ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့(၈.၈.၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)

၁။                ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၉  ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၈၇)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                             (၁)     ဦးကျော်ဌေး၊ လေရှီး မဲဆန္ဒနယ်က မေးမြန်းသော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့တို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်း၊ စိစစ်ထုတ်ပြန်ပေးခြင်းများ ဆောင်ရွက်ရာတွင် အဘယ်ကြောင့် နှောင့်နှေး ကြန့်ကြာနေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မိုးတွင်းကာလများတွင် လုပ်ငန်း ဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာပါသဖြင့် နောင်ဘဏ္ဍာရေးနှစ် တင်ဒါလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်ပြီး ပွင့်လင်းရာသီရောက်ချိန်တွင် လုပ်ငန်းအပ်နှံနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၂)     ဦးနိုင်နိုင်ဝင်း၊ တမူး မဲဆန္ဒနယ်က မေးမြန်းသော Main Arterial Road-22 လမ်းမကြီးမှ တမူး-စစ်သောင်-ရောင်ဟီးလမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် မည်သည့်အချိန်တွင် အပြီးဖောက်လုပ်နိုင်မည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း လျာထားရန်ပုံငွေဖြင့် တစ်ကြောင်း ထိုးလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားတင်ပြ ပြီးဖြစ်၍ ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                             (၃)     ဦးစိုင်းသီဟကျော်၊ မိုင်းရယ် မဲဆန္ဒနယ်က မေးမြန်းသော မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရ၊ ဝန်ကြီးဌာနက မည်ကဲ့သို့ အစီအစဉ်များ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျန်ရှိသောလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၄)     ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က မေးမြန်းသော ကျောင်းကုန်းမြို့နယ်ရှိ ပိန်းဂရက်လေး-ကျောင်းအိုင်-ပိန်းဂရက်ကြီးလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက    ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်းကာလများတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၅)     ဦးဖေသန်း၊ မြေပုံ မဲဆန္ဒနယ်က မေးမြန်းသော  ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေး ရှောင်ဒုက္ခသည်များအား နိုင်ငံတော်မှ မည်သို့ ကူညီစောင့်ရှောက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလောစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းစီမံလျက် ရှိပါကြောင်းနှင့် ပြန်လည် ထူထောင်ရေးကဏ္ဍများကို ဆက်လက် စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                             (၆)     ဦးထွန်းထွန်းနိုင်၊ ကနီ မဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှုများကို ထိရောက်သော အစီအမံများဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ကနီမြို့နယ် ကျေးရွာပြည်သူလူထုက အဆောက်အဦဆောက်လုပ်ရန် မြေနေရာပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ Cyclone Shelter တစ်လုံးကို သဘာဝ ဘေးအန္တရယ်ရန်ပုံငွေမှ ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သဘာဝဘေးအန္တရယ်ကြိုတင်ပြင်ဆင်၊ ကြိုတင်ကာကွယ်၊ အရေးပေါ်တုံ့ပြန်မှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိပါကြောင်း  ပြန်လည် ဖြေကြားခဲ့သည်။

                             (၇)     ဒေါ်ဇင်မာအောင်၊ ရန်ကင်း မဲဆန္ဒနယ်က မေးမြန်းသော အများပြည်သူနှင့် သက်ဆိုင် သောနေရာများတွင် မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနေထိုင်နိုင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် မသန်စွမ်းသူများကို ဦးစားပေး၍ ရှာဖွေကယ်ဆယ် ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာအမျိုးသား ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆက်စပ်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများတွင် မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စုများ ကျန်ရှိမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          ( ခ )   အဆို (၁)ခုတင်သွင်းခြင်း

မကူးစက်နိုင်သော ရောဂါများ ကာကွယ်တားဆီးသွားရန်အတွက် ဝန်ကြီးဌာနပေါင်းစုံ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည်မဲဆန္ဒနယ်က တင်သွင်းပြီး  ဦးအေးဝင်း၊ အင်္ဂပူ မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၉-၈-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

( ဂ )             ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း 

                                      ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်း သည့် မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြု ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၁၉၁ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပမည့်ရက်ကို ၁၄-၈-၂၀၁၉ ရက်    (ဗုဒ္ဓဟူးနေ့)  နံနက် ၁၀ နာရီ တွင် လျာထားပါသည်။