ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်(သောကြာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် (၃၈၃)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
( က ) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးခင်ဇော်၊ ကော့သောင်းမဲဆန္ဒနယ်က မေးမြန်းသော လွှတ်တော်ကိုယ်စားလှယ် များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက် ချက်များသည် ဥပဒေနှင့်ညီညွတ်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်ကိုယ်စားလှယ် မေးခွန်းပါ ပုဂ္ဂိုလ်ဆိုင်ရာ နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းပြုလုပ်မှသာ သတင်းရရှိနိုင်သည့် ကိစ္စရပ်များမဟုတ်ဘဲ လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သည့် ကိစ္စရပ်ဖြစ်သောကြောင့် အလွယ်တကူ သတင်းရရှိနိုင်သည့် ကိစ္စရပ်များဖြစ်သည့်အတွက် ၎င်းကိစ္စရပ်အပေါ် သတင်းရယူ ခြင်းမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအား ဆန့်ကျင်ချိုးဖောက်သည်ဟု ဆိုနိုင်မည်မဟုတ်ပါ ကြောင်းနှင့် အများပြည်သူနှင့်အတူ ပွင့်လင်းမြင်သာစွာ သတင်းရယူခြင်းသာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဦးမြင့်သိန်း၊ ညောင်လေးပင်မဲဆန္ဒနယ် က မေးမြန်းသော ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်၊ ဖအောင်းရွာမရပ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းနှင့် မော်တော်ကားလမ်းအကြားရှိ ခမရ (၂၀)မှ တပ်မြေအဖြစ် အသုံးပြုခွင့်ရရှိ ထားသော မြေ(၇.၉၀၀၂)ဧကအတွင်း တပ်မှအသုံးမပြုသည့် မြေနေရာများအား ညောင်လေးပင်မြို့ မော်တော်ယာဉ်ဝင်း ဆောက်လုပ်ရေးအတွက် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တပ်ရင်းမှမိသားစုသက်သာချောင်ချိရေးအတွက် လစဉ်ထောက်ပံ့ပေးနိုင်ရန် ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် တပ်ပိုင်မြေအဖြစ်မှ စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးကျော်ရွှေ၊ ရမ်းဗြဲမဲဆန္ဒနယ် က မေးမြန်းသော ရမ်းဗြဲမြို့နယ်၊ မကျည်းကျွန်း၊ မကျည်းချောင်းဝကျေးရွာ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် မကျည်းကျွန်း ပေါ်တွင် တစ်ဖက်ပိတ်ဆည်တစ်ခုတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဒီဇိုင်းပုံစံအရ ခန့်မှန်းကုန်ကျငွေ တွက်ချက်ပြီးသည့် နောက် လိုအပ်မည့် ရန်ပုံငွေကို ရခိုင်ပြည်နယ်အစိုးရရန်ပုံငွေမှာ ထည့်သွင်း လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လျှိုပိတ်ဆည် တည်ဆောက်ခြင်းလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးစိုင်းမောင်ပွင့်၊ တန့်ယန်းမဲဆန္ဒနယ် က မေးမြန်းသော တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု၊ နမ့်ခမ်းဆည်ကို RC ကွန်ကရစ်ဖြင့် အပြီးသတ်တည် ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဆည်တည်ဆောက်မှုကုန်ကျစရိတ်များပြားပြီး အကျိုးပြုနိုင်သော လယ်မြေဧရိယာ နည်းပါးသဖြင့် နည်းပညာပိုင်း သုံးသပ်ချက်အရ ဆောက်ရွက်ရန် သင့်လျော်မှု မရှိပါကြောင်းနှင့် တောင်သူများအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များအပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လိုအပ်သည့် နည်းပညာ အကူအညီများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ် က မေးမြန်းသော ကျောက်တန်းမြို့နယ် တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့က လုပ်ပိုင်ခွင့်ရယူ ဆောင်ရွက် နေသော ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများမှ နိုင်ငံတော်အတွက် အကျိုးအမြတ် ရရန် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က အောင်ချမ်းသာ ရေငန်ငါး၊ ပုစွန်မွေးမြူရေးစခန်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ အထိ ရရှိဝင်ငွေစုစုပေါင်းမှာ ကျပ် (၂၀၅၄.၈၁)သိန်းဖြစ်ပြီး ကျောက်တန်း ရေငန် ပုစွန်မွေးမြူရေးစခန်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ရရှိဝင်ငွေစုစုပေါင်း ကျပ် (၄၂၉၆.၁၈)သိန်း ဖြစ်ပါကြောင်းနှင့် ရရှိဝင်ငွေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရငွေစာရင်းသို့ ပေးသွင်းပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အဆိုပါ စခန်းမြေများကို ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးညွန့်အောင်၊ မုံရွာမဲဆန္ဒနယ် က မေးမြန်းသော စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းသမ ဦးစီးဌာန၊ တိုင်းသမအသင်းစုတို့ ဦးစီး၍ ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သော စပါးရိတ်သိမ်းခြွေလှေ့စက်များ (DAEDONG-DSM 72-G)ကို လယ်သမားများထံသို့ အရစ်ကျရောင်းချခဲ့ရာ အဆိုပါစက်များသည် အာမခံကာလ နာရီ (၁၀၀၀) မပြည့်မီပင် ပျက်စီးမှုများ များစွာဖြစ်ခဲ့ပါသဖြင့် လယ်သမားများနှင့် နိုင်ငံတော် အကျိုးရှိစေရန် မည်သို့စီမံမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကာလ ရှည်ကြာ အသုံးပြုခဲ့ပြီး ပျက်စီးပမာဏများနေသည့်အပေါ် စက်ပြုပြင်ရေးအတွက် သက်ဆိုင်ရာ သမဝါယမအသင်းစုနှင့် စက်ဝယ်ယူအသုံးပြုသူတို့ကြား သမဦးစီး ဌာနအနေဖြင့် ဆက်စပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် စက်ပစ္စည်းပြင်ဆင်မည့်အဖွဲ့များဖွဲ့စည်း၍ ဝန်ဆောင်ပေးနိုင်ရေး စီမံထားရှိပါကြောင်းနှင့် စက်ဝယ်သူတောင်သူများမှ ပြန်လည်ပေးဆပ်ရန် ကျန်ရှိမှုများကို ချုပ်ဆိုထားသော စာချုပ်အပေါ်စိစစ်ချက်အရ လုပ်ထုံးလုပ်နည်း နှင့်အတူစာရင်းညှိပြီး သမဝါယမအသင်းစုကပြန်လည် သုံးသပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို(၂)ခုတင်သွင်းခြင်း
(၁) လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းသော ဈေးကွက်ဝင် သီးနှံပင်များ ပိုမိုစိုက်ပျိုးဖြစ်ထွန်းလာစေရေး၊ စိုက်ပျိုးရေးပညာရှင်များဖြင့် လက်တွေ့ နည်းပညာရပ်များ ပေးနိုင်မည့် စံပြစိုက်ကွက်များ ဖော်ဆောင်ပေးခြင်း၊ စိုက်ကွင်း စိုက်ကွက်များအရောက် ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာရပ်များ ကူညီပံ့ပိုးပေးခြင်းတို့ဖြင့် လယ်ယာသီးနှံစိုက်ပျိုးရေး နည်းပညာရပ်များ ပိုမို ထွန်းကားလာစေရေး အင်တိုက်အားတိုက် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို ကို ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က တင်သွင်းခဲ့ပြီး ဦးညွန့်ဝင်း၊ ကန်ပက်လက်မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလို သော လွှတ်တော်ကိုယ်စားလှယ်များက ၁၃-၅-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(၂) စွန့်ပစ်ပစ္စည်းအမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်း ပပျောက်စေရန် နေ့စဉ်မီးရှို့နိုင်သော အမှိုက်တန် (၂၀၀၀)ကျော် ထွက်ရှိသော မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် အနည်းဆုံးတန် (၆၀) ထွက်ရှိသော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်ခဲ့သည့် နေ့စဉ်အမှိုက်တန် (၆၀)ကို မီးရှို့၍ ထွက်ရှိလာသော အပူရှိန်ကိုအသုံးပြုကာ လျှပ်စစ်ဓာတ်အား ၇၆၀ KW ထုတ်လုပ်သည့် စက်ရုံ (Waste to Energy Plant) နှင့်အမှိုက်မီးရှို့စက် (Furnace) တို့ ကဲ့သို့သော စက်ရုံများကို ပိုမိုတိုးမြှင့် တည်ဆောက်ရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆို ကို ဦးဉာဏ်လင်း၊ ရွှေပြည်သာမဲဆန္ဒနယ်က တင်သွင်းခဲ့ပြီး ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၁၃-၅-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည် စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) ဥပဒေကြမ်း (၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း” ကိုလွှတ်တော်နှစ်ရပ် လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၄ နည်းဥပဒေခွဲ(က)၊ (ဂ)နှင့် (ဃ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကြေညာသည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၁၅-၅-၂၀၁၉ ရက်(ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
