ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက် နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်( ၄၃၃ )ဦး အနက် (၃၈၃)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့်ဉပဒေရေးရာကော်မတီအဖွဲ့ဝင် ဒေါ်စိုးနွယ်အေး၊ တံတားဉီးမဲဆန္ဒနယ်အား ကော်မတီအဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခဲ့သည်။
( ခ ) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်း
(၁) ဉီးအောင်စိန်၊ ထားဝယ်မဲဆန္ဒနယ်က မေးမြန်းသော ထိုင်းနိုင်ငံနယ်စပ် ကချနာပူရီမှ ထားဝယ်အထူးစီးပွားရေးဇုန်သို့(၂)လမ်းသွား ကတ္တာရာကားလမ်း အဆင့်မြှင့် ဆောက်လုပ်ရန် စီမံကိန်းအတွက် Neighbouring Countries Economic Development Cooperation (NEDA)ထံမှ ထိုင်းဘတ်(၄.၅)ဘီလီယံချေးယူရန် ပြည်ထောင်စုလွှတ်တော်က (၂၆-၃-၂၀၁၈) ရက်နေ့တွင် သဘောတူအတည်ပြုပြီး ဖြစ်ရာ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် NEDA ထံမှ ချေးငွေလက်ရှိ ရယူခြင်းမရှိသေးပါက ပြည်ထောင်စုရန်ပုံငွေဖြင့်ပင် ပျက်စီးနေသော လမ်းပိုင်းများကို ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုအထူး ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် တိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေတို့ဖြင့် ယခုနှစ်မိုးရာသီတွင် လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းပြုပြင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဉီးပါထန်း၊ မတူပီမဲဆန္ဒနယ်က မေးမြန်းသော ဘုန်ဟုန်းလမ်းခွဲမှ လာလွီး၊ ဘွေရိန်၊ ဒိုင်နှိုင်းနှင့် ခွာဟုန်းကျေးရွာတို့ကို ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်းကာလများတွင် ပြည်ထောင်စုရန်ပုံငွေ၌ ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဉီးရွှေလှ (ခ)ဉီးရွှေလှဝင်း၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က မေးမြန်းသော သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်သစ် (၃၀) ရပ်ကွက်တွင် ရပ်ကွက်စတင်တည်စဉ်ကတည်းက ရပ်ကွက် အင်္ဂါရပ်နှင့်အညီ ဖော်ဆောင်ပေးခဲ့သော မူလပန်းခြံကိုဂရန်ရပြီးဟု အကြောင်းပြကာ အုတ်တံတိုင်းကာရံ ခြံဝင်းခတ်ခြင်း၊ လမ်းများဖြတ်တောက် ပိတ်ဆို့ထားခြင်းတို့ကို ပြန်လည်စိစစ်၍ မူလအတိုင်း အများပြည်သူပိုင်ပန်းခြံအဖြစ် ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပန်းခြံအဖြစ်ဖော်ဆောင်ပေးရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဉီးနေစိုးအောင်၊ ဝန်းသိုမဲဆန္ဒနယ်က မေးမြန်းသော ဝန်းသိုမြို့နယ်၊ ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူးလမ်းပေါ်ရှိ ပျက်စီးနေသော ဆင်ကုန်း-ဝန်းသိုလမ်းပိုင်းအား ပြင်ဆင်ပေးပါရန်နှင့် ၎င်းလမ်းပေါ်ရှိ တံတားအမှတ်(၆/၂၀) ဒုံးဒုတ်တံတားအား ကွန်ကရစ်တံတားနှင့် ချဉ်းကပ်လမ်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နောင်လာမည့်ဘဏ္ဍာနှစ်များတွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် ဆက်လက်လျာထား တင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဉီးတင်ထွန်းနိုင်၊ ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်တိုင်းဒေသကြီး မြို့တော်စည်ပင် သာယာရေး နယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တိုမြို့အား မြို့တော်ကြီးနှင့် အဆက်အသွယ်ကောင်းများ ဖြစ်ထွန်းလာစေရန် လိုအပ်လျက်ရှိသော တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က လတ်တလော တည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု (Pre-Feasibility Study) ကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဉီးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်ရှိ ဧရာဝတီမြစ် ရေနစ်ခြင်းကြောင့် မြစ်ရေကြီး ချိန်တွင် နေထိုင်ရေးအခက်အခဲတွေ့နေသော ဒေသခံပြည်သူများ အခက်အခဲဖြေလျှော့နိုင်ရေးအတွက် ရေဘေးရှောင်အဆောက်အဉီ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးစိုးအောင်က ရေဘေးရှောင်အဆောက်အဉီတစ်လုံးကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ယခုနှစ်အတွင်း ဆောက်လုပ် နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဉီးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်က မေးမြန်းသော ပွင့်ဖြူမြို့နယ်အတွင်းရှိ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဌာနမှ ဆောင်ရွက်ခဲ့သော ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများကို လွှဲပြောင်းလက်ခံရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးစိုးအောင်က သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်လူမှုဝန်ထမ်းရုံးသို့ဉပဒေ နှင့်အညီ မှတ်ပုံတင်လျှောက်ထားနိုင်ပြီး ကိုက်ညီမှုရှိ/ မရှိစိစစ်၍ လွှဲပြောင်း လက်ခံ ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ဂ ) အစီရင်ခံစာ (၁) ခု ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ၂၀၁၁ ခုနှစ်၊ အသေးစားငွေရေးကြေးရေး ဉပဒေကို ဉပဒေပြုပြီးနောက်စိစစ်ခြင်း အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၂)ဉီးကဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာ ခဲ့သည်။
(ဃ) ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် အစီရင်ခံစာတင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ပေးပို့လာသော မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဉပဒေကို ပြင်ဆင်သည့်ဉပဒေကြမ်း(၂၀၁၉)ကို လက်ခံရရှိကြောင်းလွှတ်တော်သို့ အသိပေးပြီး ဉပဒေကြမ်းကော်မတီက အစီရင်ခံစာနှင့်အတူတင်သွင်းသည်။ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂၈-၅-၂၀၁၉ ရက်(အင်္ဂါနေ့) ညနေ ၄နာရီနောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
( င ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဉီးတင်မောင်ဝင်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ခုနှစ်တွင် လျှပ်စစ်စွမ်းအား ၁၀၀% ပြည့်ဝစွာရရှိရေး ဆောင်ရွက်နေရာ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုကို တိကျခိုင်မာသော မူဝါဒလမ်းညွှန်မှု များဖြင့်ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၇)ဉီးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၃ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၈-၅-၂၀၁၉ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
