ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ (၂၅.၇. ၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၉  ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၃ )ဦး အနက် (၄၀၃)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးအောင်ကျော်ကျော်ဦး၊ လှိုင်မဲဆန္ဒနယ်က မေးမြန်းသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော School Bus အမျိုးအစား သတ်မှတ်ချက် (၁၂)ချက် အနက်မှ လက်ရှိ School Bus အများစု ဆက်လက် ပြေးဆွဲနိုင်ရေးအတွက် အချက် (၁)ချက်အား နှစ်ကာလ အကန့်အသတ်ဖြင့် ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ညွှန်ကြားချက်ပါ သတ်မှတ်ချက် အမှတ်စဉ်(ဂ)ကို ဖြေလျှော့ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် School Bus ကိစ္စရပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ရန် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)    ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က မေးမြန်းသော သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် အမှန်တကယ်လိုအပ်နေသော မန်းချောင်းတံတား အထက်ပိုင်း သောင်တူးပေးရန်နှင့် စကုမြို့သို့ ဦးတည်တိုက်စားနေသောနေရာတွင် ရေကာတာပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံ တင်ပြ၍ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဆိုပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးကျော်ရွှေ၊ ရမ်းဗြဲမဲဆန္ဒနယ်က မေးမြန်းသော ရမ်းဗြဲမြို့နယ်မှ စစ်တွေမြို့နှင့် တောင်ကုတ်မြို့သို့ ရေကြောင်းခရီးဖြင့် စရိတ်သက်သာစွာ သွားလာနိုင်ရေးအတွက် ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော်၊ ဟုံးဝဆိပ်ကမ်းတို့တွင် ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင် သင်္ဘောများ ဆိုက်ကပ် ပို့ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လတ်တလောအစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးသန်းညွန့်၊ ဖြူးမဲဆန္ဒနယ်က မေးမြန်းသော ဖြူးမြို့နယ်ရှိ နွေစပါးစိုက် တောင်သူ လယ်သမားများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးရန်နှင့် ဆည်ရေသောက် စီမံကိန်းကို လာမည့်နှစ်တွင် ဘတ်ဂျက်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေတိုးမြှင့်လျာထားရန်နှင့် ရန်ပုံငွေများ ပြည့်စုံလုံလောက်စွာ ရရှိနိုင်မှုအပေါ်မူတည်ပြီး ရာနှုန်းပြည့်ပြီးစီးအောင် စီမံ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးကျော်မြင့်၊ တိုက်ကြီးမဲဆန္ဒနယ်က မေးမြန်းသော  ဓားမဦးချ ပြေစာပေါက် လယ်မြေများကို သိမ်းယူပြီး ငါးကန်များတူးဖော်ခြင်း၊ ဂရန်အင်းနယ်မြေများကို ရေနက်ကွင်း၊ ရေမြုပ်ငါးကန်အဖြစ်တူးဖော်ပြီး ငါးရိုင်းများသွင်း၍ လုပ်စားနေသူ နှင့်လေလံအောင်အင်းသမားတို့ အငြင်းပွားနေမှုတွင် နစ်နာသူများက တိုင်ကြား လာခြင်းကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တောင်သူ (၁၉)ဦး တင်ပြစာနှင့်ပတ်သက်ပြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်မှ စိစစ် ဆောင်ရွက်ဆဲရှိပါကြောင်း၊ တောင်သူ (၃)ဦးတင်ပြစာနှင့်ပတ်သက်၍ တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏  ဆုံးဖြတ်ချက်အရ သိမ်းဆည်းမြေမဟုတ်ဘဲ မြေယာအငြင်းပွားမှု ကိစ္စဖြစ်သည့်အတွက် အမှုတွဲပိတ်သိမ်းထားရှိပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ စီမံဆောင်ရွက်သွားရန် ဖြစ်သည့်အတွက် အင်းနယ်နိမိတ်မြေပုံ ပြန်လည်ဖော်ထုတ်သတ်မှတ်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၆)   ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ်၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်နေရာ လမ်းကြောင်းများ သတ်မှတ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တိုင်းဒေသကြီးရန်ပုံငွေ ခွင့်ပြုရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဆက်စပ်မေးခွန်းဖြစ်သော မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်နေရာ လမ်းကြောင်းများနှင့်ပတ်သက်၍ ပြန်လည်ဆန်းစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၇)   ဦးအုန်းလွင်၊ ညောင်တုန်းမဲဆန္ဒနယ်က မေးမြန်းသော လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ပြုလုပ်ရာတွင် ပုဂ္ဂိုလ်/အဖွဲ့အစည်း အမည်ပြောင်းလဲရန် ခက်ခဲနေ ခြင်းကိစ္စအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ (ပုံစံ-၇) များကို ပြောင်းလဲပြင်ဆင် ထုတ်ပေးလျက်ရှိပါကြောင်းနှင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းတို့ကို  ဆောင်ရွက်နိုင်ရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                     ( ခ )   အဆို (၁)ခုတင်သွင်းခြင်း

စိုက်ပျိုးရေးထုတ်ကုန်အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဂေဟစနစ် မပျက်စီးရေးအတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်အောင် လေ့ကျင့်သင်ကြားပေးရန်နှင့် အပြင်းစားဆေးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို စိစစ်ကြပ်မတ်တားဆီးပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဦးမြင့်သိန်း၊ ဝက်လက်မဲဆန္ဒနယ်က တင်သွင်းပြီး ဒေါက်တာဦးခင်မောင်သင်း၊ အရာတော် မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၆-၇-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

( ဂ )   ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

                       သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီက တင်သွင်းသည့် မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပ‌ဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ ကျင်းပမည့်ရက်ကို ၂၉-၇-၂၀၁၉ ရက်    (တနင်္လာနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။