ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၃ )ဦး အနက် (၄၀၆)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးစောသလေးစော၊ ရွှေကျင်မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံခြားသားခရီး သွားလာမှု ကန့်သတ်ထားသည့်ဒေသများတွင် ဖြေလျှော့မှုများပြုလုပ်ခြင်း၊ အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းဖြင့် ဖြေလျှော့ပေးလျက်ရှိသည်များကို ဌာနဆိုင်ရာများသို့ တရားဝင်ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ သတင်းမီဒီယာများတွင် ကြေညာမှုများဆောင်ရွက်ပေးခြင်းဖြင့် ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည့်ဒေသများ၏ ခရီးသွားစီးပွားရေးကဏ္ဍမြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မိမိတို့ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်အသိပေးလျက်ရှိပါကြောင်းနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အားလုံးတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများကို ဖွဲ့စည်း ပြီးဖြစ်ရာ ၎င်းတို့အဖွဲ့အနေဖြင့် ခရီးသည်များ လုံခြုံစိတ်ချစွာ လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသများကို ညှိနှိုင်းဖော်ထုတ်တင်ပြသင့်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၂) ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်က မေးမြန်းသော တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကို မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းထားရသည်၊ ရှေ့အနာဂတ်တွင် တိုင်းပြည်အတွက် ဆုံးရှုံးမှုမရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက် မည်တို့ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးရှိစေရေးအတွက် လေ့လာသုံးသပ်မှုများ ပြုလုပ်ကာ NECC ၏ ပေါင်းစပ်ညှိနှိုင်းမှုများဖြင့် တိုင်းပြည် အတွက် ဆုံးရှုံးမှုမရှိစေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နိုင်ငံတော်မှ ချမှတ်သည့်မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံ သံနှင့် သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများအဖြစ် JIS ကို ကိုးကား၍ မြန်မာနိုင်ငံ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တို့နှင့် ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်းကျင့်သုံးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက မြန်မာ့စက်မှုဆိုင်ရာ စံချိန်စံညွှန်း (MIS)ကို သတ်မှတ်အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အမျိုးသားစံချိန် စံညွှန်းကောင်စီ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်း တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်က မေးမြန်းသော မင်းလှမြို့နယ် အတွင်းရှိ ပြည်ထဲရေးအမည်မပေါက်သေးသော မစိုးရိမ်ကျေးရွာ၊ စိန်သာယာ ကျေးရွာ၊ ဟိုင်းယုကျေးရွာ၊ ကြာပင်အိုင်ကျေးရွာ၊ အောင်ဆန်းမြိုင်ကျေးရွာ၊ ကြံတိုင်းအောင်ကျေးရွာ၊ သီဟိုဠ်မြိုင်ကျေးရွာ၊ ရွာသာယာကျေးရွာ(လက်ဆက်အုပ်စု)၊ ချမ်းမြေ့သာယာကျေးရွာ၊ ရွာသာယာကျေးရွာ(ဝက်လှကြီးအုပ်စု)၊ ကျွန်းကုန်း ကျေးရွာများအား ပြည်ထဲရေးအမည်ပေါက်အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြီး ဖြစ်သည့်အတွက် ကျေးရွာများကို ပြည်ထဲရေးအမည်ပေါက်ဟု ခေါ်မည့်အစား တရားဝင်ကျေးရွာများ၊ ပြန်တမ်းဝင်ကျေးရွာများ ဖြစ်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးထွန်းလင်းမော်၊ ကြံခင်းမဲဆန္ဒနယ်က မေးမြန်းသော မြစ်သဲကျောက် ထုတ်ယူခြင်းလုပ်ငန်းများ နှင့်ပတ်သက်၍ စည်းကမ်းဖောက်ဖျက်ခြင်းများအား အရေးယူရာတွင် မော်တော်ကားများသာမက တာဝန်ခံမှု တာဝန်ယူမှုတို့ဖြင့် မော်တော်ပိုင်၊ ကျောက်လုပ်ငန်းဥက္ကဋ္ဌများကိုပါ စီမံခန့်ခွဲမှုနည်းလမ်း၊ ဥပဒေကြောင်း များနှင့် အရေးယူရန် အစီအစဉ် ရှိ၊ မရှိနှင့် လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်သော ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်များအား အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က တိုင်ကြားမှုများပေါ်ပေါက်လာပါက စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းစိစစ်၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မြစ်သဲကျောက် ထုတ်လုပ်မှုကြီးကြပ်ရေးကော်မတီများ ၏ဆုံးဖြတ်ချက်များဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အလွဲသုံးစား ပြုလုပ်မှုများ ပေါ်ပေါက်လာပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၆) ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်က မေးမြန်းသော မြေပုံမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် မြောက်ဦးခရိုင် စီမံခန့်ခွဲရေးကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ တိုက်ရိုက်ဝင်ရောက်၍ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခြင်း၊ ခန့်အပ်ခြင်းတို့ ပြုလုပ်ခြင်းသည် ဥပဒေနှင့်ညီညွတ်မှု ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တာဝန်ထမ်းဆောင်နေသူများကို လုံခြုံရေးထိခိုက်စေနိုင်သော အခြေအနေမျိုး ရောက်ရှိလာသည့်အတွက်ကြောင့် စီမံခန့်ခွဲပေးခြင်း၊ ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်း တို့ကို လိုအပ်သလိုဆောင်ရွက်ပေးခဲ့ခြင်းသာ ဖြစ်ပါကြောင်းနှင့် တိုက်ရိုက် ဝင်ရောက် ဆောင်ရွက်ခဲ့ခြင်းမရှိပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးခင်ဇော်၊ ကော့သောင်းမဲဆန္ဒနယ်က မေးမြန်းသော ကော့သောင်းမြို့တွင် အိမ်ရာ မြေကွက်များကို စီမံကိန်းဖြင့် ဖော်ဆောင်နေသူများသည် မိမိတို့ဖော်ဆောင်နေသည့် အိမ်ရာမြေကွက်များကို မည်သည့်ကာလတွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က မြို့စီမံကိန်းမြေကွက် ဖော်ထုတ်ပြီးသည့် မြေများအား ပြန်လည်လွှဲပြောင်းလက်ခံရေးကော်မတီမှ စိစစ်ပြီး စနစ်တကျလွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဈေးမြေနေရာနှင့်စပ်လျဉ်း၍ ဆောက်လုပ် ပြီးစီးပြီဖြစ်ပါသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ အမြန်ဆုံး အပ်နှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို(၁)ခုတင်သွင်းခြင်း
စက်မှုဝန်ကြီးဌာန၏ နိုင်ငံတော်ပိုင်စက်ရုံများမှ နိုင်ငံပိုင်စက်ရုံ၊ ပုဂ္ဂလိကပိုင် ပြုလုပ် လိုသည့်စက်ရုံ၊ ပုဂ္ဂလိကပူးပေါင်းထားပြီးစက်ရုံ၊ စက်မှုနယ်မြေနှင့် လတ်တလော ရပ်ဆိုင်းထားသော စက်ရုံများအား ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးမှုမရှိစေရန်နှင့် နိုင်ငံတော်အတွက် အမြန်ဆုံးအကျိုးရှိအောင် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဦးဘိုကြီး၊ ချောက်မဲဆန္ဒနယ်က တင်သွင်းပြီး ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၄-၇-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
( ဂ ) ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီက မြန်မာနိုင်ငံဆေးပညာရပ်များ ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်း ကိုတင်သွင်းပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၅-၇-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့်ရက်ကို ၂၅-၇-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
