ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမ နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက် (သောကြာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၃ )ဦးအနက် ( ၃၈၇ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးစောကျော်ဝင်းမောင်၊ ကျိုက်မရောမဲဆန္ဒနယ် က မေးမြန်းသော ပညာရေးဝန်ကြီး ဌာနပိုင်ကျောင်းမြေနေရာများတွင် အဆောက်အဦနှင့် ဆိုင်ခန်းဆောက်လုပ်ထားပြီး ငှားရမ်းခရယူထားသော ငွေကြေးများအပေါ် မည်သို့စီမံခန့်ခွဲနေသည်နှင့် ကျောင်း များကို ကျောင်းအင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရန်အတွက် အဆိုပါလုပ်ငန်းများကို ဖျက်သိမ်းပြီး ပြန်လည်ရယူခြင်းကို ဆောင်ရွက်ရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရရှိသော ငွေကြေးအားလုံးကို ကျောင်းများတွင်အသုံးပြုခွင့်မပေးဘဲ နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းရပါကြောင်းနှင့် ယခင်ငှားရမ်းထားသည့် လုပ်ငန်းအားလုံးကို စာချုပ် သက်တမ်းစေ့လျှင် သက်တမ်းတိုးခြင်း၊ ထပ်မံပြင်ဆင်ခြင်း၊ အသစ်ချုပ်ဆိုခြင်း များကို လုံးဝခွင့်မပြုတော့ဘဲ သက်တမ်းပြည့်သည်နှင့်ဆက်လက်ငှားရမ်းခြင်း မပြုရန် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ် က မေးမြန်းသောရသေ့တောင်မြို့နယ်၊ ရေမျက်အခြေခံပညာအထက်တန်းကျောင်းအား ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ်အဆင့်မြှင့်တင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြှင့်တင်ဖွင့်လှစ်ပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဒေါက်တာဦးမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ် က မေးမြန်းသော ရာထူးပြောင်းလဲမှု ကြောင့် လစာလျော့နည်းသွားသည့်ဆရာ၊ ဆရာမများ မနစ်နာရေးအတွက် ဆောင်ရွက်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တစ်ပြည်လုံးတွင်အလားတူ လစာနှုန်းကွာခြားသွားသော ဆရာ၊ ဆရာမပေါင်း (၃၀၇) ဦးရှိပါကြောင်းနှင့် ၎င်းတို့ကိုမူလအတိုင်းလစာပြန်ခံစား နိုင်အောင်စီစဉ်ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါက်တာဒေါ်ပြုံး၊ အင်းတော်မဲဆန္ဒနယ် က မေးမြန်းသော မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်အသင်းမှ လွှဲပြောင်းပေးအပ်ခဲ့သော CSR ရန်ပုံငွေအား မော်လူးရတနာမြေ ဒေသခံများထံ မည်သည့်နေရက်တွင်ပေးအပ်မည်၊ လွှဲပြောင်းပေးအပ်ခဲ့သည့် CSR ရန်ပုံငွေ၏ (အရင်း၊ ဘဏ်တိုး)ပမာဏနှင့် ရန်ပုံငွေပေးအပ်ရန် ကြန့်ကြာနေခြင်း အတွက် တွေ့ကြုံနေရသည့် အခက်အခဲများကို မဲဆန္ဒရှင်များထံ ပွင့်လင်းမြင်သာ စွာရှင်းပြပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက CSR ရန်ပုံငွေများကို ကျောက်မျက်ရတနာ တူးဖော်ခြင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကိုလျော့နည်းစေရန်၊ ဒေသခံတိုင်းရင်းသားများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများတွင် ကျခံသုံးစွဲ နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်နှင့် လုပ်ငန်းများရွေးချယ်ခြင်း၊ အတည်ပြုခွင့်ပြုခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းများ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဉီးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ် က မေးမြန်းသော တရားမဝင် ကျောက်စိမ်းခိုးထုတ်သယ်ယူမှုများမှ ဖမ်းဆီးရမိသော ကျောက်စိမ်း ရတနာများအား မည်ကဲ့သို့ ထိန်းသိမ်းထားပြီး စီမံခန့်ခွဲသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဖမ်းဆီးရမိသော ကျောက်စိမ်းရတနာ များအား အရွယ်အစား၊ အလေးချိန်၊ အရည်အသွေး၊ အမျိုးအစားအပေါ် မူတည်ပြီး တူညီရာများစုစည်း အတွဲဖွဲ့ကာနိုင်ငံခြားငွေ၊ မြန်မာကျပ်ငွေဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အရောင်းဆိုင် များတွင် ရောင်းချပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ် က မေးမြန်းသော Fortuna metals Limited မှ အဆိုပြုလျှောက်ထားသော လုပ်ကွက်(၁)မှ ၁၅၂၄၇၇.၁၉၁ ဧကနှင့် လုပ်ကွက်(၂)မှ ၁၅၂၁၈၉.၂၃၉ ဧကအား ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ပေးနေမှုကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေက သက်ဆိုင်ရာခေါင်လန်ဖူးမြို့နယ် စီမံ ခန့်ခွဲရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးရွာများနှင့်ဒေသခံများ၏ သဘောထားများရယူပြီးပြည်နယ် အစိုးရအဖွဲ့ Cabinetတွင် ဆုံးဖြတ်ချက်ချမှတ်ပြီး မြန်မာ့သတ္တုတွင်းဉပဒေ၊ နည်းဉပဒေများနှင့်အညီ စိစစ်ပြီးမှသာ ခွင့်ပြုရန် သင့်/ မသင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁) ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ပညာရေးဝန်ကြီးဌာနက တင်သွင်းသည့် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဉပဒေကြမ်း နှင့်စပ်လျဉ်း၍ ဉပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
( ဂ ) အဆို (၁) ခုတင်သွင်းခြင်း
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အဖိုးတန်ကျွန်းသစ်နှင့်ဈေးကွက်ဝင်သစ်မာများ ထွက်ရှိရာ သင့်လျော်သည့် ဒေသများ၌ အစိုးရ၏အစီအစဉ်ဖြင့် သစ်အချောထည်စက်ရုံများ တည်ဆောက်ပေးနိုင်ရေး လိုအပ်သော နည်းပညာနှင့် အရင်းအနှီးများပံ့ပိုးပေးမည့် အစီအစဉ် အစီအမံကောင်းများ ချမှတ်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးညွန့်ဝင်း၊ ကန်ပက်လက်မဲဆန္ဒနယ်က တင်သွင်းပြီး ဦးမြတ်လေးဦး၊ ထီးလင်းမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအားဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၇-၅-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဃ) အဆို (၁) ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ် က တင်သွင်းသည့် “ပေးအပ်သောဘွဲ့နှင့်လျော်ညီ သော ပညာအရည်အသွေး သင်ပေးနိုင်စေရန်အတွက် အဆင့်မြင့်ပညာသင်တက္ကသိုလ်၊ ကောလိပ်များတွင်စာတွေ့၊ လက်တွေ့မျှတစေရန် သင်ထောက်ကူပစ္စည်းများဖြည့်ခြင်း၊ လက်တွေ့ဆောင်ရွက်ခိုင်းမှုများပြုလုပ်၍ အဆင့်မြင့်ပညာမြှင့်တင်မှုကို ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၃)ဦး ကဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၇-၅-၂၀၁၉ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
