ကိုယ်ရေးအချက်အလက် မှတ်တမ်း ဖိုင်တွဲများအား လက်ရှိအသုံးပြုလျက်ရှိသော စနစ်မှ Digital စနစ်သို့ အမြန်ဆုံး ပြောင်းလဲပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက Digital Base တည်ထောင်ပြီး Digital စနစ်နှင့် Smard Card စနစ် ဆောင်ရွက်နိုင်ရေး တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
(၂) ဦးစိုင်းကျော်မိုး၊ မိုင်းပန်မဲဆန္ဒနယ်က မေးမြန်းသော မိုင်းပန်မြို့ရှိ မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် (၄) ခန်းတွဲနှစ်ထပ် (RC) သွပ်မိုး ဝန်ထမ်းအိမ်ရာ (၁) လုံးအား ဌာနပိုင်မြေအတွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ ခွင့်ပြုချက်ရရှိပါက ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးတိုးဝင်း၊ တာမွေမဲဆန္ဒနယ်က မေးမြန်းသော တာမွေမြို့နယ်၊ နတ်မောက် ရပ်ကွက်ရှိ အလုပ်သမားဆေးရုံကြီး၏ ဆေးကုသဆောင်များအား အမိုး လုံခြုံ စေရန်နှင့် လူနာနားနေဆောင်များ၊ ဟောင်းနွမ်းပျက်စီးနေသော ဝန်ထမ်းလိုင်းခန်း များအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လျာထား တင်ပြတောင်းခံပြီး ဘတ်ဂျက်ခွင့်ပြုငွေရရှိပါက ဆောက်လုပ်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးကံမြင့်၊ သရက်မဲဆန္ဒနယ်က မေးမြန်းသော သရက်မြို့နယ်အဆုံးရှိ ဆင်ကော် ကျေးရွာအုပ်စု၊ ဆင်ကော်ရဲစခန်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်အင်္ဂါနှင့် ညီညွတ်မှု မရှိခြင်း၊ လုံခြုံမှုမရှိခြင်းများကြောင့် အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဆင်ကော်နယ်မြေရဲစခန်းအတွက် ပြုပြင်ရန်လိုအပ်သည့် လုံးချင်းအဆောက်အဦ (၁) လုံးအား ပြန်လည်ပြုပြင်ရန်အတွက် ပြင်ဆင်ထိန်းသိမ်း စရိတ်ရန်ပုံငွေမှ ပြင်ဆင်သွားမည်ဖြစ်ပါကြောင်းနှင့် နယ်မြေရဲစခန်းရုံး (အချုပ်ပါ) ၁ ထပ် ၁ လုံး၊ ၆ ခန်းတွဲ ၂ ထပ် ၁ လုံးတို့အား ဆောက်လုပ်ပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေမှ ရရှိနိုင်ရေး တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးစဲကီကော်၊ မိုင်းခတ်မဲဆန္ဒနယ်က မေးမြန်းသော မိုင်းခတ်မြို့၊ မြို့မရဲစခန်း၏ လိုအပ်ချက်များဖြစ်သည့် ရဲတပ်သားနှင့် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်သော အဆောင်၊ အရာရှိမိသားစုနေထိုင်ရန် အဆောင်တို့အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်ထပ်မံ တင်ပြသော ခြံစည်းရိုးကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်စိစစ်ပြီး ပြန်ကြားသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ်က မေးမြန်းသော ပန်းတောင်းမြို့နယ် အနီးတစ်ဝိုက် ဧရာဝတီမြစ်ကြောင်းအတွက် ရေကြောင်း ရဲတပ်ဖွဲ့အား ပန်းတောင်း မြို့နယ် အခြေစိုက်အဖြစ် ဖွဲ့စည်းထားရှိရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့အနေဖြင့် ဖွဲ့စည်းပုံပါအင်အားအတိုင်း ပြည့်မီမှုမရှိသေးပါသဖြင့် ရေကြောင်းရဲတပ်ဖွဲ့အား ပန်းတောင်းမြို့နယ်အခြေစိုက် အဖြစ် လတ်တလောတွင် ဖွင့်လှစ်ပေးရန်အစီအစဉ်မရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၇) ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဖလမ်းမဲဆန္ဒနယ်က မေးမြန်းသော ဖလမ်းမြို့နယ်၊ သီးဆဲင်အုပ်စု၊ ဗားလုံ (ဝေဠုဝန်စခန်း)ကျေးရွာ တွင် ရဲကင်း သို့မဟုတ် ရဲစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက MPT နှင့် Telenor တို့၏ ဆက်သွယ်မှု ကွန်ယက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်နင်းစွာဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ရဲကင်းစခန်းဖွင့်လှစ်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ဂ ) အဆို (၁) ခု တင်သွင်းခြင်း
နိုင်ငံ၏ အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်စေရန် တောင်သူဗဟိုပြု စိုက်ပျိုးရေးနှင့် အသားငါး ထုတ်လုပ်ရေးကဏ္ဍကို နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က တင်သွင်းခဲ့ပြီး ဦးဇော်ဝင်း၊ ကြည့်မြင်တိုင်မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၉-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဃ) ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်း”ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဉပဒေကြမ်းကော်မတီက ယင်းဉပဒေကြမ်းကို အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၀-၅-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့်ရက်ကို ၁၀-၅-၂၀၁၉ ရက်(သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
