ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက် နေ့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၃ )ဦး အနက် ( ၃၇၄ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၅) ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်က မေးမြန်းသော လွိုင်လင်မြို့နယ်၊ တန့်အယ် ကျေးရွာအုပ်စုရှိ လယ်ယာမြေများ အပြည့်အဝစိုက်ပျိုး လုပ်ကိုင်နိုင်ရန် ရေစီးရေလာ အားကောင်းသည့် နမ့်ပွန်ချောင်းပေါ်တွင် ဖိုင်လုံဆည်နှင့် ကုန်းကျောင်းဆည်တို့အား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်ကိုယ်စားလှယ် များနှင့်သက်ဆိုင်ရာဌာနများက ညိှနှိုင်းရေးဆွဲ တင်ပြလာပါက ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်အရ လျာထားစီမံဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်က မေးမြန်းသော ခိုင်းနွား၊ နို့စားနွား၊ အသားစား နွားများမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားပါသည် မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ခိုင်းနွား၊ နို့စားနွားနှင့် အသားစားနွားမွေးမြူရေးဇုန် (၂၈) ဇုန် တည်ဆောက်ပြီး အသားတိုးနွား ထုတ်လုပ်တိုးမြှင့်နိုင်ရေး၊ ဘရာမင်မျိုးနွားသိုးနှင့် မျိုးရည်ခဲချောင်း ၂၀၀၀၀ ဖြည့်တင်းခြင်းများ စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးကျော်မင်း၊ လက်ပံတန်းမဲဆန္ဒနယ်က မေးမြန်းသော လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ အုပ်စုတွင် ယခင်ဇီးဖြူကုန်းတိုက်နယ် ဆေးရုံမြေ (၆.၃၃၆) ဧက အနက်မှ စိုက်ပျိုးရေးဂိုဒေါင် ဆောက်လုပ်ရန်အတွက် ၁၉၇၈-၁၉၇၉ ခုနှစ် စိုက်ပျိုးရေး ဦးစီးဌာနကရယူခဲ့သော မြေဧရိယာ (၂.၁၉၉) ဧကအား ယခုဆေးရုံမြေအဖြစ် ပြန်လည်လွဲပြောင်းပေးရန် အစီအစဉ်ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်က ပြည်သူလူထု အကျိုးအတွက် လိုအပ်မည်ဆိုပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ စွန့်လွှတ်ပေး သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ်က မေးမြန်းသော ကြီးအုံကြီးဝနှင့်မုန်းတမံရေဝပ် ဧရိယာ ရေကန်ပြင်တွင်ရေချိုငါး စီးပွားဖြစ် မွေးမြူရန်နှင့် သဘာဝ ငါးမွေးမြူရေး သုတေသနစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်က ငါးမျိုးစိုက် ထည့်ခြင်း လုပ်ငန်းကိုသာဆောင်ရွက်သင့်ပြီး စီးပွားဖြစ်မွေးမြူခြင်းနှင့်ငါးသားပေါက် သုတေသနစခန်းများ ဆောင်ရွက်ရန် သင့်လျော်မှု မရှိပါကြောင်းနှင့် သက်ဆိုင်ရာငါးဦးစီး ဌာနအနေဖြင့် ဒေသတွင်းငါးမွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက် စေသည့်အစီအမံများကို လျာထားစီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်က မေးမြန်းသော စေတုတ္တရာမြို့နယ်၊ စလင်း-စေတုတ္တရာ ကားလမ်းမအပေါ်ရှိ MPT ဖုန်းတိုင်များ၊ ဖုန်းကြိုးများနှင့် တယ်လီဖုန်း Connection box များမှာလဲပြိုနေခြင်း၊ မြေပြင်ပေါ်ကျနေခြင်းများ နှစ်နှင့်ချီ၍ ကြာမြင့်စွာ ဖြစ်ပွားနေမှုကြောင့် MPT ဖုန်းလိုင်းများ မကြာခဏ ပျက်နေမှုအား မည်သူကတာဝန်ယူဖြေရှင်းဆောင်ရွက်ပေးမည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တာဝန်ယူပြီးပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ ဧပြီလမှစတင်၍ ဇွန်လကုန် အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် လျာထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ်က မေးမြန်းသော ထီးချိုင့်မြို့နယ် ဧရာဝတီတံတား (ထီးချိုင့်)၏ ရေလယ်တိုင်များကြောင့် တံတား၏အထက်နှင့် အောက်ဘက်တို့တွင် သောင်များဖြစ်ထွန်းလာပြီး မြစ်ကမ်းအနီးရှိ ကျေးရွာများနှင့်စိုက်ပျိုးမြေများ ကမ်းပါး ပြိုတိုက်စားခြင်းမှ ကာကွယ်ရန်ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းခြင်းကို မည်သို့ ဆောင်ရွက်ပေးမည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုးက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေအနေများကို လေ့လာ သုံးသပ်၍ နောင်လာမည့်ဘဏ္ဍာနှစ်တွင် ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်က မေးမြန်းသော သံဖြူဇရပ်မြို့၊ အမှတ် (၃) သုခကာရီရိပ်သာ၏ မျက်နှာစာတွင် ပိတ်ကာနေသော မီးရထားနှင့်ကားလမ်းခွဲ တံခါးစောင့်၏ သစ်သားတဲကို အခြားလွတ်ကင်းရာ မီးရထားမြေသို့ရွှေ့ပြောင်းပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက မလွဲမသွေ လိုအပ်သောကိစ္စ မဟုတ်သဖြင့် ရန်ပုံငွေကျခံသုံးစွဲရန် မသင့်လျော်ကြောင်း သုံးသပ်ရပါသဖြင့် မီးရထား ဂိတ်စောင့်နေအိမ်ကို ဖျက်သိမ်း၍ ပြောင်းရွှေ့ဆောက်လုပ်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၈) ဒေါ်တင်တင်ရီ၊ ကျွန်းစုမဲဆန္ဒနယ်က မေးမြန်းသော ကျွန်းစုမြို့နယ်ဆိပ်ကမ်းရှိ ဆိပ်ခံ တံတားနှင့် ဘောတံတား(Jetty)အကြား ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် အထက်(၄၈x၂၀x ၆.၅)ပေ တလင်းပေါင်းကူးတံတားအား အသေးစား (၂) စင်း သို့မဟုတ် ကြားခံ (Jetty) သံမဏိဆိပ်ခံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက သံမဏိဆိပ်ခံ (၁)ခု ပြုလုပ်တပ်ဆင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ပုံငွေများချထားပေးပါက အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ဘတ်ဂျက် လျာထားရေးဆွဲသည့် အချိန်မှသာ ထည့်သွင်းလျာထား သွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၉) ဦးအုန်းခင်၊ ပုလောမဲဆန္ဒနယ်က မေးမြန်းသော ပြည်တွင်းသို့ မော်တော်ကားများ တင်သွင်းရာတွင်ကောက်ခံနေသော အခွန်မျိုးစုံအား သင့်လျော်သောနှုန်းထားသို့ ဖြေလျှော့ပေးခြင်း၊ မော်တော်ယာဉ်ပိုင်ရှင်တို့အား လမ်းဘေးတွင်ယာဉ်ရပ်နားခ၊ ညအိပ်ရပ်နားခ၊ မောင်းနှင်နေစဉ် လမ်းအသုံးပြုခတို့ကို တိုးမြှင့်ကောက်ခံပြီးဉပဒေနှင့် မညီသည့်အသုံးပြုသောယာဉ်နှင့် ယာဉ်အသုံးပြု သူတို့အား ထိရောက်သော အရေးယူခြင်းတို့ပြုလုပ်ရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်ပမှတင်သွင်းသည့် ယာဉ်မှတ်ပုံတင်ခများကို ဖြေလျော့ပေးရန် အစီအစဉ်မရှိပါကြောင်း၊ လမ်းဘေးတွင် ယာဉ်ရပ်နားခ၊ ညအိပ်ရပ်နားခများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကောက်ခံလျက်ရှိပါကြောင်းနှင့် မောင်းနှင်နေစဉ် လမ်းအသုံးပြုခ တိုးမြှင့်ကောက်ခံရေးကိစ္စအား တိုးမြှင့်ကောက်ခံရန် ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၁၀) ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ်က မေးမြန်းသော အန္တရာယ်ရှိကုန်ပစ္စည်း များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ် ထိန်းသိမ်းခြင်းနှင့် သယ်ယူပို့ဆောင် ခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက် နိုင်ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ ဆီဘောက်ဆာယာဉ်များတွင် လုပ်ကိုင်ဆောင်ရွက်နေသူများအား လိုအပ်သော သင်တန်းများကို သင့်လျော်သောဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာနက သင်တန်းများပေးရန်နှင့် အသိအမှတ်ပြု လက်မှတ်ရရှိ သူများကိုသာ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုးက လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက စက်သုံးဆီအရောင်းဆိုင်များ၊ ဆီဘောက်ဆာယာဉ်များတွင် လုပ်ကိုင် ဆောင်ရွက်နေသူများနှင့် လုပ်ကိုင်ဆောင်ရွက်လိုသူများကို သင်တန်းများပေးပြီး အသိအမှတ်ပြု လက်မှတ်ရရှိသူများကိုသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုလျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၁) ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်က မေးမြန်းသော မက်မန်းမြို့နယ်ရှိ အခြေခံ ပညာအထက်တန်းကျောင်း(မက်မန်း)တွင် (၁၀၀x၃၀)ပေ နှစ်ထပ်စာသင်ကျောင်း ဆောင်(၁) ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားပြီး ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၂) ဦးခွန်သန်းထူး၊ ဆီဆိုင်မဲဆန္ဒနယ်က မေးမြန်းသော ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမများကို အခြားသော အ.ထ.က ကျောင်းများကဲ့သို့ ခွဲဝေ(၁၂)ဦးနှင့်အညီ အမြန်ဆုံးခန့်ထား ပေးရန်အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အထက်တန်းပြ (၃) ဦး၊ အလယ်တန်းပြ (၁) ဦးနှင့် မူလတန်းပြ (၂) ဦးတို့ကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၃) ဦးစိုင်းထွန်းစိန်၊ မိုင်းပျဉ်းမဲဆန္ဒနယ်က မေးမြန်းသော မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန် ကျေးရွာအုပ်စု၊ နားယုန့်ကျေးရွာ အခြေခံပညာ မူလ တန်းကျောင်း (ခွဲ) အား လာမည့်ဘဏ္ဍာရေးနှစ်တွင် အသစ်ပြုပြင်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ထည့်သွင်းလျာထားပြီးရန်ပုံငွေ ခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၁၄) ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်က မေးမြန်းသော ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဒေသသင်ရိုးရေးဆွဲနိုင်ရန် တိကျသည့် မူဝါဒချ မှတ်ပေးခြင်း၊ ပညာရှင်များ ဒေသခံများပါဝင်ဆွေးနွေးခွင့် ရရှိနိုင်သည့်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်နှင့် အချိန်မီစာအုပ်ရိုက်နှိပ် နိုင်ရန်အတွက် မည်သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒေသသင်ရိုးသည် ပြည်ထောင်စုအစိုးရက ပြုစုထားခြင်းမဟုတ်ဘဲ ဒေသလိုအပ်ချက်နှင့်အညီ ပြုစုထားသော အကြောင်းအရာများ ဖြစ်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အတည်ပြုချက်ဖြင့် သင်ကြားနိုင်မည် ဖြစ်ပါကြောင်းနှင့် နည်းပညာ လိုအပ်ပါက ပညာရေးဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၅) ဦးနေလင်းထွန်း၊ ဘုတ်ပြင်းမဲဆန္ဒနယ်က မေးမြန်းသော ဘုတ်ပြင်းမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ဉပဓိရုပ်မကောင်းတော့သည့် နဝရတ် (ခန်းမ) အဆောက်အဦနေရာတွင် (၁၅၀x၃၀x၂၂) ပေ အရွယ်အစားရှိစံကိုက် (၂) ထပ် ပင်မကျောင်းဆောင် တစ်ဆောင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ငွေ လုံးငွေရင်း ရန်ပုံငွေတွင် ထည့်သွင်းလျာထား ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁) ခု တင်သွင်းခြင်းနှင့်အစီရင်ခံစာဖတ်ကြားခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီက တင်သွင်းသည့် မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဉပဒေကြမ်း နှင့်စပ်လျဉ်း၍ ဉပဒေကြမ်းကော်မတီကအစီရင် ခံစာတင်သွင်းသည်။ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၇-၆-၂၀၁၉ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
( ဂ ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်က တင်သွင်းသည့် အခြေခံပညာမူလတန်းသင် ဆရာ၊ဆရာမ ဝန်ထမ်းရွေးချယ်ခန့်ထားရာတွင် တိုင်းရင်းသားဒေသကျေးရွာကျောင်းများ၏ လိုအပ်ချက်အလိုက် ထိုဒေသခံကျေးရွာရှိ ဘွဲ့ရတိုင်းရင်းသား၊သူများကို ဦးစားပေးခန့်အပ်ရေး မူဝါဒတစ်ရပ် ထည့်သွင်းချမှတ် အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၂ နာရီ ၅၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၆-၆-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
