ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၇. ၅. ၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၉  ခုနှစ်၊ မေလ ၁၇ ရက်(သောကြာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် (၃၈၉)ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

        ( က )  ကော်မတီ သက်တမ်းတိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြခြင်း

                ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော တရားစီရင်ရေးနှင့် ဉပဒေရေးရာကော်မတီ၏ သက်တမ်းကို ၁၉-၅-၂၀၁၉ ရက်နေ့မှစ၍ နောက်ထပ်တစ်နှစ်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာခဲ့သည်။

        ( ခ )   ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

                (၁)     ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ် က မေးမြန်းသော ရွေးကောက်ပွဲစနစ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများကို စာသင်ကျောင်းများတွင် သင်ကြားပေးခြင်း၊ ကျောင်းတွင်း ရွေးကောက်ပွဲများမှတစ်ဆင့် ရွေးကောက်ပွဲအလေ့အထများကို ကျောင်းသား၊ ကျောင်းသူလူငယ်များ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ဆောင်ရွက်ပေး နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဉီးအောင်မြင့် က နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပြည်ထောင်စု      ရွေးကောက်ပွဲကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်း၍ အနာဂတ်တွင် အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းထားရှိပြီး လက်ရှိအချိန် တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

  (၂) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ် က မေးမြန်းသော တောင်ကုတ်မြို့နယ်တွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ပေးရန်   အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကုတင်(၂၀၀) ဆေးရုံရှိမှသာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး တောင်ကုတ်မြို့နယ်တွင် ကုတင်(၁၀၀) ဆေးရုံသာရှိ၍ ဖွင့်လှစ်၍မရပါကြောင်းနှင့် ကျောက်ဖြူမြို့တွင် ကုတင်(၂၀၀)ဆေးရုံရှိ၍ သူနာပြု နှင့်သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ပါက အဆင်ပြေမည်ဖြစ်ပြီး ပြည်နယ်အစိုးရ နှင့်လွှတ်တော်ကိုယ်စားလှယ်တို့မှ မြေရရှိရေးဆောင်ရွက်ပေးပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                (၃)     ဦးညွန့်ဝင်း၊ ကန်ပက်လက်မဲဆန္ဒနယ် က မေးမြန်းသော  ကန်ပက်လက်မြို့နယ် အတွင်းရှိ မကြားအိမ်နူး၊ လုံအိမ်နူး၊ အောက်ကန့်၊ လဲပုံ ကျေးရွာအုပ်စုများရှိ ကျေးလက် ကျန်းမာရေးဌာနခွဲများအား ကျေးလက်ကျန်းမာရေးဌာနအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လုံအိမ်နူး ကျေးရွာအုပ်စုကို ကျေးလက်ကျန်းမာရေးဌာနအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

      (၄)  ဦးစောတင်ဝင်း၊ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် က မေးမြန်းသော ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူမြို့(၂၅)ခုတင်ဆံ့ဆေးရုံ၌ ဆရာဝန်(၁)ဉီး တိုးမြှင့်ခန့်ထား ပေးရန်  အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆရာဝန်လစ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                (၅)     ဦးခင်မောင်မြင့်၊ ရပ်စောက်မဲဆန္ဒနယ် က မေးမြန်းသော ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ကျေးရွာအုပ်စု ကောင်းဘို့ကျန်းမာရေးဌာနကို ကောင်းဘို့ကျေးရွာ တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကောင်းဘို့ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

       (၆)   ဦးကျော်မြင့်၊ တိုက်ကြီးမဲဆန္ဒနယ် က မေးမြန်းသော တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ စံပြဆေးရုံကို(၂၅)ကုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပြီး ဉပဓိရုပ်မကောင်း တော့သည့် ဝန်ထမ်းအိမ်ရာများအား အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းဉီးစီးမှူးအား အသေးစိတ် စိစစ်ဆောင်ရွက်စေပြီး အဆင့်တိုးမြှင့်ရန်လိုအပ်ပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဉပဓိရုပ် မကောင်းတော့သည့် ဝန်ထမ်းအိမ်ရာများအား၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် လျာထားပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

        ( ဂ )   ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း   

                အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က ထပ်မံပြင်ဆင် သည့် (၁၂)ချက်နှင့် အမျိုးသားလွှတ်တော်နှင့်သဘောကွဲလွဲသည့် (၁၅)ချက် စုစုပေါင်း အချက်(၂၇)ချက်ကို  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည် ဖြစ်ကြောင်းနှင့် ၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၅၊ နည်းဉပဒေခွဲ (က) နှင့် (ခ)တို့ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

(ဃ)    အဆို(၁)ခုတင်သွင်းခြင်း

                နိုင်ငံအဝန်းတွင် စိုးရိမ်ဖွယ်မြင့်မားစွာ ဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါဆိုးအား ဖြစ်ပွားမှုလျော့ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားစေနိုင်သည့် ကိစ္စရပ် များအား ဉပဒေနှင့်အညီထိရောက်စွာ အသိပညာပေး တားဆီးကာကွယ်စောင့်ရှောက် ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဉီးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်ကတင်သွင်းပြီး ဒေါက်တာဒေါ်ပြုံး၊ အင်းတော်မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအားဆက်လက်ဆွေးနွေးရန် လွှတ်တော်ကဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၀-၅-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

        (င)     အဆို(၁)ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးရာဒေသများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန်အတွက် အစိုးရပူးပေါင်းဆောင်ရွက်မှု ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီးဘိန်းအစားထိုးစီမံကိန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်(၁၀)ဦးကဆွေးနွေးပြီး အဆိုအားလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

 

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၂၁-၅-၂၀၁၉ ရက်(အင်္ဂါနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။