ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၃. ၆. ၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်)

 

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ ဇွန်လ ၃ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၃ )ဦး အနက် ( ၃၇၃ ) ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- 

 

(က)   ကြယ်ပွင့်ပြမေးခွန်း (၁၀) ခု မေးမြန်းဖြေကြားခြင်း

(၁)    ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများတွင် မီတာဘောက်စ်ရရှိရေး များစွာနှောင့်နှေး ခက်ခဲနေခြင်းကို မည်သို့ဆောင်ရွက်ပေးမည်၊ ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ဘေးဝဲယာရှိ ၁၁ ဓါတ်အားလိုင်း မရောက်ရှိသေးသော ကျေးရွာ (၃၅) ရွာအား ဓါတ်အားလိုင်းသွယ်တန်းပေးရန်နှင့် ဓါတ်အားနိုင်နင်းမှု ရှိစေရေးအတွက် လိုအပ်သောဓါတ်အားခွဲရုံများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ၂၀၁၉ ခုနှစ်အတွင်း ထပ်မံဝယ်ယူခဲ့သည့် မီတာများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ မီတာလိုအပ်ချက်များနှင့်အညီ ခွဲဝေပေးလျက်ရှိပါကြောင်းနှင့် ဓါတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂) ဉီးအေးနိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်က မေးမြန်းသော ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လိုအပ်လျက်ရှိသော 66/11 KVA ဓါတ်အားခွဲရုံများ ဆောက်လုပ်ပေးပါရန်၊ ဝါယာကြိုးများ တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း၊ လမ်းမီးသီး/ မီးလုံးများ ပြုပြင်တပ်ဆင်ခြင်း၊ ရှုပ်ထွေးဝါယာကြိုးများ ရှင်းလင်းရေးအတွက် ကရိန်းကား(သို့မဟုတ်) လုပ်ငန်းသုံးကားတစ်စီးနှင့် လျှပ်စစ်ကာကွယ်ရေးအသုံး အဆောင်ပစ္စည်းများ လုံလောက်စွာချထားပေးပါရန်၊ သုံးစွဲမီတာ၊ သုံးစွဲထရန်စဖော်မာများအတွက် ကိုက်ညီသော မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ခန့်ထားပေးရန် သို့မဟုတ် မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ခွဲအင်အား ချထားပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မြေနေရာရရှိပြီး ဖြစ်ပါသဖြင့် 66/11KV ဓါတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကရိန်းကား(သို့မဟုတ်) လုပ်ငန်းသုံးကားတစ်စီး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ကြီးကြပ်ပေးမည် ဖြစ်ပါကြောင်းနှင့် မြို့နယ် လျှပ်စစ်ဓါတ်အား ပေးရေးအဖွဲ့ခွဲ အင်အားချထားပေးရန် လတ်တလောဆောင်ရွက် ပေးရန်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃) ဉီးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က မေးမြန်းသော မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာ အုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုမှ ဒေသခံ ပအိုင်းတိုင်းရင်းသားများ (၂၄) နာရီ လျှပ်စစ်ဓါတ်အား အသုံးပြုခွင့် ရရှိရေးအတွက် မည်ကဲ့သို့ ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၃၃/၁၁ ကေဗွီ ဓါတ်အားခွဲရုံ (၁) ရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄) ဉီးသောင်းဌေးလင်း၊ ပုသိမ်ကြီးမဲဆန္ဒနယ်က မေးမြန်းသော မြန်မာတစ်နိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများတွင် ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးများချထားပြီး စောင့်ရှောက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သက်ဆိုင်ရာဆရာ၊ ဆရာမများနှင့် ပူးပေါင်းညိနှိုင်း၍ ကျောင်းပရဝဏ်အတွင်း လုံခြုံရေးများဆောင်ရွက်ပေးခြင်း၊ နေ့ညလှည့်ကင်း၊ ရပ်ကင်း၊ စောင့်ကြည့်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅) ဒေါက်တာဦးခင်မောင်မောင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံ အကျဉ်းထောင်များ၌ နိုင်ငံခြားတိုင်းပြည်များတွင် ကျင့်သုံးလျက်ရှိသော PAROLE SYSTEM ကျင့်သုံးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြန်မာနိုင်ငံအကျဉ်းထောင်များ နှင့်ကိုက်ညီသည့် ခံဝန်ဖြင့်လွှတ်ပေးသည့် အကျဉ်းသားများအား စောင့်ကြပ်ကြည့်ရှု လေ့လာခြင်းဆိုင်ရာ ဥပေဒမူကြမ်းကို စတင်ရေးဆွဲနေပြီ ဖြစ်ပါကြောင်းနှင့် အဆိုပါဥပဒေကို အတည်ပြုပြီးပါက ဥပဒေနှင့်အညီ အကောင်အထည်ဖော် ကျင့်သုံး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

(၆) ဦးတင်ကိုကိုဦး (ခ) အတွတ်၊ ဘီးလင်းမဲဆန္ဒနယ်က မေးမြန်းသော  ရွေးချယ်ခံအုပ်ချုပ်ရေးမှူး တစ်ဦးအား လုပ်ငန်းဆောင်ရွက်ချက်များနှင့်  ပက်သတ်၍ ကျေနပ်မှုမရှိသူက တိုင်ကြားလာပါက ၎င်းတိုင်ကြားခြင်းနှင့် ပတ်သက်၍ ဌာနတွင်းဖြေရှင်း ဆုံးဖြတ်ချက်မချမီ သို့မဟုတ် တရားရုံးသို့ ရာဇဝတ်မှုကျူးလွန်ကြောင်း စွဲဆိုလျှောက်ထားချက်အပေါ် သက်ဆိုင်ရာတရားရုံးမှအမှုကို စီရင်ဆုံးဖြတ်ခြင်း မပြုရသေးမီ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ တာဝန်ဆက်လက်ထမ်းဆောင်ခွင့် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူက စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ဆုံးဖြတ်ချက်(သို့မဟုတ်) တရားရုံး၏ စီရင်ဆုံးဖြတ်ချက် များအရ နုတ်ထွက်ခွင့်ပြုစေခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်ခြင်း(သို့မဟုတ်) ရပ်စဲ ခြင်းနှင့် ဆက်လက်တာဝန်ထမ်းဆောင်စေရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး တာဝန်မှ ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ပုဒ်မ ၁၆ (ဃ) အရ ဆန္ဒမဲဒုတိယ အများဆုံးရရှိသည့် ရာအိမ်မှူးတစ်ဦးဦးကို ယာယီတာဝန်ပေးအပ် ဆောင်ရွက်လျက် ရှိပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

(၇) ဦးတိုးဝင်း၊ တာမွေမဲဆန္ဒနယ်က မေးမြန်းသော ပြည်သူ့ဝန်ထမ်းများ၏ တစ်နှစ်တာဆောင်ရွက် တာဝန်ကျေပွန်မှုများကို စံအကဲဖြတ် အမှတ်ပေး စနစ်အရ ရွေးချယ်သော စံပြလုပ်သားကောင်းစုကဲ့သို့ ဝန်ထမ်းကောင်းဆု ဘွဲ့တံဆိပ်များကို နှစ်စဉ်ထိုက်တန်စွာ ချီးမြှင့်ပေးရန်နှင့် တစ်ကြိမ်မက ဝန်ထမ်းကောင်းဆု ရရှိသူများကို နိုင်ငံတော်မှအိုးအိမ်၊ မော်တော်ယာဉ်ချီးမြှင့်ပေးရန် သို့မဟုတ် တစ်သက်တာ ဝန်ထမ်းကောင်းဆု ချီးမြှင့်ပေးရန် အစီအစဉ်ရှိ၊မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးတင်မြင့်က လောလောဆယ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၈) ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမဲဆန္ဒနယ်က မေးမြန်းသော ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီ ကျေးရွာအုပ်စုကို ဖောင်တော်သီမြို့အဖြစ် ပြည်ထဲရေး အမည်ပေါက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးတင်မြင့်က မြို့အင်္ဂါရပ်များနှင့် ပြည်စုံမှုရှိ/မရှိ၊ ရပ်ကွက် (၅) ရပ်ကွက်ဖြင့် မြို့အဖြစ် ပိုင်းခြားသတ်မှတ်ခြင်းနှင့် အခြေခံအသေးစိတ် စာရင်းများကောက်ယူ ပြုစုလျက်ရှိပြီး အမှုတွဲပြည့်စုံစွာ တည်ဆောက်၍ အမြန်ဆုံးတင်ပြရန် ဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၉) ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က မေးမြန်းသော လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်း၊ ကွမ်းခြံကုန်းနှင့် ပန်းတောကြီးအုပ်စုတို့အတွင်းရှိ လယ်ယာမြေ များကို နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် ခတ္တူချောင်းမကြီး၌ ရေသိုလှောင်ဖြန့်ဖြူး နိုင်မည့် မြောင်းပေါင်တမံနှင့် ရေတံခါးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်တွင် ဆောင်ရွက် ပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်က ရေတံခါးတည်ဆောက်ရန် ဖြစ်မြောက် နိုင်စွမ်း ရှိ/မရှိ စူးစမ်းလေ့လာတိုင်းတာခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက် သွားရမည်ဖြစ်ပြီး ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းအပေါ်မူတည်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၁၀)  ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ်က မေးမြန်းသော ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေတိုင်းဌာနခွဲ သီးသန့်ဖွဲ့စည်းပေးရန်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် နှစ်ကာလ ကြာရှည်စွာတောင်သူများ စိုက်ပျိုးလုပ်ကိုင်ပြီး လုပ်ကွက်တည်ငြိမ်လျက်ရှိသော နေရာများအား မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ ဥပဒေ/နည်းဉပဒေများမှ မဟုတ်ဘဲ ဖြေလျှော့၍ရသော နည်းလမ်းတစ်ခုခုဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်က မြေတိုင်းဌာနခွဲ သီးသန့်ဖွဲ့စည်းပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်၍ တည်ဆဲမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီသာ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

( ခ )  အစီရင်ခံစာ (၁) ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၆) ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

 

( ဂ )  အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

 

ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က တင်သွင်းသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းသော ဈေးကွက်ဝင်သီးနှံပင်များ ပိုမိုစိုက်ပျိုးဖြစ်ထွန်း လာစေရေး၊ စိုက်ပျိုးရေး ပညာရှင်များဖြင့် လက်တွေ့နည်းပညာရပ်များ ပေးနိုင်မည့် စံပြစိုက်ကွက်များ ဖော်ဆောင်ပေးခြင်း၊ စိုက်ကွင်းစိုက်ကွက်များအရောက် ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာရပ်များ ကူညီပံ့ပိုးပေးခြင်းတို့ဖြင့် လယ်ယာသီးနှံစိုက်ပျိုးရေး နည်းပညာရပ်များ ပိုမိုထွန်းကားလာစေရေး အင်တိုက်အားတိုက် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၃) ဦးက ဆွေးနွေးပြီး အဆိုအားလွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ်ခဲ့သည်။

 

၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၅) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၅-၆-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။