ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၄၀၃)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးတိုးသောင်၊ မိုးမိတ် မဲဆန္ဒနယ်က မေးမြန်းသော မိုးမိတ်မြို့နယ် တောင်ပေါ် ဒေသများတွင် ဆက်သွယ်ရေးတာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက လောလောဆယ် တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း နှင့်ဆက်သွယ်ရေးအော်ပရေတာများမှ အချိုးကျထည့်ဝင်သည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ Universal Service Fund ၏ ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါ်အေးမြမြမျိုး၊ ကျောက်တန်း မဲဆန္ဒနယ်က မေးမြန်းသော SIM Card မှတ်ပုံ တင်ခြင်းကို နိုင်ငံသားမှတ်ပုံတင်မူရင်းဖြင့်သော်လည်းကောင်း၊ Biometric စနစ်ဖြင့် သော်လည်းကောင်း မှတ်ပုံတင်ခြင်း ပြုလုပ်မည့် အစီအစဉ်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက Common Database စနစ်ကို တည်ဆောက်ပြီး အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းဖြင့် Online ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာဖြင့် အသုံးပြုလာနိုင်မည်ဖြစ်ကြောင်းနှင့် အများပြည်သူလုံခြုံရေးကိုလည်း အကာအကွယ်ပေး နိုင်မည်ဖြစ်၍ ပြည်သူလူထုအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးအောင်သန်းစိန်၊ ခန္တီး မဲဆန္ဒနယ်က မေးမြန်းသော ခန္တီးမြို့နှင့် ကျေးရွာအုပ်စု (၉)အုပ်စုမှ ကျေးရွာများသည် ခန္တီးရတနာနယ်မြေအတွင်း ကျရောက်နေပါသဖြင့် ပြန်လည်စိစစ်၍ ရတနာနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ခန္တီးရတနာမြေမှ ပယ်ဖျက်နိုင်ရေး ဆက်စပ် ဌာနများမှ ဝန်ထမ်းများပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စိစစ် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်က မေးမြန်းသော လျှပ်စစ်မီးမရရှိနိုင်သေး သည့်ဒေသများတွင် သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင့် ကာဗွန် ထုတ်လုပ်မှုကို လျော့ချနိုင်ရန် ထင်းအစားထိုး အခြားလောင်စာသုံးစွဲခြင်း အသိပညာပေးလုပ်ငန်း များကို ကျယ်ပြန့်စွာဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အေဝမ်းစွမ်းအားမြှင့် မီးဖိုဖြန့်ဝေခြင်း၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းသုံးစွဲခြင်း၊ လောင်စာတောင့်သုံးစွဲခြင်းနှင့် အသိပညာ ပေးဟောပြော ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးတင်ကိုကိုဦး(ခ) ဦးအတွတ် ဘီးလင်းမဲဆန္ဒနယ်က မေးမြန်းသော လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာနအနေဖြင့် မြေကြီးမြေပုံမှန်ကန်ရေးအတွက် မည်ကဲ့သို့ စီမံခန့်ခွဲအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က မြေတိုင်းတာ၍ Digital မြေပုံများ ထုတ်လုပ်အသုံးပြုနိုင် ရေးလုပ်ငန်းအတွက် သတ်မှတ်ဝန်ထမ်းအင်အား အပြည့်အဝခန့်ထားနိုင်ရေးနှင့် ရန်ပုံငွေခွဲဝေရရှိပါက လုပ်ငန်းများ ပိုမိုလျင်မြန်လာနိုင်မည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ် မဲဆန္ဒနယ်က မေးမြန်းသော လယ်ယာ၊ အိမ်၊ ခြံမြေတို့၏ နယ်နိမိတ် အငြင်းပွားမှုများကို လျင်မြန်ထိရောက်စွာ ဖြေရှင်းပေးနိုင်မည့် လုပ်ထုံး လုပ်နည်းတစ်ရပ် ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြေနယ်နိမိတ်ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေစာရင်း လက်စွဲဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် တိုင်းတာမှုလွဲမှားပါက ကာယကံရှင် များနစ်နာနိုင်သည့်အတွက် တည်ဆဲဥပဒေများနှင့်အညီ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် လုပ်ဆောင်ကြရသည့်အတွက် လုပ်ထုံးလုပ်နည်း ထပ်မံဖော်ဆောင်ရန် လိုအပ်မှုရှိမည် မဟုတ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၇) ဦးသိန်းတန်၊ လှည်းကူး မဲဆန္ဒနယ်က မေးမြန်းသော သမဝါယမဦးစီးဌာန ဝန်ထမ်းများက သမဝါယမဘဏ်(CB ဘဏ်)တွင် ထည့်ဝင်ထားသော အစုရှယ်ယာ ငွေများအပေါ် နှစ်စဉ်အမြတ်ခွဲဝေပေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းပြီးသော သမဝါယမအသင်းများ၏ ငွေစုဘဏ်စာရင်းရှိ စုဆောင်းငွေများကို မည်သို့စီမံ ဆောင်ရွက်ထားကြောင်း သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အစုရှယ်ယာ (၁၁၆၃)စု အတွက် မြို့နယ်အလိုက် အစုရှယ်ယာပေါ်မူတည်ပြီး အမြတ်ငွေ ပြန်လည် ခွဲဝေပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် စုဆောင်းငွေများကို အခြေခံသမဝါယမအသင်း အချင်းချင်း၊ တစ်ဆင့်မြင့် မြို့နယ်သမဝါယမအသင်းစုများနှင့် တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ်များထံသို့ လွှဲပြောင်းရောင်းချခဲ့ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် အမျိုးသား မှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
( ဂ ) အဆို (၂)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
(၁) ဉီးစိန်ဝင်း၊ မအူပင် မဲဆန္ဒနယ်က တင်သွင်းသည့် လယ်ယာသားငါးကဏ္ဍ ထုတ်လုပ်မှု၊ အထွက်နှုန်း၊ အရည်အသွေးမြင့်မား၍ နိုင်ငံခြားသို့ တင်ပို့နိုင်စေရန် သုတေသနနှင့် တိုးချဲ့ထုတ်လုပ်ရေးစနစ်(Research and Extension System) ပိုမိုအားပေး ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးပြီး အဆိုအားလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(၂) ဦးညွန့်ဝင်း၊ ကန်ပက်လက် မဲဆန္ဒနယ် က တင်သွင်းသည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အဖိုးတန်ကျွန်းသစ်နှင့် ဈေးကွက်ဝင်သစ်မာများ ထွက်ရှိရာ ဒေသများ၌ အစိုးရ၏ အစီအစဉ်ဖြင့် သစ်အချောထည်စက်ရုံများ တည်ဆောက်ပေးနိုင်ရေး လိုအပ်သော နည်းပညာနှင့် အရင်းအနှီးများ ပံ့ပိုးပေးမည့် အစီအမံကောင်းများ ချမှတ် ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပမည့်ရက်ကို ၈-၈-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
