မြန်မာနိုင်ငံတွင် နှစ်စဉ် လျှပ်စစ်စွမ်းအင် ၁၅ ရာခိုင်နှုန်း တိုးတက် သုံးစွဲနေရသဖြင့် ထိုလိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်ရန်အတွက် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကို သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုအတွက် ရေကာတာများတည် ဆောက်နေသည်ကို သိရှိရပါကြောင်း၊ ထိုရေအားလျှပ်စစ်စီမံကိန်းများမှ ရေအားလျှပ်စစ်ထုတ်ယူခြင်းများတွင် စီမံကိန်းရှိ ရေဝပ်ဧရိယာများတွင် ပါဝင်သော ကျေးရွာများရှိလာနိုင်သကဲ့သို့ စီမံကိန်းဧရိယာအတွင်း လယ်ယာမြေ၊ ဉယျာဉ်ခြံမြေများ သိမ်းယူခြင်းများလည်း ရှိလာနိုင်သည့်အပြင် စီမံကိန်းဧရိယာအတွင်း သစ်ပင်ခုတ်လှဲခြင်း၊ သဘာဝ သယံဇာတ ထုတ်ယူခြင်းများကိုလည်း ထိခိုက်လာနိုင်သည်ဟု ဒေသခံများက စိုးရိမ်ပူပန်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာမြေများ၊ ဉယျာဉ်ခြံမြေများ ဆုံးရှုံးမှုရှိလာလျှင် လျော်ကြေးပေးခြင်း၊ မြေအစားပေးခြင်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရေကာတာဧရိယာအတွင်းရှိ သစ်များခုတ်ခြင်း၊ သဘာဝသယံ ဇာတများ တူးဖော်ထုတ်ယူခြင်းများနှင့် ပတ်သက်၍ လုပ်ဆောင်မည့်အစီအစဉ်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ် ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသည့်အပြင် စူးစမ်းလေ့လာရေးလုပ်ငန်းများကိုလည်း တိုးချဲ့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားခြင်း၊ နည်းပညာရပ် ဆိုင်ရာ အထူးဂရုပြုဆောင်ရွက်ရခြင်း၊ အချိန်ကာလကြာမြင့်စွာ တည်ဆောက်ရခြင်းတို့ကြောင့် ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး Build, Operate and Transfer(B.O.T) စနစ် Joint Venture/ Build, Operate and Transfer(JV/B.O.T) စနစ် တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် အောက်ပါအတိုင်း နားလည်မှု စာချွန်လွှာများရေးထိုးပြီး အကောင်အထည်ဖော် ဆောက်ရွက်လျက် ရှိပါကြောင်း၊
JV/B.O.T စနစ်အခြေခံနှင့် ဆောင်ရွက်မည့်စီမံကိန်းများအတွက် ပထမအဆင့်အနေဖြင့် နားလည်မှု စာချွန်လွှာ (Memorandum of Understanding-MOU)လက်မှတ်ရေးထိုးပြီး စီမံကိန်း ဖြစ်မြောက် နိုင်စွမ်းရှိ/ မရှိကို လေ့လာဆန်းစစ်ခြင်းရပါကြောင်း၊ အဆိုပါအဆင့်တွင် နည်းပညာရပ် ဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် နှင့်လူမှုဘဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး အခြေအနေများသည် လက်ခံနိုင်ဖွယ်ရှိပါက ဒုတိယအဆင့်အဖြစ် အသေးစိတ်ထပ်မံပြီး လေ့လာ ဆန်းစစ်မှုပြုလုပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုအတွက် အသေးစိတ်ကုစားမှု အစီအစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အတွက် နှစ်ဖက်သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement-MOA)ကို လက်မှတ် ရေးထိုးပါကြောင်း၊
ဒုတိယအဆင့်တွင် သဘာဝ Environmental and Social Impact Assessments (ESIA) လေ့လာပြုစုရေးအတွက် အတွေ့အကြုံ ကျွမ်းကျင်မှုရှိပြီး နမည်ကျော်ကြားကသော တတိယ အဖွဲ့အစည်း တစ်ခုကို တာဝန်ပေးအပ် ဆောင်ရွက်စေကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ ပေးပို့အစစ်ဆေးခံပြီး မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်မည့် ကုမ္ပဏီအဖွဲ့အစည်းမှ လိုက်နာဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊
တတိယအဆင့်တွင် လူမှုပတ်ဝန်းကျင်ရှုထောင့်များမှ လက်ခံနိုငသည်အထိ လူထုတွေ့ဆုံရှင်းလင်းပွဲများ ကျင်းပပြုလုပ်ပြီး စီမံကိန်းကို စတင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာမည့်ထိခိုက်နစ်နာမှုများကို အသေး စိတ် ဆွေးနွေးညှိနှိုင်းခြင်း၊ ထိခိုက်နစ်နာမှုများ အပေါ် တာဝန်ယူဆောင်ရွက်မည့် အစီအစဉ်များကို ကတိ ကဝတ်ပြုပြီးခြင်းများဆောင်ရွက်၍ ဖက်စပ် သဘောတူစာချုပ် ( Joint Venture Agreement-JVA) ကို လက်မှတ်ရေးထိုး၍ ရင်းနှီးမြှုပ်နှံသူ၏ အဆိုပြုလွှာအား စီမံကိန်းစတင်အကောင်အထည်ဖော် တည်ဆောက် နိုင်ရန်အတွက် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission-MIC)ကို တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားပါကြောင်း၊
စီမံကိန်းအကောင်အထည်ဖော်သူသည် တိုင်းရင်းသားလုပ်ငန်းရှင်ဖြစ်ပါက B.O.T စနစ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်စေပြီး MOU လက်မှတ်ရေးထိုးခြင်း၊ MOA အဆင့်ပါ လုပ်ငန်း များကိုပါ MOU ကာလတွင် ဆောင်ရွက်စေခြင်းနှင့် အစီရင်ခံစာများကိုလည်း တစ်ပြိုင်တည်း ပူးတွဲ တင်ပြကာ ပြည်သူ လူထုကို သဘောတူလက်ခံသည်အထိ ဆောင်ရွက်ခြင်း၊ ပြည်သူလူထုလက်ခံမှသာ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားစေခြင်းဖြစ်ပါကြောင်း၊ သံလွင်မြစ်ပေါ်မှ စီမံကိန်းများကို ပြန်ကြည့်ပါက (၁) ကွမ်းလုံစီမံကိန်း ၁၄၀၀ မဂ္ဂါဝပ်၊ (၂) နောင်ဖစီမံကိန်း ၁၂၀၀ မဂ္ဂါဝပ်၊ (၃) မိုင်းတုံစီမံကိန်း ၇၀၀၀ မဂ္ဂါဝပ်၊ (၄) ရွာသစ်စီမံကိန်း ၄၀၀၀ မဂ္ဂါဝပ်၊ (၅) ဟတ်ကြီးစီမံကိန်း ၁၃၆၀ မဂ္ဂါဝပ် စသည့် စီမံကိန်း ၅ ခုရှိသည့်အနက် ကွမ်းလုံစီမံကိန်းမှ တစ်ပါး အခြားစီမံကိန်းများသည် MOU ၊ MOA အဆင့်များ ဆောင်ရွက်နေကြသော စီမံကိန်းများဖြစ်ပါကြောင်း၊ ကွမ်းလုံစီမံကိန်းသည် JVA လက်မှတ်ရေးထိုးပြီး လူမှုစီးပွားဘဝ တာဝန်ယူမှုဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများကိုလည်း ဒေသတွင်း၌ ၂ ကြိမ်တိုင်တိုင် ကွင်းဆင်းညှိနှိုင်းကြပြီး ဒေသခံအခြေအနေနှင့် လိုက်လျောညီထွေရှိမည့် သီးနှံ၊ သစ်ပင်များကို ညှိနှိုင်းပေးလျော်ရန်နှင့် ပြန်လည်နေရာချထားမည့် အစီအစဉ်နှင့် ပတ်သက်၍ ဒေသခံများနှင့် ညှိနှိုင်းများဆောင်ရွက်ပြီးဖြစ်၍ အကောင်အထည်ဖော်ရန်သာ လိုအပ်နေသည့်စီမံကိန်း ဖြစ်ပါကြောင်း၊
နောင်ဖစီမံကိန်းသည် MOA ရေထိုးထားပြီး စီမံကိန်းဆိုင်ရာ ဆောင်ရွက်ထား ရှိမှုအခြေအနေများ၊ ရရှိလာမည့်အကျိုးကျေးဇူးများ၊ ထိခိုက်မှုများနှင့် ပြန်လည် ဆောင်ရွက်ပေးမည့် ကုစားမည့် အစီအမံများကို ပြည်သူလူထုဒေသခံသို့ ရှင်းလင်းချပြခြင်းကို ၂ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း ESIA အစီရင်ခံစားများကို သြစတြီးယားနိုင်ငံမှ Snowy Mountain Engineering Corporation (SMEC) ၏ ဦးဆောင်မှုဖြင့် ပြည်တွင်းပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
မိုင်းတုံစီမံကိန်းသည် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ အတည်မပြုရသေးသော်လည်း ESIA အစီရင်ခံစာ အတွက် SMEC ကိုပင် ငှားရမ်း ဆောင်ရွက်စေလျက်ရှိပြီး ၎င်းတို့၏ တင်ပြချက်ရရှိပါက သုံးသပ်မှု၊ ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သွားမည်ဖြစ်ပါကြောင်း၊
ရွာသစ်စီမံကိန်းကို ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ တင်ပြထားရှိသော်လည်း သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝပတ်ဝန်းကျင်ထိခိုက်မှုများရှိနိုင်၍ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို ပြန်လည်တင်ပြရန် ညွှန်ကြား ထားရှိသည့်အပြင် ဟတ်ကြီးစီမံကိန်း၏ ဖြစ်မြောက် နိုင်စွမ်းအစီရင်ခံစာသည်လည်း အားနည်းချက်များ ရှိနေခြင်းကြောင့် အသေးစိတ်လေ့လာဆန်းစစ်မှုများ ပြန်လည်ဆောင်ရွက်ရန် ညွှန်ကြားထားရှိပါကြောင်း၊ ESIA ကြားဖြတ်အစီရင်ခံစာ တင်ပြထားရှိ သော်လည်း ပြန်လည်တင်ပြမည့်ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာနှင့် လိုက်လျော်ညီထွေမှုရှိမည့် EISA အစီရင်ခံစာအဖြစ် ပြန်လည်စိစစ်တင်ပြရန် လိုအပ်နေသည်ကို တေ့ွရှိပါကြောင်း၊
ကွမ်းလုံရေအား လျှပ်စစ် စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ထိခိုက်မည့် သစ်ပင်၊ ရာဘာပင်များအတွက် နစ်နာကြေးများ ညှိနှိုင်း ပေးချေလျက်ရှိခြင်း။ ပြောင်းရွှေ့ပေးရမည့် အိမ်ထောင်စု ၆၄ စုကိုလည်း EISA အစီရင်ခံစာပါ တင်ပြချက်များအတိုင်း ပြည်သူလူထုကျေနပ်သည့်အဆင့်ရောက်သည်အထိ ဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံရွာသားများ ညှိနှိုင်းပြီးစီးဖြစ်ခြင်း၊ ထိခိုက်ဆုံးရှုံးသည့် သဘာဝ ပတ်ဝန်းကျင်အား ပြန်လည်ကုစားပေးရေး၊ သစ်တောများပြန်လည်ပြုစုရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်မှုကို ပြန်လည်ကုစားရေးများကိုပါ ဆောင်ရွက်သွားရန် ဖက်စပ်ကုမ္ပဏီမှ ဆောင်ရွက်သွားရေးကို ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊
ထိုကြောင့် မိမိတို့အနေဖြင့် ဒေသခံများအတွက် နစ်နာမှုများကို ညှိနှိုင်းဖြေရှင်းမှု နည်းလမ်းဖြင့် ဆောင်ရွက်ပေးလျက်ရှိခြင်း၊ သဘာဝသစ်တောကိစ္စရပ်များအတွက် ပတ်ဝန်း ကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်၍ စနစ်တကျ ဆောင်ရွက် ခြင်း၊ ပြန်လည် စိုက်ပျိုးရေးကိစ္စနှင့် နောင်ဆောင်ရွက်မည့်စီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝပတ်ဝန်းကျင် ထိခိုက်မှု အစီရင်ခံစာပါ အချက်အလက်များအရ ဆောင်ရွက်ပေးမည့် အစီအစဉ်များအပေါ် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင်များ ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးရန်စီစဉ်ထားရှိခြင်းနှင့် သဘာဝသယံဇာတ တူးဖော်မှုကိစ္စများတွင် သက်ဆိုင်ရာ သတ္တုတွင်းဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင်များပူးပေါင်းပြီး မလိုလားအပ်သော တရား မဝင် ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
