ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၃၀. ၅. ၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်)

 

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက် နေ့ကို ၂၀၁၉  ခုနှစ်၊ မေလ ၃၀ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၃ ) ဦး အနက် ( ၃၉၂ ) ဦး တက်ရောက်သည်။

၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-      

 

(က) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်း

(၁) ဉီးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က မေးမြန်းသော  လေရှီးမြို့နယ်တွင် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံဖြစ်သော လိမ္မော်ပင်နှင့် အခြားနှစ်ရှည် ပင်များအား ပိုးမွှားများနှင့် ရာသီဉတု ပြောင်းလဲမှုကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ရန် အသိပညာပေးလုပ်ငန်းနှင့် နည်းပညာ ကျွမ်းကျင်သူများ စေလွှတ်၍ သုတေသနလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က နည်းပညာပေးလုပ်ငန်းများကို ယခုနှစ်မတ်လအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂) ဉီးစိုးမြင့်၊ ပင်းတယမဲဆန္ဒနယ်က မေးမြန်းသော ပင်းတယမြို့နယ်၊ သစ်အယ်ပင် ကျေးရွာ အုပ်စုတွင် ပြန်ပေးပြီးမြေကွက် (၆) ကွက်အား မြေပိုင်ဆိုင်မှု ပုံစံ (၇) ရရှိအောင် ဆောင်ရွက်ပေးရန် နှောင့်နှေးကြန့်ကြာမှုဖြစ်နေသော အဆိုပါ မြေ (၆) ကွက်ကိစ္စအား လုပ်ငန်း အဆင်ပြေစေရန်နှင့် အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပုံစံ (၇) ရရှိရေးအတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဉပဒေ အပိုဒ် ၃၅ အရ ဆက်လက်လျှောက် ထားသွားရမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃) ဉီးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က မေးမြန်းသော အခြေခံပညာ ကျောင်းများတွင် နို့တိုက်ကျွေးခြင်းလုပ်ငန်း (School Milk Program) ပိုမိုထိရောက် အောင်မြင်၍ ရာနှုန်းပြည့်ဖော် ဆောင်သွားနိုင်ရန် နိုင်ငံတော်အစိုးရမှ မည်သို့ဆက်လက်ကူညီ ပံ့ပိုးပေးမည်နှင့် ယင်းလုပ်ငန်း စဉ်အတွက် သီးသန့်ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ကုန်ကျစရိတ် ပမာဏများလွန်း သည့်အတွက် သီးသန့်ရန်ပုံငွေ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၄) ဉီးကျော်မင်း၊ လက်ပံတန်းမဲဆန္ဒနယ်က မေးမြန်းသော လက်ပံတန်းမြို့နယ်ရှိ ရန်ကုန်-ပြည်လမ်းနှင့် ကျွန်းကလေး-မှော်အင်းလမ်းဆုံရာ (ကျွန်းကလေးအရှေ့ဘက် လမ်းတာဆုံ)တွင် စံကိုက်မီးပွိုင့် ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက စံကိုက်မီးပွိုင့် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅) ဉီးဇာနည်မင်း၊ ရွှေကူမဲဆန္ဒနယ်က မေးမြန်းသော ရွှေကူမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက် ကမ်းရှိခုံခမ်း၊ ကျွန်းတော်တို့ ကူးတို့ဆိပ်၊ အမှတ် (၁) ရပ်ကွက်နှင့် ရန်ကြီးအောင်ရပ်ကွက်စသော နေရာများတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများ နှစ်စဉ်ပြိုကျလျက်ရှိရာ မြစ်ထိန်း ကျောက်စီနံရံ ရေကာတာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျောက်စီမြေ ထိန်းတမံ အလျား ၁၀၀၀ ပေ တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိပါကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

 

(၆)  ဉီးမင်းကြည်၊ သံတွဲမဲဆန္ဒနယ်က မေးမြန်းသော သံတွဲမြို့နယ်၊ ငပလီမြို့ အမှတ်(၅) ရပ်ကွက်၊ ဂျိတ္တော (လုံးသာ)ရပ်ကွက်အတွင်းရှိ အများပြည်သူ အသုံးပြုနေသော ဆိပ်ခံတံတား (Jetty)မှာ ပျက်စီးယိုယွင်းနေပါသဖြင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မီ (Jetty)တစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဆိပ်ခံတံတားကို ရခိုင်ပြည်နယ် အစိုးရအဖွဲံသို့ လွှဲပြောင်းပေးအပ် နိုင်ပါကြောင်းနှင့် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပါက မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် တည်ဆောက်ရေးဆိုင်ရာ နည်းပညာပိုင်းကိစ္စရပ်များ ကူညီဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၇) ဉီးမောင်မောင်ဉီး၊ အင်းစိန်မဲဆန္ဒနယ်က မေးမြန်းသော ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်း တပ်ဆင်သွယ်တန်း ထားကြသော ဆက်သွယ်ရေး ကြိုးလိုင်းများ၊ အင်တာနက်ကွန်ရက် ဖိုက်ဘာလိုင်း များသည် တရားဉပဒေနှင့် ညီညွတ်မှုရှိ၊မရှိ၊ အဆိုပါကြိုးလိုင်းများအား ဖြုတ်သိမ်းရွှေ့ ပြောင်းရန် လိုအပ်လာသည့်အခါ မည်သည့် အဖွဲ့အစည်းတွင် တာဝန်ရှိသည်ကိုသိလိုခြင်းနှင့် နိုင်ငံပိုင် ဓာတ်အားတိုင်များတွင် သွယ်တန်းထားမှုကြောင့် လျှပ်စစ်နှင့်အခြား အန္တရာယ်ကင်းရှင်းရန် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက လုပ်ငန်းလိုင်းစင်ရ ကုမ္ပဏီများကို လျော့ကျနေသော ကေဘယ်လ်များအား သတ်မှတ်စံချိန် စံညွှန်းများအတိုင်း ပြန်လည်ပြင်ဆင်စေခြင်း၊ ကြံ့ခိုင်မှုမရှိသော ဆက်သွယ်ရေးတိုင်များကို အသစ်လဲလှယ်စေခြင်း၊ ရွဲ့စောင်းနေသောတိုင်များကို ပြန်လည်တည့်မတ် ဆောင်ရွက်စေခြင်း၊ ရှုပ်ထွေးနေသော တယ်လီဖုန်းကြိုးများကို ပြန်လည်ရှင်းလင်း စေခြင်းဖြင့် ဆက်သွယ်ရေး ကေဘယ်လ် ရှုပ်ထွေးမှုများ လျော့ကျသွားမည် ဖြစ်ပါကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

 

( ခ ) အစီရင်ခံစာ (၁) ခုတင်ပြခြင်း

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာတင်ပြပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များက ၃၁-၅-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

( ဂ ) ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ပေးပို့လာသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဉပဒေကိုပြင်ဆင်သည့် ဉပဒေကြမ်း (၂၀၁၉)ကို ပြင်ဆင်ချက်မရှိ သဘောတူကြောင်းနှင့် ၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၉ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

(ဃ) အဆို (၁) ခု တင်သွင်းခြင်း

လယ်ယာသားငါးကဏ္ဍ ထုတ်လုပ်မှု၊ အထွက်နှုန်း၊ အရည်အသွေးမြင့်မား၍ နိုင်ငံခြားသို့ တင်ပို့နိုင်စေရန် သုတေသနနှင့်တိုးချဲ့ ထုတ်လုပ်ရေးစနစ် ( Research and Extension System) ပိုမိုအားပေးဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်ကတင်သွင်းပြီး ဉီးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၃၁-၅-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

 

( င ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးတင်ထွေး၊ ဝေါမဲဆန္ဒနယ်က တင်သွင်းသည့် နိုင်ငံ၏အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက် စေရန် တောင်သူဗဟိုပြု စိုက်ပျိုးရေးနှင့် အသားငါးထုတ်လုပ်ရေး ကဏ္ဍကို နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရသို့  တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၃-၆-၂၀၁၉ ရက် (တနင်္လာနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။