ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့(၆. ၆. ၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်)

 

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက် နေ့ကို ၂၀၁၉  ခုနှစ်၊ ဇွန်လ ၆ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၃ )ဦး အနက် ( ၃၈၀ )ဦး တက်ရောက်သည်။

 

၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-(က)

ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း

 

(၁) ဦးမြစိန်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ် က မေးမြန်းသော ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပြီးသော နှစ်အလိုက်ဉပဒေများအား အများပြည်သူ လေ့လာနိုင်ရန် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာပေဗိမာန်စာအုပ်ဆိုင် များတွင် ရောင်းချပေးလျက်ရှိပြီး  နောင်နှစ်များတွင် လိုအပ်မည့် အရည်အတွက် အတိုင်း ပုံနှိပ်ရန် တာဝန်ပေးအပ်ပါက ကြိုတင်ဘတ်ဂျတ်လျာထားပြီး ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂) ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ် က မေးမြန်းသော ဇန်နဝါရီလ(၂၉)ရက်နေ့က ပြည်ထောင်စုလွှတ်တော် တိုက်ရိုက်ထုတ်လွှင့်မှု(၅)မိနစ် ပြတ်တောက်ရခြင်း၏ အဖြစ်မှန်ကို ရှင်းလင်း ပေးနိုင်ခြင်းရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က တိုက်ရိုက်ထုတ်လွင့်မှုဖြစ်စဉ် ပြတ်တောက်ခဲ့ရခြင်းအကြောင်းမှာ ဖိုင်ဘာဆက်ကြောင်းလိုင်းကြောင့် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ ဂြိုလ်တုဆက်ကြောင်းကို အသုံးပြုနေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူတွေကို ထိုက်သင့်သောအရေးယူအပြစ်ပေးမှုများ ပြုလုပ်ခဲ့ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

 

(၃) ဦးထွန်းဝေ၊ ဖောင်းပြင်မဲဆန္ဒနယ် က မေးမြန်းသော သက်ဆိုင်ရာတရားရုံးများသို့ သက်သေထွက်ဆိုရန် သွားရောက်ကြရသည့် သက်သေများ အတွက် သက်သေ စရိတ်ကို အမှန်ကုန်ကျစရိတ်အတိုင်း ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် သက်သေစရိတ် ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးအောင်ဇော်သိန်းက    တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တွေအတွက် အနည်းဆုံး ၅၀၀၀ ကနေ အများဆုံး ၂၅၀၀၀ အထိ၊ ခရိုင်တရားရုံးတွေအတွက် အနည်းဆုံး ၃၀၀၀ ကနေ အများဆုံး ၁၀၀၀၀၀ အထိ၊ မြို့နယ်တရားရုံးတွေအတွက် အနည်းဆုံး ၃၀၀၀ ကနေ အများဆုံး ၁၀၀၀၀၀ ကျပ်အထိ အမြဲတမ်းဆောင်ငွေအဖြစ် ကိုင်ဆောင်ခွင့် ပြုထားပြီး အမြဲတမ်းကြိုတင်ငွေနဲ့ မလုံလောက်လျှင် တိုးမြှင့်ကိုင်ဆောင်ခွင့်ရရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ တင်ပြဆောင်ရွက်ရန် ညွှန်ကြားထားပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄) ဦးခင်ဇော်၊ ကော့သောင်းမဲဆန္ဒနယ် က မေးမြန်းသော အထက်တန်းရှေ့နေများအား တရားလွှတ်တော်ရှေ့နေအဖြစ် အသိအမှတ်ပြု လက်မှတ်ပေး အပ်ရာတွင် စာမေးပွဲ ဖြေဆိုသည့်စနစ်ကို ကျင့်သုံးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးအောင်ဇော်သိန်းက အရည် အချင်းကို စစ်ဆေးရန်မလိုတော့ဘဲ နည်းဥပဒေအရ ရှေ့နေအလုပ်သင်ကနေ အထက်တန်းရှေ့နေသို့လည်းကောင်း၊ အထက်တန်းရှေ့နေကနေ တရားလွှတ်တော် ရှေ့နေသို့လည်းကောင်း အဆင့်ဆင့် အသိအမှတ်ပြုပေးနိုင်ခြင်းရှိကြောင်းနှင့်စာမေးပွဲ ဖြေဆိုသည့်စနစ်ကို ကျင့်သုံးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

 

(၅) ဦးဌေးမင်းသိန်း၊ ကြို့ပင်ကောက်မဲဆန္ဒနယ် က မေးမြန်းသော ကြို့ပင်ကောက်မြို့နယ်၊ ကျွဲသေကျေးရွာအုပ်စု၌ ကျွဲသေကျေးလက် ကျန်းမားရေး ဌာနခွဲ အသစ် ဖွင့်လှစ်ခွင့်ပြုပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးလက်ကျန်းမားရေးဌာနခွဲကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆) ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ် က မေးမြန်းသော  လစာခံစားခွင့် မရှိသေးသော ဝန်ထမ်းသစ်ဆရာဝန်များ အားလုံးကို ဗဟိုဝန်ထမ်းတက္ကသိုလ် တက်ရောက်စေခြင်းအစား အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး တာဝန်ယူမည့်သူများကိုသာ တက်ရောက်စေရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လစာခံစားခွင့် မရှိသေးသည့် ဝန်ထမ်းသစ်ဆရာဝန်များ အားလုံးကို ဗဟိုဝန်ထမ်းတက္ကသိုလ် တက်စေခြင်းအစား ဝန်ထမ်းဆရာဝန်ထဲမှ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတာဝန်ယူ မည့်သူများကိုသာ တက်စေရန် စီစဉ်ဆောင်ရွက်မည် ဆိုပါက ပြဌာန်းထားသည့် တည်ဆဲဉပဒေများ၊ နည်းဉပဒေများနှင့် ညီညွတ်မှုမရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

(၇)     ဦးထွန်းမြင့်၊ ဗဟန်းမဲဆန္ဒနယ် က မေးမြန်းသော ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်အမျိုးသမီး ဆေးရုံအား ကုတင် (၁၀၀) ဆံ့ အမျိုးသမီးဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန်  အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တက်ရောက်သည့် လူနာတိုးလာပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင် ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

(၈)     ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော်မဲဆန္ဒနယ် က မေးမြန်းသော ဝိုင်းမော်မြို့နယ်ရှိ (၂၅) ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ခုတင် (၅၀) ဆံ့ စံကိုက်ဖွဲ့စည်းပုံသို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၉ ခုနှစ်အတွင်း သတ်မှတ် စံနှုန်းများ ပြည့်မီလာပါက ခုတင်(၅၀)ဆံ့ စံကိုက်ဖွဲ့စည်းပုံသို့ တိုးမြှင့်နိုင်ရေး  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

(၉) ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ် က မေးမြန်းသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်နှင့် အခြားဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင် လျက်ရှိသော သွားနှင့်ခံတွင်း ဆိုင်ရာ ဆရာဝန်များအား ရုံးကိစ္စနှင့်ပတ်သက်၍ ခေါ်ဝေါ်သုံးစွဲရာ တွင်လည်းကောင်း၊ ဖော်ပြရေးသားရာတွင် လည်းကောင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန်ဆိုသော စကားရပ်အစား သွားနှင့်ခံတွင်း ဆိုင်ရာဆရာဝန်ဆိုသော စကားရပ်ကို အစားထိုးသုံးစွဲပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ ဉပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဆ) ပါ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ဟု ပြောင်းလဲသုံးစွဲနေပြီ ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၁၀) ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ် က မေးမြန်းသော မန္တလေးမြို့ GMP တိုင်းရင်းဆေးဝါး စက်ရုံအဆောက်အဉီနှင့် တပ်ဆင်ထားသော စက်ပစ္စည်းများ သည် GMP စံသတ်မှတ်ချက် အရည်အသွေးများ ပြည့်မီမှု ရှိ၊မရှိနှင့် စက်ရုံကြီးပြီးသွားပါက တိုင်းရင်းဆေးရုံနှင့် ဆေးကုသဌာနများအတွက် လိုအပ်သော ဆေးဝါးများအား အရည်အသွေးပြည့်မီစွာ အလုံအလောက် ထုတ်လုပ်ပေးနိုင်မည့် အခြေအနေရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်ရုံအဆောက်အဉီနှင့် စက်ပစ္စည်း များသည် GMP စံသတ်မှတ်ချက် အရည်အသွေးများ ပြည့်မီမှုမရှိပါကြောင်းနှင့် ထုတ်လုပ်သည့် တိုင်းရင်းဆေးများ အရည်အသွေးပြည့်မီစေရေး စိစစ်အကဲဖြတ် ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(ခ)     ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၂၀၁၉ခုနှစ် အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်း”ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဉပဒေကြမ်းကော်မတီက ယင်းဉပဒေကြမ်းကို အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်း ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၀-၆-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

 

( ဂ )   အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ် က တင်သွင်းသည့် နိုင်ငံအဝန်းတွင် စိုးရိမ်ဖွယ်မြင့်မားစွာ ဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါဆိုးအား ဖြစ်ပွားမှုလျော့ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်သည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ထိရောက်စွာ အသိပညာပေး တားဆီးကာကွယ် စောင့်ရှောက်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅) ဦးက ဆွေးနွေးပြီး အဆိုအားလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

 

၃။       ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် ၂  နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပါသည်။