(ခ)-မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတော် ၏ငွေကြေးမူဝါဒနှင့် ငွေရေး ကြေးရေးတည်ငြိမ်ရေး ဆိုင်ရာသတင်း အချက်အလက်များကိုဥပဒေပါပြ ဋ္ဌာန်းချက်အတိုင်းထုတ်ပြန်ကြေညာခဲ့ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၆)ရက်မြောက်နေ့ (၁၇.၆.၂၀၁၅)

ဦးဖြိုးမင်းသိန်း(လှည်းကူး)၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၆၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ အခန်း (၅) ပုဒ်မ ၃၇ တွင် ဗဟိုဘဏ်သည် ယင်း၏ငွေကြေးမူဝါဒနှင့် ငွေကြေးစနစ်တည်ငြိမ်ရေး မူဝါဒများကို ချမှတ်ဆောင်ရွက်မှု၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မှုနှင့် နိုင်ငံတော်၏ငွေ ရေးကြေးရေးအခြေအနေတို့နှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ ၁ နှစ်လျှင် အနည်းဆုံး ၂ ကြိမ် အစီရင်ခံတင်ပြရမည့် အဆိုပါ အစီရင်ခံစာကို ဝန်ကြီးဌာနသို့လည်း ပေးပို့ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ အခန်း (၅) ပုဒ်မ ၃၉ တွင် ဗဟိုဘဏ်သည် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေး တည်ငြိမ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုသတင်း အချက်အလက်များကို အများပြည်သူတို့ သိရှိစေရန် ဒါရိုက်တာဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးလပတ်အလိုက် ထုတ်ပြန်ကြေညာရမည်ဟု ပြဋ္ဌာန်းပါရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခဲ့ခြင်းရှိ/မရှိနှင့် အစီရင်ခံတင်ပြခဲ့ခြင်းမရှိခဲ့လျှင် နောင်အနာဂတ်တွင် ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေနှင့်အညီ အစီရင်ခံတင်ပြနိုင်ရန်အတွက် မည်သို့ကြိုတင်ပြင်ဆင်ထားသည်ကို သိရှိလိုပါကြောင်း၊ အများပြည်သူများ နိုင်ငံတော်၏ ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သတင်းအချက်အလက်များကို သိရှိနိုင်စေရန်အတွက် ဗဟိုဘဏ်အနေဖြင့် ဥပဒေပြဋ္ဌာန်းချက်အတိုင်း ထုတ်ပြန်ကြေညာနိုင်ခြင်းရှိ/မရှိနှင့် ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိပါက နောင်အနာဂတ်တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာရန် မည်သို့ပြင်ဆင်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးမန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ အခန်း (၅) တာဝန်ခံမှုနှင့် သတင်းအချက်အလက်ထုတ်ပြန်မှုတွင် ပုဒ်မ ၃၇၊ ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ ပြဋ္ဌာန်းချက်အရ ဗဟိုဘဏ်သည် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးမူဝါဒများ ချမှတ်ဆောင်ရွက်မှု ရည်ရွယ်ချက်များကို အကောင်အထည်ဖော်မှုနှင့် နိုင်ငံတော်၏ ငွေရေးကြေးရေးအခြေအနေတို့နှင့် စပ်လျဉ်းပြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ ၁ နှစ်လျှင် အနည်းဆုံး ၂ ကြိမ် အစီရင်ခံစာတင်ပြရန်၊ ငွေကြေးမူဝါဒ၊ ငွေရေးကြေးရေးစနစ်ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်၏ ငွေရေး ကြေးရေးအခြေအနေ သို့မဟုတ် ဗဟိုဘဏ်၏ ရည်ရွယ်ချက်များ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်းသည်‌့ ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ အစီရင်ခံစာတင်ပြရန်နှင့် ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေး တည်ငြိမ်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ သတင်းအချက်အလက်များကို အများပြည်သူသိရှိစေရန် ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးလပတ်အလိုက် ထုတ်ပြန်ကြေညာရန် တာဝန်ရှိပါကြောင်း၊ ထိုသို့ တာဝန်ရှိမှုကို ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ အခန်း(၁၈) ပုဒ်မ ၁၁၆ အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လွယ်ကူ ချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရန်နှင့် လိုအပ်သည့် ပြင်ဆင်ညှိနှိုင်းမှုများ ပြုလုပ်ရန် အသွင်ကူးပြောင်းရေးကာလ ၁ နှစ် ရရှိခဲ့ပါကြောင်း၊ ၁၀-၇-၂၀၁၄ ရက်နေ့တွင် အသွင်ကူးပြောင်းရေးကာလ စေ့ရောက်ပြီးဖြစ်ပါကြောင်း၊ အသွင်ကူးပြောင်းဆဲကာလအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဗဟိုဘဏ်၏ အဓိကတာဝန်ကြီး (၃) ရပ် ဖြစ်သော ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေး စနစ်တည်ငြိမ်ရေးနှင့် ထိရောက်သောငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၄ ခုနှစ် မတ်လတို့တွင် လွှတ်တော်ကို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ လာရောက်၍ တင်ပြအစီရင်ခံခဲ့ပြီးဖြင်ပါကြောင်း၊ ယခုအချိန်တွင် အသွင်ကူးပြောင်းရေးကာလ စေ့ရောက်ပြီးဖြစ်၍ ဥပ‌ဒေပါပြဋ္ဌာန်းချက်နှင့်အညီ သတင်းအချက်အလက် ထုတ်ပြန်နိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဆိုင်ရာအစီရင်ခံစာ (Monetary Report) ကို ၁ နှစ်လျှင် ၂ ကြိမ်နှင့် ငွေရေးကြေးရေးတည်ငြိမ်ရေးဆိုင်ရာ အစီရင်ခံစာ (Finical Stability Report) ကို နှစ်စဉ် ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးဆိုင်ရာအစီရင်ခံစာတွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ဘဏ္ဍာရေးအခြေအနေ၊ ပြည်ပကုန်သွယ်မှုအခြေအနေ၊ ငွေကြေးဖောင်းပွမှုအခြေအနေ၊ စုဆောင်းမှု ချေးငွေနှင့် ငွေကြေးပမာဏစသည့်  Monetary Aggregate များ၏ အခြေအနေ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားသုံးသီးသန့် ရန်ပုံငွေအခြေအနေ စသည်တို့ ပါရှိရမည် ဖြစ်ပါကြောင်း။ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး အစီရင်ခံစာတွင် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးအခြေအနေ သုံးသပ်တင်ပြချက်များ၊ ငွေရေးကြေးရေးကဏ္ဍ တိုးတက်ဖြစ်ပေါ်မှုများ၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် တိုးတက်ဖြစ်ပေါ်မှုများ၊ ကြီးကြပ်စစ်ဆေးရေးနှင့် ကြပ်မတ်ကွပ်ကဲမှုဆိုင်ရာ တိုးတက်ဖြစ်ပေါ်မှုများ စသည်တို့ အဓိကပါရှိရမည်ဖြစ်ပါကြောင်း၊ ငွေကြေးဆိုင်ရာ အစီရင်ခံစာ (Monetary Report)နှင့် ငွေရေးကြေးရေး တည်ငြိမ်မှုဆိုင်ရာ အစီရင်ခံစာ(Finical Stability Report) နှစ်ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လွှတ်တော်သို့ တင်ပြအစီရင်ခံခြင်းကို ဆောင်ရွက်ပြီးနောက် အများပြည်သူ သိရှိစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင် တင်ပြထားမည်ဖြစ်ပြီး လိုအပ်ပါက သတင်းစာ ရှင်းလင်းပွဲများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ၎င်းအစီရင်ခံစာများကို ပြုစုလျက်ရှိရာ ဗဟိုဘဏ်၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များ၏ ငွေရေးကြေးရေးရှင်းတမ်းများကို အဓိကအခြေခံပြီး စာရင်းအင်းများ၊ ကိန်းဂဏန်း အချက်အလက်အမှန်များ ရရှိရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ဆက်စပ်နေသော ဝန်ကြီးဌာနများက ၎င်းတို့ တာဝန်ခံသည့် စာရင်းအင်း၊ ကိန်းဂဏန်းများကို (အမှန်ဂဏန်းများ) ကို ရရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်နှင့် ဘဏ်များက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် နှစ်ချုပ်စာရင်းပိတ်ခြင်းကို မတ်လ ၃၁ ရက်နေ့မှ စပြီး ဆောင်ရွက်လေ့ရှိပါကြောင်း၊ ဗဟိုဘဏ်က အစိုးရအဖွဲ့ကို တင်ပြရမည့် နှစ်ချုပ် အစီရင်ခံစာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည့် အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်းကို ပူးတွဲဖော်ပြပါရှိရမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ငွေရေးကြေးရေးဆိုင်ရာစာရင်းအင်းများကို အမှန်ကိန်းဂဏန်းများ မရရှိနိုင်သေးသည့်အတွက် ယခုကျင်းပဆဲလွှတ်တော်သို့ တင်ပြနိုင်ခြင်းမရှိသေးသော်လည်း အမှန်ကိန်းဂဏန်းများ ရရှိသည့်အချိန်တွင် လွှတ်တော်သို့ တင်ပြခြင်းကိုလည်းကောင်း၊ အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခြင်းကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဖြိုးမင်းသိန်း (လှည်းကူး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အသွင်ကူးပြောင်းရေးကာလ တစ်နှစ်တာ ဆောင်ရွက်နေမှုကို နားလည်နိုင်ပါသော်လည်း ယနေ့ကာလသည် မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးတည်ငြိမ်မှုနှင့် ငွေကြေးတန်ဖိုးတည်ငြိမ်နိုင်ရန် ကိစ္စသည် အလွန်အရေးကြီး နေသည့် ကာလဖြစ်ပါကြောင်း၊ မိမိတို့ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းသည် မကြာမီ ပြီးဆုံးတော့မည်ဖြစ်သည့်အတွက် ဗဟိုဘဏ်အနေဖြင့် ယခုဖြစ်ပေါ်နေသော ပြင်ပတွင် ဖြစ်နေသည့် အခြေအနေ၊ လက်ရှိ လွှတ်တော်သက်တမ်းကာလအတွင်း အစီရင်ခံစာကို တင်ပြပေးစေချင်ပါကြောင်း၊ မိမိကိုယ်တိုင်လည်း ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင်‌့ ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသဖြင့် မိမိတို့သည် အချက်အလက် (Data) များမရှိဘဲ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို သုံးသပ်နိုင်ရန် မေးမြန်းနိုင်သည့်  အခြေအနေများသည် အလွန်ခက်ခဲပါကြောင်း၊ ဗဟိုဘဏ်ဘက်မှ အချက်အလက်များကို၊ ပြည်ထောင်စုအစိုးရဘက်က အချက်အလက်များသည် ပြည်သူ့လွှတ်တော်ဘက်သို့ရောက်ရန် အလွန်ခက်ခဲသည့် အတွက် မိမိအနေဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်းမကုန်ဆုံးမီ အစီရင်ခံစာများကို ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး

မိမိတို့ တင်ပြမည့် Monetary Report နှင့် Financial Stability Report များသည် အမှန်ကိန်းဂဏန်းများပေါ်တွင် အခြေခံပြီး တင်ပြရမည်ဖြစ်ပါကြောင်း၊ မည်သည့်နိုင်ငံက ဗဟိုဘဏ်မဆို အမှန်ကိန်းဂဏန်းများ ရရှိသည့်အခါမှ ၎င်းတို့ တင်ပြခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြားဖြတ်အစီရင်ခံစာမျိုးများကို ကိန်းဂဏန်းအမှန်များ မရရှိဘဲ တင်ပြမည်ဆိုပါက ထိုအစီရင်ခံစာသည် မှန်ကန်မှုကို အားနည်းမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မတ်လ ၃၁ ရက် ကစပြီး စာရင်းများပိတ်ပါကြောင်း၊ ပုံမှန်အားဖြင့် ကိန်းဂဏန်းအမှန်များထွက်ရန် အနည်းဆုံး ၃ လခန့် ကြာသည့်အတွက် သုံးလကျော်ပြီးနောက်ပိုင်း အမှန်ကိန်းဂဏန်းများ ရပြီဆိုပါက ယခုကျင်းပဆဲလွှတ်တော်ကို တင်ပြနိုင်ရန် အစီရင်ခံစာကို အမြန်ဆုံးပြုစုပြီး တင်ပြမည်ဖြစ်ပါကြောင်း ဖြစ်ပါသည်။